သောကြာနေ့မှာ မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်တာကို တိုက်ရိုက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်ဘက်တွေက တောင်ကိုရီးယားရေပိုင်နက်ထဲကို ဒုံးကျည်တွေ ပစ်လွှတ်ကြပါတယ်။
ဒုံးကျည်အစစ်တွေနဲ့ ပစ်လွှတ်စမ်းသပ်တဲ့လေ့ကျင့်ခန်းဟာ အမေရိကန်ကြည်းတပ်ရဲ့ ဗျူဟာမြောက် ဒုံးကျည်စနစ် ATACMS နဲ့ တောင်ကိုရီးယားရဲ့ Hyunmoo II ဒုံးကျည်တို့ကို ပေါင်းစပ်ပြီး လက်တွေ့အသုံးချကြည့်တာဖြစ်တယ်လို့ အမေရိကန် အမှတ် ၈ ကြည်းတပ်ရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ ဒီဒုံးကျည်စနစ်တွေကို အလျင်အမြန် နေရာချထားနိုင်ပြီးတော့ ဘယ်လို ရာသီဥတုအခြေအနေအောက်မှာမဆို ပစ်မှတ်ကို အတိအကျထိအောင် ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ အမေရိကန်စစ်ဘက်က ပြော ပါတယ်။ အဲဒီ ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာကို တောင်ကိုရီးယား စံတော်ချိန် စနေနေ့မနက် ၆ နာရီခွဲလောက်က လုပ်ခဲ့တာလို့ အမေရိကန်ကာကွယ်ရေးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
မြောက်ကိုရီးယားက သောကြာနေ့မှာ စမ်းသပ်ပစ်လွှတ်တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဟာ သီတင်းပတ်အနည်းငယ်အတွင်း ဒုတိယအကြိမ် စမ်းသပ်ပစ်လွှတ်တာပါ။ အခုပစ်လွှတ်တဲ့ဒုံးကျည်ဟာ ဇူလိုင်လ ၄ ရက်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ထက် ပိုပြီးမြင့်မြင့်သွားနိုင်သလို ပိုပြီးတော့လဲ ဝေးဝေးရောက်ပါတယ်။
ဒုံးကျည်ဟာ ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုံထဲကို ကျသွားတယ်လို့ ဂျပန်ကပြောပါတယ်။ ဒါဟာ ဂျပန်နိုင်ငံလုံခြုံရေးကို တကယ့် စိုးရိမ်ဖွယ် ခြိမ်းခြောက်မှုအစစ်အမှန်ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အဘဲ့ကပြောပါတယ်။ မြောက်ကိုရီးယားကို ပြစ်ဒဏ်ခတ် တုန့်ပြန်မယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in ကလဲ ဒီကနေ့ အခိုင်အမာပြောပါတယ်။
Your browser doesn’t support HTML5