အီရန်နဲ့ပဋိပက္ခအရှိန်မြင့်မလာစေဖို့ အစ္စရေးကို ကန်သတိပေးတိုက်တွန်း 

US Iraq

အရှေ့အလယ်ပိုင်းပဋိပက္ခတွေ အရှိန်မြင့်မလာအောင် ရှောင်ရှားဖို့ အမေရိကန်နိုင်ငံက အစ္စရေးလ်ကို တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အီရန်နိုင်ငံက ဒရုန်းနဲ့ မစ်ဇိုင်းဒုံးကျည်အလုံး ၃၀၀ ကျော်နဲ့တိုက်ခိုက်ခဲ့တာကိုတုံ့ပြန်ဖို့ အစ္စရေးလ်က စဥ်းစားနေချိန်မှာပဲ အမေရိကန်က ခုလိုတိုက်တွန်းပြောဆိုလိုက်တာပါ။

အခြေအနေတွေတင်းမာလာအောင် လုပ်မှာမဟုတ်ပေမယ့် အစ္စရေးလ်ရဲ့ ကာကွယ်ရေးအတွက် အမေရိကန်ဆက်လက်အားပေးထောက်ခံမှာဖြစ်သလို ဒေသတွင်းက အမေရိကန်တွေလူပုဂ္ဂိုလ်တွေကို ကာကွယ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အီရတ် ဒုဝန်ကြီးချုပ် Mohammed Ali Tamim နဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း စစ်ကာလအစိုးရအဖွဲ့ကို ၂၄ နာရီအတွင်း ဒုတိယအကြိမ်အဖြစ် တနင်္လာနေ့က ဆင့်ခေါ် ခဲ့တယ်လို့ နီးစပ်တဲ့အစိုးရသတင်းရင်းမြစ်တခုကပြောပါတယ်။

အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးလ်နဲ့ အီရန်တို့ကြား စစ်ပွဲတွေပေါ်ပေါက်လာပြီး အရှေ့အလယ်ပိုင်းထိပျံ့နှံ့သွားမှာကို စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အီရန်နိုင်ငံကို တန်ပြန်တိုက်ခိုက်မယ့် ဘယ်လိုစစ်ပွဲမျိုးမှာမဆို အမေရိကန်ကပါဝင်မှာမဟုတ်ဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyahu ကို ပြောဆိုထားပါတယ်။

အစ္စရေးလ်နဲ့ဟာမတ်စ်တို့ကြား အောက်တိုဘာ ၇ ရက်နေ့မှာစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အီရန်ရဲ့မဟာမိတ် လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်နဲ့ အီရတ်နိုင်ငံတွေထိပါ ပဋိပက္ခတွေ ပျံ့နှံ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အီရန်နဲ့ပဋိပက္ခအရှိန်မမြင့်လာစေဖို့ အစ္စရေးကို ကန်သတိပေးတိုက်တွန်း