ကရင်တော်လှန်ရေး ဘယ်လဲ

KNU leaders (NCA-S EAO)

Your browser doesn’t support HTML5

ကရင်တော်လှန်ရေး ဘယ်လဲ

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်လို့ ဒေသခံတွေ သတ်မှတ်ထားတဲ့ ဖာပွန်ခရိုင်ဟာ အစိုးရတပ်စခန်း အများဆုံးရှိတဲ့ဒေသ ဖြစ်ပါတယ်။ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ KNU ချုပ်ကိုင်တယ်ဆိုတဲ့ ဒေသပါ။ ဒါပေမဲ့ အစိုးရတပ်ရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရှိလာတဲ့အတွက် ဇူလိုင်လနှောင်းပိုင်းမှာ ဒေသခံ (၄၀၀၀) ကျော် ဖာပွန်/ကမမောင်း လမ်းမပေါ်မှာ ချီတက်ဆန္ဒပြကြပြီး တပ်စခန်းတွေ ရုတ်သိမ်းပေးဖို့ တောင်းဆိုကြပါတယ်။ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း လူအများဆုံးပါဝင်တဲ့ ကန့်ကွက်ဆန္ဒပြပွဲ ဖြစ်ပါတယ်။ ဒေသခံတွေက ငြိမ်းချမ်းရေး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

သက်တမ်း (၇၃) နှစ်ရှိတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးဟာ တချိန်ကတော့ အစိုးရလေးတခုလို သြဇာအရှိန်အဝါ ရှိခဲ့တဲ့ အဖွဲ့အစည်းပါ။ ဒါပေမဲ့ ၁၉၉၅ မှာ DKBA ကရင် ဗုဒ္ဓဘာသာအဖွဲ့ KNU က ခွဲထွက်ပြီး မယ်နာပလောဌာနချုပ် ကျဆုံးသွားတဲ့နောက်ပိုင်းမှာ KNU မှာ အဖွဲ့ခွဲတွေ များလာပါတယ်။ KNU ခေါင်းဆောင်အချို့ စစ်အစိုးရနဲ့ သဘောတူချက်ရယူပြီး ခွဲထွက်ပြန်တဲ့အတွက် ကရင်တပ်မဟာ (၇) ခုစလုံး အင်အားကျဆင်းလာပါတယ်။ KNU တပ်ဖွဲ့ဟာ တပ်မတော်ကို ယှဉ်ပြိုင်နိုင်တဲ့ အင်အားမရှိတော့ဘူးလို့ ကရင်သတင်းဌာနရဲ့ Karen Revolution at Crossroad စာတမ်းမှာ ဖော်ပြထားပါတယ်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးမျိုး ရှိပါတယ်။ KNU ရဲ့ လက်အောက်ခံဖြစ်တဲ့ KNLA တပ်ဖွဲ့၊ DKBA တပ်ဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ လက်အောက်ခံတပ်ဖွဲ့၊ တပ်မတော်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် စတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေအားလုံး တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲထားကြပါတယ်။

ကရင်လက်နက်ကိုင် တော်လှန်ရေးကို ၁၉၄၉ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ စတင်တာမို့ တော်လှန်ရေးသက်တမ်း (၇၁) နှစ် ရှိနေပါပြီ။ အခုတော့ အပစ်အခတ်ရပ်စဲထားတဲ့ သဘောရှိပေမယ့် ပစ်ခတ်တိုက်ခိုက်မှုကတော့ အနည်းနဲ့အများ ရှိနေဆဲပါပဲ။ အပစ်အခတ်ရပ်စဲထားတုန်း တပ်မတော်ဟာ တပ်စခန်းတိုးချဲ့အင်အားဖြည့်ပြီး ဆက်သွယ်ရေးလမ်းတွေ တည်ဆောက်တဲ့အတွက် KNU တပ်ဖွဲ့နဲ့ ပဋိပက္ခ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒေသခံတွေ လွတ်လပ်စွာ ရောင်းဝယ်လာနိုင်ပါတယ်။ ကရင်တပ်ဖွဲ့အချို့ကတော့ တရုတ်ကုမ္ပဏီတွေ ဖိတ်ခေါ်ပြီး နယ်စပ်မှာ စီးပွားရေး လုပ်ကြပါတယ်။

