အမေရိကန် တရားရုံးချုပ် တရားသူကြီးသစ်ခန့်အပ်ရေး ပထမနေ့ လွှတ်တော် ကြားနာပွဲ

လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီး နေရာမှာ ခန့်အပ်ဖို့ သမ္မတဒေါ်နယ်ထရမ့် အမည်စာရင်း တင်သွင်းထားတဲ့ Amy Coney Barrett

(Zawgyi/Unicode)

လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီး နေရာမှာ ခန့်အပ်ဖို့ သမ္မတဒေါ်နယ်ထရမ့် အမည်စာရင်း တင်သွင်းထားတဲ့ Amy Coney Barrett ကို အတည်ပြုနိုင်ရေးအတွက် တနင်္လာနေ့က ဝါရှင်တန်မှာ စတင်တဲ့ လေးရက်ကြာပြုလုပ်မယ့် ကြားနာပွဲမှာ Barrett က တရားရုံးတွေ အနေနဲ့ မူဝါဒချမှတ်ဖို့ မကြိုးစားသင့်ကြောင်းနဲ့ ဒါဟာ အမေရိကန် သမ္မတနဲ့ လွှတ်တော်က လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ကြောင်း အထက်လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရားရုံးချုပ်ဟာ ပြည်သူတွေရဲ့ လူနေမှုဘဝဆိုင်ရာ အမှားအယွင်းတိုင်းကို ပြင်ဖို့မဟုတ်သလို ပြဿနာရပ်တိုင်းကိုလည်း ဖြေရှင်းဖို့ အတွက် ထားတာ မဟုတ်ကြောင်း ပြောကြားရင်း တရားရုံးချုပ် ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ပြတ်သားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ချပြခဲ့ပါတယ်။

ကြားနာပွဲ စတင်ချိန်မှာပဲ ပါတီကြီး ၂ ရပ်ကြား မူဝါဒပိုင်းဆိုင်ရာ အငြင်းပွါးနေတဲ့ ပြဿနာတခုဖြစ်တဲ့ Affordable Care Act (ACA) ခေါ် အများတတ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဥပဒေ အတည်ပြုရေး နဲ့ပတ်သက်ပြီး အထက်လွှတ်တော် တရားရေးကော်မတီက ဦးဆောင် ဒီမိုကရက်တဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ် Dianne Feinstein က မေးခွန်းထုတ် ခဲ့တာပါ။ အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် သက်ရောက်မှုရှိတဲ့ ဒီဥပဒေကို အတည်ပြုပေးရေး ဆိုင်းငံ့ထားဖို့ ၂၀၁၂ တုန်းက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်း အထက်လွှတ်တော်အမတ်က ရှုမြင်ပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး တရားရုံးချုပ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ကျရင် အခြေအတင် ပြောကြားဖို့ ရှိပြီး ဒီအချိန်မှာ တရားရုံးချုပ်တရားသူကြီး ၉ ဦးထဲမှာ Barrett လည်း ပါနေနိုင်တာကြောင့် ဒီဥပဒေ အတည်ပြုရေး မပြုရေးဟာ သူမအပေါ်မှာလည်း မူတည် လာနိုင်တာ ဖြစ်ပါတယ်။

လက်ရှိမှာ တရားသူကြီး ၈ ဦးပဲ ရှိနေတဲ့ တရားရုံးချုပ် အတွက် သူမကို ခန့်ရေး မခန့်ရေးဟာ သိပ်ကို အရေးပါနေတာပါ။ ရီပတ်ဘလစ်ကင်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်က နိုဝင်ဘာ ၃ ရက် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ သူမကို ခန့်အပ်ရေး အတည်ပြုနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဒီလိုခန့်အပ်နိုင်ရင် တရားရုံးချုပ်မှာ လစ်ဘရယ်တရားသူကြီးထက် ကွန်ဆာဗေးတစ် တရားသူကြီးအရေ အတွက်က ၆ ယောက် ၃ ယောက်နဲ့ သာသွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ သမ္မတထရမ့်နဲ့ ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီက ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင် ကတော့ ရွေးကောက်ပွဲ အပြီး တက်လာတဲ့ သမ္မတကသာ လစ်လပ်နေတဲ့ တရားရုံးချုပ်တရားသူကြီးနေရာ အတွက် အသစ်ခန့်အပ်ဖို့ လုပ်ဆောင်စေချင်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန် တရားရုံးချုပ် တရားသူကြီးသစ်ခန့်အပ်ရေး ပထမနေ့ လွှတ်တော် ကြားနာပွဲ


..............


(Unicode)





