“ပြည်နယ်ရွေးကောက်ပွဲရလဒ် ပြောင်းရန်မရှိ” မီရှီဂန် ရီပတ်ဘလီကန်ခေါင်းဆောင်များ

မီရှီဂန်ပြည်နယ်မှာ ရွေးကောက်ပွဲရလဒ်ကို ဆန္ဒပြနေတဲ့ သမ္မတ Trump ထောက်ခံသူများ။ (နိုဝင်ဘာ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

မီရှီဂန်ပြည်နယ်မှာ သမ္မတရွေးကောက်ပွဲရလဒ် ပြောင်းသွားစေမယ့် ဘယ်လိုအချက်အလက်မျိုးမှ သူတို့မှာမရှိဘူးလို့ ပြည်နယ်လွှတ်တော် ခေါင်းဆောင်တွေက ပြောပါတယ်။

သမ္မတ Donald Trump နဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံပြီးတဲ့နောက် အဲဒီလိုပြောတာ ဖြစ်ပါတယ်။ မီရှီဂန်ပြည်နယ်ရဲ့ ကနဦးမဲရေတွက်မှုမှာ ဒုသမ္မတဟောင်း Joe Biden အနိုင်ရတယ်ဆိုတာ တွေ့ထားရတာပါ။

SEE ALSO: ဂျော်ဂျီယာပြည်နယ် မဲပြန်ရေတွက်မှု Joe Biden ပဲ အနိုင်ရ

မီရှီဂန်ပြည်နယ် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mike Shirkey နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Lee Chatfield တို့က "ကျနော်တို့ဟာ လွှတ်တော်ခေါင်းဆောင်တွေ ဖြစ်တာနဲ့အမျှ ဥပဒေအတိုင်း လုပ်ဆောင်ပါမယ်၊ မီရှီဂန်ပြည်နယ်က ကိုယ်စားလှယ်မဲ အရေအတွက်နဲ့ ပတ်သက်ပြီး ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပါမယ်" လို့ သောကြာနေ့ညနေပိုင်း ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ရီပတ်ဘလီကန်အမတ်တွေ ဖြစ်ကြပါတယ်။

"မီရှီဂန်ရွေးကောက်ပွဲရလဒ်ကို ပြောင်းသွားစေမယ့် အချက်အလက်တခုခု ရှိတယ်ဆိုတာမျိုး သိမထားသေးဘူး" လို့လည်း ပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ Mr. Biden အနိုင်ရတယ်ဆိုတာကို သမ္မတ Trump က လက်မခံသေးဘဲ မဲမသမာမှုဆိုင်ရာ မခိုင်မာတဲ့ စွဲချက်တွေအပေါ် အခြေခံပြီး တရားစွဲဆိုတာတွေ ဆက်လုပ်နေချိန်မှာပဲ မီရှီဂန်ပြည်နယ်လွှတ်တော် ခေါင်းဆောင်တွေနဲ့ သမ္မတ Trump တို့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတာပါ။

Your browser doesn’t support HTML5

“ပြည်နယ်ရွေးကောက်ပွဲရလဒ် ပြောင်းရန်မရှိ” မီရှီဂန် ရီပတ်ဘလီကန်ခေါင်းဆောင်များ

--------------------

(Unicode)




SEE ALSO: Joe Biden နဲ့ Kamala Harris တို့ကို တရုတ်နိုင်ငံ ဂုဏ်ပြုချီးကျူး


