မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ပံ့ပိုးပေးတဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကချင်ပြည်နယ်ကို ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့ပါတယ်။ နှစ်ရက်ကြာတဲ့ ဒီခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွေကိုသွားရောက်ခဲ့သလို ကချင်ဒေသတွင်းက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သံအမတ်ကြီး Scot Marciel ရဲ့ မြစ်ကြီးနားခရီးစဉ်အကြောင်း ကိုစည်သူက ပြောပြပေးမှာပါ။
တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ ကချင်ဒေသမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အားပေး ကူညီတဲ့အနေနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်က စစ်ဘေးရှောင် စခန်းတွေဆီကို သွားခဲ့တာလို့အမေရိကန် သံရုံးရဲ့ လက်ထောက် ပြည်သူ့ရေးရာ အရာရှိ Aryani Manring က အခုလို ပြောပါတယ်။
"သံအမတ်ကြီး Marciel ဟာ ကချင်ပြည်နယ် ဒုတိယအကြိမ်မြောက် သွားခဲ့တာပါ။ သံအမတ်ကြီးဟာ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက် အထိ မြစ်ကြီးနားမြို့ကို သွားတာပါ။ ကချင်ဒေသနဲ့ ကာလရှည်ကြာ ရှိနေခဲ့တဲ့ ဆက်ဆံရေးကိုရော ငြိမ်းချမ်းရေးအတွက်ပါ အမေရိကန်ပြည်ထောင်စုက အားပေး ထောက်ခံတာကို ပြသတဲ့အနေနဲ့အဲဒီမှာရှိနေတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကော၊ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်သူတွေနဲ့ပါ အတော်လေး စုံစုံလင်လင် တွေ့ဆုံခဲ့ပါတယ်။ ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာနဲ့ အကူအညီ မရရှိနိုင်တဲ့ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးဖို့ အခက်အခဲ ရှိနေတဲ့ အကြောင်းတွေကို ကြားသိခဲ့ရပါတယ်။"
သံအမတ်ကြီးရဲ့ အခုခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမေရိကန်က ကူညီပေးနေတာရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ Aryani Manring က ဆက်ပြောပါတယ်။
"မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက် အာရုံစိုက် လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံသားတိုင်းအတွက် ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ စိတ်အားထက်သန်စွာ ကူညီ ပံ့ပိုးပေးလိုပါတယ်။"
အမေရိကန်သံအမတ်ကြီး Scot Marciel ရဲ့ မြစ်ကြီးနားခရီးစဉ် ပထမနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကချင်ဒေသတွင်းက ငြိမ်းချမ်းရေး ဆောင်ရွက်နေသူတွေ အပြင် လူမှုရေး လုပ်ငန်းတွေကို လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။ ကချင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သံအမတ်ကြီးနဲ့ ဆွေးနွေးခွင့် ရခဲ့တယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ ဗဟိုရဲ့ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဒွဲဘူက ပြောပါတယ်။
"တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ ဖြစ်နေတဲ့ မလုံခြုံမှုတွေရော မြို့ပေါ်မှာဖြစ်နေတဲ့ မလုံခြုံမှုတွေရော ပေါ့နော် ကျွန်မတို့ရဲ့ ကချင်ပြည်နယ်ရဲ့ အခြေအနေပေါ့ ။ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အခြေအနေ၊ ကျွန်မတို့ ပြည်သူတွေရဲ့ အခြေအနေ၊ ကျွန်မတို့ရဲ့ အမြင်တွေကို သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ သူ့ဖက်ကလည်း ပြန်ပြီး သုံးသပ် ဆွေးနွေးတာလေးတွေ ရှိတယ်ပေါ့နော်။ ဘယ်လို ဆက်လုပ်သင့်တယ် ဆိုတာလေးတွေ အကြံပြုတာလေးတွေ ရှိပါတယ်ရှင့်"
သံအမတ်ကြီးနဲ့တွေ့ဆုံစဉ်မှာ မြေယာ သယံဇာတ သဘာဝပတ်ဝန်းကျင် ကိစ္စတွေအပြင် အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ကို တိုက်တွန်းစေချင်တဲ့ အချက်တွေကိုလည်း ပြောပြခွင့် ရခဲ့တယ်လို့ ဒေါ်ဒွဲဘူကပြောပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ကချင်ဒေသတွင်း အဖြစ်အပျက်တွေနဲ့ ပတ်သတ်လို့ သံအမတ်ကြီး ပြောပြတဲ့ အကြံပြုချက်တွေကို ဒေါ်ဒွဲဘူက အခုလို ပြန်ပြောပြပါတယ်။
"သူ့အကြံပြုချက်ကတော့ ဒီလိုမျိုး မငြိမ်းချမ်းတဲ့ ဖြစ်စဉ်တွေပေါ့နော်၊ ကျွန်မတို့ရဲ့ ဆောင်ရွက်ရမယ့် အချက်တွေ၊ ဆုံးဖြတ်ရမယ့် ကိစ္စရပ်တွေကတော့ ကျွန်မတို့ထဲမှာပဲ ရှိတယ်။ ကျွန်မတို့ အချင်းချင်းပဲ ဒါကို ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမှာ ဖြစ်တယ်။ သူတို့ကတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမြဲတမ်း သူတို့ကတော့ ကူညီပေးနေမယ်။ လိုအပ်တဲ့ နေရာတိုင်းမှာ ကူညီပေးနေမယ်။ ဘယ်တော့မှ ကျွန်မတို့ကို မချန်ထားဘူး ပေါ့နော်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်ပေါ့။ ကျွန်မတို့ရဲ့ ကချင်ပြည်နယ်ရဲ့ အခြေအနေကိုလေ။ ပစ်မထားပါဘူးဆိုတဲ့ အကြောင်းတွေလည်း ပြောတဲ့အခါ ကျွန်မတို့လည်း အင်မတန် အားရပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ကျွန်မတို့က တိုက်ပွဲတွေက တော်တော် ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေလည်း လုပ်နေတယ်။ လူတွေလည်း တော်တော် ဒုက္ခ ရောက်နေတယ်ပေါ့နော်။"
သံအမတ်ကြီးဟာ ခရီးစဉ်ရဲ့ ဒုတိယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဝိုင်းမော်ဒေသက စစ်ဘေးရှောင် ဒုက္ခသည်စခန်း တချို့ကို သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။
သံအမတ်ကြီး Scot Marciel ဟာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ နှောင်းပိုင်းမှာ ကချင်ပြည်နယ်ကို ပထမ ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ ခေါင်းဆောင်တွေအပြင် ငြိမ်းချမ်းရေး ဆောင်ရွက်နေသူ တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
Your browser doesn’t support HTML5