ရခိုင်မြောက်ပိုင်းပဋိပက္ခမှာ ဒုက္ခသည်တွေထွက်ပြေးရတဲ့အခြေအနေတွေကို မြန်မာအစိုးရအနေနဲ့ အသေအချာစုံစမ်းစစ်ဆေးမှုတွေလုပ်နိုင်ဖို့ အကူအညီပေးရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီဖက်က သုံးသပ်စဉ်းစားဖို့ရှိတယ်လို့ ဗြိတိန်သံအမတ်က ပြောပါတယ်။ ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း နေရပ်ပြန်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေကို အရှိန်မြှင့်လုပ်ဖို့နဲ့၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို အသေအချာဆောင်ရွက်ဖို့ မြန်မာနိုင်ငံရောက်နေတဲ့ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းသွားတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက ပြောပြပါမယ်။
မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဟာ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်ကို သွားခဲ့ပြီး၊ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ စိတ်ချလက်ချ ပြန်နိုင်ကြဖို့အတွက် အာဏာပိုင်တွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ တီးခေါက် မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရ်ှနဲမြန်မာအကြား သဘောတူညီချက်ရခဲ့ပြီး၊ ဒါကို လက်တွေ့မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရာမှာ ကုလသမဂ္ဂရဲ့ အကူအညီကို လက်ခံ ဆောင်ရွက်ဖို့လိုတယ်လို့ UNSC ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကူဝိတ်သံအမတ်ကြီးက မေလ ၁ ရက် ညနေပိုင်း နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“ မြန်မာအစိုးရအနေနဲ့ ဒီသဘောတူညီချက်ပါအချက်တွေကို အကောင်အထည်ဖော်ဖို့ အတော်ဆောင်ရွက်နေပြီဆိုတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဆောင်ရွက်စရာတွေ အတော်များများတော့ ကျန်ပါသေးတယ်။ ဒုက္ခသည်တွေ သူတို့နေရပ် ပြန်တာကို ကျနော်တို့မြင်တွေ့လိုပါတယ် ။ ဒီအတွက် ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ကျနော်တို့နဲ့တွေ့ခဲ့တဲ့ မြန်မာတာဝန်ရှိသူတွေကတော့ အာမခံ ပြောပါတယ်။ ဒါပေမယ့် ကန့်သတ်ချက်တွေကို ဒုက္ခသည်တွေဖက်က လက်မခံနိုင်ဘူးဖြစ်နေတယ်လို့သိရပါတယ်။ ဒီကိစ္စမှာ UNHCR နဲ့ UNDP လို ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဝင်ပါသင့်တယ်လို့ ကျနော်ထင်တယ်။ အခုတော့ မြန်မာအစိုးရနဲ့ အဲဒီ ကုလအဖွဲ့အစည်းတွေအကြား ဒိကိစ္စဆောင်ရွက်ရေး အပြန်အလှန်သဘောတူညီချက် လက်မှတ်ထိုးကြတော့မှာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ရရေးကို ခပ်သွက်သွက်လုပ်ဆောင်ကြတာ ကျနော်တို့ မြင်လိုပါတယ်။”
ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ရခိုင်ဒေသကို အကန့်အသတ်မရှိ ပေးဝင်ခြင်းအားဖြင့်လည်း ရခိုင်ပြဿနာတွေ ဖြေရှင်းရေးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့လည်း လုံခြုံရေးကောင်စီ သံတမန်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြနိုင်ရေး မြန်မြန်ဆောင်ရွက်ဖို့ တိုက်အားပေးတဲ့ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အသေအချာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ကိုလည်း လုံခြုံရေးကောင်စီ သံတမန်အဖွဲ့က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ ဒီအတွက်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ သုံးသပ်မှာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။
