Your browser doesn’t support HTML5
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
မြန်မာနိုင်ငံကို ဂျိမ်းဖောကချင်တွေက ဘယ်လိုမြင်ကြသလဲ။ ဘယ်လောက်သံယောဇဉ် ရှိသလဲဆိုတာကို သိရအောင် ဂျိမ်းဖောကချင်အမျိုးသမီး ‘ဂျာငိုင်ဂျပ် (Jagai Jap)’ က ကွင်းဆင်းသုတေသနလုပ်ပြီး ရေးထားတဲ့စာတမ်းကို Oxford Tea Circle အဖွဲ့က လွန်ခဲ့တဲ့နှစ် ဇူလိုင်လ (၂) ရက်နေ့က ထုတ်ဝေလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ်မှာ Ph.D ဒေါက်တာဘွဲ့ရဖို့ ဂျာငိုင်ဂျပ်က ကြိုးပမ်းနေပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ ကြား ကချင်ပြည်နယ်မှာ ကွင်းဆင်းသုတေသန လုပ်ထားတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီးရေးထားတဲ့ သုတေသနစာတမ်း ဖြစ်ပါတယ်။
တဦးချင်းတွေ့ဆုံမေးမြန်းလို့ သိရတဲ့သဘောထားနဲ့ စစ်တမ်းကောက်ယူလို့ သိရတဲ့ သဘောထားကွာခြားနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဘာသာရေးခေါင်းဆောင်၊ ခရစ်ယာန်လူငယ်၊ ကချင်ရေးရာ လှုပ်ရှားသူတွေကို တဦးချင်းတွေ့ဆုံမေးမြန်းတဲ့အခါမှာ မြန်မာနိုင်ငံအပေါ် သံယောဇဉ် သိပ်မရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ KIA ကချင်တပ်နဲ့ တပ်မတော် တိုက်ပွဲဖြစ်ပွားနေချိန်မို့ ကချင်အမျိုးသား စိတ်ဓါတ်ပြင်းထန်နေတာ ပြသတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်တမ်း (Survey) ကောက်ယူလို့ ရရှိထားတဲ့ အချက်အလက်တွေမှာတော့ မြန်မာနိုင်ငံပေါ်မှာ သံယောဇဉ် ပိုပြီးရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။
စစ်တမ်းကောက်ယူတဲ့ နည်းပေါ်မှာလိုက်ပြီး သဘောထားပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။ ကချင်လူဦးရေ ထူထပ်တဲ့ မြို့နယ် (၁၉) နယ်ကို စစ်တမ်းကောက်သူ သုံးရာနီးပါး စေလွှတ်ပြီးတော့ ဒေသခံတွေကို မျက်နှာချင်းဆိုင် တွေ့ဆုံတဲ့နည်း ဖြစ်ပါတယ်။ ဂျင်းဖောစကားတတ်သူတွေကို ဂျင်းဖောစကားနဲ့ မေးမြန်းပြီး၊ မတတ်သူတွေကိုတော့ မြန်မာလို စီစစ်မေးမြန်းပါတယ်။ မြန်မာနိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူသလား။ မှားမှားမှန်မှန် ဒို့နိုင်ငံလို့ ယုံကြည်သလား စတဲ့ မေးခွန်းတွေကို မေးပါတယ်။ တိုင်းပြည်အပေါ် သံယောဇဉ်အရှိဆုံးအဆင့်ကို (၃) မှတ် ပေးထားပါတယ်။ ဖြေဆိုသူ ကချင်အားလုံးဟာ ပျမ်းမျှအမှတ် (၂) သို့မဟုတ် (၂) မှတ်နီးပါး ရကြတာမို့ မြန်မာနိုင်ငံကို သံယောဇဉ် အတော်ကြီးမားသလို ဖြစ်နေပါတယ်။ အာဏာရှင် အုပ်ချုပ်မှု အစဉ်အလာကြီးမားပြီး ဒီမိုကရေစီ အသွင်ပြောင်းမှု မပီပြင်သေးလို့ အရေးယူခံရမှာ စိုးရိမ်ရပြီး ဆန့်ကျင်ဘက်သဘောထားကို မထုတ်ဖော်တာလည်း ဖြစ်နိုင်ပါတယ်။
