ဝမ်းရောဂါကာကွယ်ဆေးတိုက်ကျွေးမှု ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကုလ စတင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကာလဝမ်းရောဂါကာကွယ်ဆေး တိုက်ကျွေးမှု အစီအစဉ်ကို ကုလသမဂ္ဂက ဒီကနေ့ အင်္ဂါနေ့မှာ စတင်မှာဖြစ်ပါတယ်။

Cox’s Bazar ခရိုင်ထဲမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေအတွက် ကာကွယ်ဆေးတိုက်ကျွေးမယ့် အစီအစဉ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးကျယ်ဆုံးဖြစ်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်။

ပထမတသုတ်အဖြစ် အမျိုးသမီး။ အမျိုးသားနဲ့ ကလေးငယ် ၆ သိန်းခွဲကို ကာကွယ်ဆေး စတင်တိုက်ကျွေးမှာဖြစ်ပြီး ဒုတိယအသုတ်ကျရင်တော့ အသက် ၁ နှစ်ကနေ ၅ နှစ်အတွင်း ကလေးငယ် ၂ သိန်း ခွဲကို ကာကွယ်ဆေးတိုက်ကျွေးမယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူက တနင်္လာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ လူတွေ ပြွတ်သိပ်နေနေကြတဲ့ အခြေအနေကို သုံးသပ်ပြီး ဝမ်းရောဂါပျံ့နှံ့ဖြစ်ပွားနိုင်မယ့် အခြေအနေကို ကြိုတင်ကာကွယ်တားဆီးတာဖြစ်တယ်လို့ WHO ရဲ့ တောင်အာရှဆိုင်ရာ အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။

WHO ရဲ့အစီအစဉ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကာလဝမ်းရောဂါကာကွယ်ဆေး ၉ သိန်း Cox’s Bazar ကိုပေးပို့ခဲ့တာပါ။ Bangladesh နိုင်ငံရဲ့ ကျန်းမာရေးနဲ့ မိသားစုစောင့်ရှောက်ရေး ဝန်ကြီးဌာန။ WHO နဲ့ တခြားအကူအညီပေးရေးအဖွဲ့တွေ ပူးပေါင်းပြီး ကာလဝမ်းရောဂါတိုက်ကျွေးမှု အစီအစဉ်ကို စတင်တာဖြစ်ပါတယ်။

သြဂုတ်လကုန်ပိုင်းကစလို့ Bangladesh နိုင်ငံဖက်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅ သိန်း ၁ သောင်း ၉ ထောင်ရှိတယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့ပြောပါတယ်။ ဒီဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ ကုလသမဂ္ဂက ဒေါ်လာ ၄၃၄ သန်းတောင်းခံထားပြီး ၂၄% ထောက်ပံ့ငွေရရှိထားပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက တနင်္လာနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

Your browser doesn’t support HTML5

ဝမ်းရောဂါကာကွယ်ဆေးတိုက်ကျွေးမှု ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကုလ စတင်