အပစ်ရပ်ကာလအချိန် ကြာလာတာနဲ့အမျှ KNU ဒေသမှာ စီးပွားရေးလှုပ်ရှားမှုတွေ များလာတာမို့ ကျဆင်းလာတဲ့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်နိုင်ပါ့မလားလို့ သံသယ ရှိလာကြပါတယ်။ ကရင်အုပ်စုအချင်းချင်း မညီမညွှတ်ဖြစ်လေ တပ်မတော်အဖို့ လုပ်လို့ကိုင်လို့ကောင်းလေ ဖြစ်နေပုံရပါတယ်။ ကရင်အုပ်စုအမျိုးမျိုးကို တယောက်တမျိုး ဆက်ဆံမှုကြောင့် KNU ခေါင်းဆောင်ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာတယ်လို့ ကရင်သတင်းဌာနက သုံးသပ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စတာတွေ ရောထွေးယှက်တင် ဖြစ်လာတာကို ကျွမ်းကျင်စွာ ကိုင်တွယ်ရင်း တော်လှန်ရေး ရည်မှန်းချက်ကို မျက်ခြေမပြတ်ဖို့ လိုပါတယ်တဲ့။ အနှစ် (၇၀) ကျော် အတွေ့အကြုံကို သင်ခန်းစာ ယူတတ်ဖို့ လိုပါတယ်။

၂၀၁၆ သြဂုတ်လ (၁၀) ရက်နေ့က ရန်ကုန်ယုဒသန်ခန်းမမှာ ကျင်းပတဲ့ ကရင်အာဇာနည်နေ့မှာ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း ပြောသွားတဲ့ စကားအချို့ကို ကရင်သတင်းဌာနက လွန်ခဲ့တဲ့ မေလ (၂၀) ရက်နေ့က ပြန်လည် ဖော်ပြပါတယ်။ ကရင်အမျိုးသားသမိုင်းအကြောင်းကို ပြောသွားတာပါ။

ကရင်လူမျိုးတွေဟာ ရှုပ်ရှုပ်ယှက်ယှက်ကိုမကြိုက်၊ အေးအေးချမ်းချမ်း နေလိုကြပါတယ်။ ဒါ့အပြင် ကရင်လူငယ်တွေဟာ စာမဖတ်ကြ၊ စာမရေးကြ၊ ဒါကြောင့်မို့ သမိုင်းနဲ့ ပတ်သက်လာရင် မှတ်တမ်းမှတ်ရာ မရှိကြဘူးလို့ ပဒိုစောသမိန်ထွန်းက မှတ်ချက်ချပါတယ်။ ရှုပ်ယှက်ခတ်လာတဲ့ အခြေအနေကို နိုးကြားထကြွစွာ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြဿနာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး KNU ခေါင်းဆောင်ပိုင်းဟာ လူထုကို ရှင်းမပြနိုင်ခဲ့ဘူးလို့ ကရင်သတင်းဌာနက ဆိုပါတယ်။

အနှစ် (၇၀) ကျော်လာပြီးဖြစ်တဲ့ ကရင်တော်လှန်ရေးဟာ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ကရင်သတင်းဌာနက မြင်ပါတယ်။ လမ်းချော်မသွားဘဲ ရှေ့ဆက်လက်ချီတတ်နိုင်ဖို့အတွက် အတွေးအမြင်သစ် စိတ်ဓါတ်သစ်နဲ့ ဦးတည်ချက်သစ်တွေ လိုအပ်နေပါတယ်။ တပ်မတော်မှာ KNU ကို အပြုတ်တိုက်နိုင်တဲ့ အင်အားရှိတယ်လို့ သုတေသီ Ashley South ကလည်း Burma’s Longest War စာတမ်းမှာ သုံးသပ်ထားပါတယ်။ လက်နက်အားကိုးလို့မရတဲ့ အခြေအနေဖြစ်လာလို့ ကရင်တော်လှန်ရေးရဲ့ ရန်သူဟာ တပ်မတော် မဟုတ်တော့ဘူးလို့ ပြောနိုင်မယ့်အလားအလာ ရှိလာတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဈေးကွက်စီးပွားရေး တောကြိုတောင်ကြားအထိ ရောက်ရှိလာတာဟာ ကရင်တော်လှန်ရေးကို တဖြည်းဖြည်းအမှည့်ကြွေအောင် လုပ်သလို ဖြစ်နေပုံရပါတယ်။ တော်လှန်ရေးစိတ်ဓါတ်ရှိတဲ့ ကရင်တွေ ရှိနေသေးသလို တော်လှန်ရေးနဲ့ ကင်းကွာသွားသူတွေလည်း များလာပါတယ်။ အချိန်ကြာလေ ကွဲပြားခြားနားမှုတွေ များလေလေ ဖြစ်နေပုံရပါတယ်။ အနှစ် (၇၀) ကျော်ကြာခဲ့တဲ့ ကရင်တော်လှန်ရေးဟာ လမ်းသစ်တီထွင်ရတော့မယ် အခြေအနေကို ရောက်ရှိလာပြီလို့ ယူဆရပါတယ်။

==Unicode===