မေးခွန်းကို ဆန့်ကျင်ပြီး မဖြေဘဲ၊ အခြားအကြောင်းရင်းက အာဏာရှင်အုပ်ချုပ်တဲ့ဓလေ့ မဟုတ်ဘဲ အားနာတတ်တဲ့ ဓလေ့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မေးခွန်းနဲ့ ဆန့်ကျင်ဘက် သဘောထားကို ပြောရမှာ အားနာလို အလိုက်အထိုက် ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ မြန်မာနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူပါသလားဆိုတဲ့ မေးခွန်းကို ဖြေဆိုရာမှာ စိတ်မပါပေမယ့် အားနာပြီး ဂုဏ်ယူပါတယ်လို့ ဖြေကြားတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို သံယောဇဉ်ရှိပြီး မြန်မာနိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူတဲ့နေရာမှာ ကချင့်သဘောထားဟာ ထင်တာထက်ပိုပြီး အားကောင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကချင်တွေရဲ့ ယေဘုယျသဘောထားမှာတော့ မြန်မာနိုင်ငံတော်ကို သံယောဇဉ်ရှိကြောင်း မပြသကြတာ များပါတယ်။ လူမှုကွန်ရက်တွေမှာလည်း မကျေနပ်ချက်တွေကို ဖော်ပြကြပါတယ်။ တချို့ဆိုရင် သူတို့အချင်းချင်း မျက်မှောက်ရေးရာ ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ မြန်မာအစိုးရကို ဝေဖန်ကြပါတယ်။ တဦးဝေဖန်တာကို တဦးက ထောက်ခံတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အုပ်စုနဲ့မဟုတ်ဘဲ တဦးချင်းကို တွေ့ဆုံမေးမြန်းရင်တော့ အဲဒီလောက် ပြင်းထန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်အပေါ်မှာရှိတဲ့ ကချင်တွေရဲ့ သံယောဇဉ်ဟာ ထင်တာထက်ပိုပြီး မြင့်မားနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ ကချင်ပြည်နယ်မှာ ဂျင်းဖော၊ လာချစ်၊ လာဗို (မရူး)၊ လီစူး၊ ရဝမ်၊ ဇိုင်းဝ (အဇီ) စတဲ့ မျိုးနွယ်စု (၆) စု ရှိတာကိုလည်း ထည့်တွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဂျင်းဖောက အများစု ဖြစ်ပေမယ့် အခြားလူမျိုးစုတွေကလည်း နိုင်ငံရေးတက်ကြွတာမို့ သီးခြားသဘောထားကို ထုတ်ဖောကြပါတယ်။
ဒါကြောင့်မို့ ကချင်မျိုးနွယ်စု (၆) စုမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားအမျိုးမျိုး ရှိနိုင်ပါတယ်။ စစ်တမ်းကောက်ယူဖို့ မေးမြန်းခံရသူတွေထဲမှာ မြန်မာနိုင်ငံကို သံယောဇဉ်ကြီးတဲ့ ကချင်မျိုးနွယ်စုက များနေတာလည်း ဖြစ်နိုင်ပါတယ်။ သဘောထားကွဲလွဲတာကို သိမြင်နိုင်အောင် မေးမြန်းခံရသူ သုံးရာကို ဂျင်းဖောစကားပြောသူနဲ့ မပြောသူဆိုပြီး အုပ်စုနှစ်စု ခွဲလိုက်ပါတယ်။ အဲဒီအခါမှာ မြန်မာနိုင်ငံသား ဖြစ်ရတာကို ဂျင်းဖောစကားမပြောတဲ့ ကချင်တွေက ဂျင်းဖောစကားပြောတဲ့ ကချင်တွေထက်ပိုပြီး ဂုဏ်ယူတာကို တွေ့ရပါတယ်။ လာချစ်၊ လာဗို၊ လီစူးနဲ့ ရဝမ်မျိုးနွယ်များတဲ့ ပူတာအို၊ ချီဖွေ နဲ့ မိုးကုတ်ဒေသ ကချင်မျိုးနွယ်စုတွေဟာ မြန်မာပြည်သား ဖြစ်ရတာမို့ ဂျင်းဖောကချင်ထက်ပိုပြီး ဂုဏ်ယူကြပါတယ်။
မြန်မာပြည်သား ဖြစ်ရတာကို ဂုဏ်ယူနေတဲ့ ဒေသခံလူမျိုးစုတွေဟာ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်း ပိုများတာကို တွေ့ရပါတယ်။ KIA နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ မျိုးနွယ်စုတွေကို ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရတာ ပိုပြီးလွယ်ကူပုံ ရပါတယ်။ ဥပမာ ခေါင်လန်ဖူးက ရဝမ်ပြည်သူ့စစ်ဟာ ၂၀၁၁ မှာ အပစ်ရပ်အဆုံးသတ်တဲ့အခါ တပ်မတော်နဲ့ လက်တွဲပြီး KIA ကို တိုက်ခိုက်လာပါတယ်။ ဒါပေမဲ့ စစ်ကောင်စီခေတ်မှာ KIA ကို ထောက်ခံသူများလာတဲ့အတွက် ကချင်မျိုးနွယ်စုတွေမှာလည်း သဘောထား ပြောင်းလဲလာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
=== Unicode ==