“ဘယ်သူတာဝန်ရှိလဲဆိုတာကို အရင်ဆုံး ခိုင်မာတဲ့အထောက်အထားတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။ ဒီအတွက်က နည်းလမ်းနှစ်ခုရှိပါတယ်။ တခုကတော့ ICC နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးကနေ ကိုင်တွယ်စုံစမ်းဖို့ပါ။ ဒုတိယတခုကတော့ မြန်မာအစိုးရကိုယ်တိုင် ဆောင်ရွက်ဖို့ပါ။ အဲဒါကို တပ်ချုပ်ရော ဒေါ်စုနဲ့ပါ တွေ့စဉ်မှာ ပြောပြနိုင်ခဲ့ပါတယ်။ ဒေါ်စုကတော့ အထောက်အထားအခိုင်အမာရှိရင် မြန်မာအစိုးရကိုပြောပါ၊ ဒါဆိုရင် သူတို့အနေနဲ့ အသေအချာ စုံစမ်းစစ်ဆေးတာတွေ လုပ်ပါ့မယ်လို့ လိုလိုလားလား တုန့်ပြန်ပါတယ်။ အချို့ အရေးယူခဲ့တာတွေရှိတယ်ဆိုတာကိုလည်း ကျမတို့ သိပါတယ်။ ဒါကို ဒီထက် ပိုပြီး ထိထိရောက်ရောက် တိုးမြင့် ဆောင်ရွက်သွားဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းချက်တွေကို ကုလလုံခြုံရေးကောင်စီအနေနဲ့လည်း ဘယ်လို အကူအညီပြန်ပြီး ပေးနိုင်မလဲဆိုတာ သုံးသပ်မှာပါ။ ဒါဟာ နောက် အဆင့်ပါ။ ဒါပေမယ့် စုံစမ်းစစ်ဆေမှုတွေ ဘယ်လို လုပ်မလဲဆိုတာတော့ မသေချာသေးပါဘူး။”
လုံခြုံရေးကောင်စီအနေနဲ့ ရခိုင်မြောက်ပိုင်းပြဿနာတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရကို အကူအညီပေးနိုင်ဖို့ အခုလို လာရောက် တွေ့ဆုံလေ့လာမှုတွေလုပ်တာဖြစ်တယ်လို့လည်း ဗြိတိန်သံအမတ်ကြီးက အလေးထား ထောက်ပြပြောခဲ့ပါတယ်။
ခရီးစဉ်အတွက် မြန်မာအစိုးရဖက်က ပူးပေါင်းဆောင်ရွက်ပြီး စီစဉ်ပေးခဲ့တာတွေကို ကျေးဇူးတင်တယ်လို့ UNSC သံတမန်အဖွဲ့တွေက ပြောပါတယ်။ လုံခြုံရေးကောင်စီရဲ့ အမြင်တွေကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တိုနဲ့ ပွင့်ပွင့်လင်းလင်း ပြောဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပေါ်မှာ အစိုးရဖက်က အမြင်တွေကို သိခဲ့ရတာကြောင့် ဒီအချက်အလက်တွေဟာ လာမယ့် လုံခြုံရေးကောင်စီ ပြန်လည်စည်းဝေးသုံးသပ်တဲ့အခါ အရေးပါမယ်လို့ ပီရူးနိုင်ငံသံအမတ်ကြီးက ပြောခဲ့ပါတယ်။
“ ဒါပြီးရင်တော့ ဒီပြဿနာကို ဘယ်လို အကောင်းဆုံးကိုင်တွယ်မလဲဆိုတာကို လုံခြုံရေးကောင်စီအနေနဲ့ ပြန်လည်သုံးသပ်မှာဖြစ်တယ်။ ဒုက္ခသည်တွေပြန်လာဖို့ လုံခြုံရေးအစီအမံတွေ တိုးတက်အောင် ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ပြောခဲ့ပါတယ်။ နိုင်ငံတကာ အထူးသဖြင့် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်။ ဒုက္ခသည်တွေ ဘင်္ဂလားဒေရ်ှနိုင်ငံဖက်ကို မထွက်ကြခင် ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးသွားဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ထောက်ပြခဲ့ပါတယ်။”
လုံခြုံရေးကောင်စီ သံတမန်အဖွဲ့ရဲ့ ဒီကနေ့ ရခိုင်ခရီးစဉ်မှာတော့ စစ်တွေမှာ ရခိုင်အစိုးရနဲ့တွေ့ခဲ့သလို ဒုက္ခသည်တွေပြန်လာဖို့အတွက်ပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုပါ သွားရောက်လေ့လာခဲ့ကြပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ ပြန်လာမယ့်အခြေအနေအပေါ် ရခိုင်ဒေသခံတွေရဲ့အမြင်တွေကိုလည်း သူတို့ မေးမြန်းသိခွင့်ရတယ်လို့ဆိုပါတယ်။ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့ဟာ မြန်မာပြည်မရောက်ခင်မှာတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသွားပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
Your browser doesn’t support HTML5