ကမ္ဘာတဝှမ်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတဲ့ ကလေးငယ်အရေအတွက် အမြင့်ဆုံးအခြေအနေရောက်

ထိုင်း-မြန်မာနယ်စပ် မေလ ဒုက္ခသည်စခန်းမှ ကလေးငယ်များ (၂၀၁၀- အောက်တိုဘာလ)

(Zawgyi/Unicode)

ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာနေထိုင်ရသူ ကလေးငယ် ဦးရေတိုးလာမှုဟာ ဘယ်တုန်းကနဲ့မှ မတူပဲ အမြင့်ဆုံး အနေထားကို ရောက်လာနေ ပြီး ခန့်မှန်းခြေ ကလေးငယ် ၁၉ သန်းလောက်ဟာ စောင့်ရှောက်မှုနဲ့ အကာကွယ် ကောင်းကောင်း မရပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က အင်္ဂါနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဆီးရီးယား၊ ကွန်ဂိုနဲ့ ယီမင်နိုင်ငံတွေမှာ သူတို့ နိုင်ငံတွင်း ကလေးငယ် စုစုပေါင်း သုံးပုံ တပုံဟာ IDP ဖြစ်နေကြသလို ကိုလံဘီယာ၊ အာဖဂန်နစ်စတန်၊ ဆိုမာလီယာ၊ နိုင်ဂျီးရီးယားနဲ့ ဆူဒန်နိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများမှာလည်း နယ်စပ်ဒေသတွေမှာ ကလေးငယ်ပေါင်း တသန်းကျော်ဟာ အိုးအိမ်ရွှေ့ပြောင်းနေထိုင် နေရတယ်လို့လည်းပြောပါတယ်။

ဒီကလေးတွေ အတွက် ပညာရေးနဲ့ ကျန်းမာရေး အပါအဝင် အခြေခံ လိုအပ်ချက်တွေ အရေးတကြီး လိုအပ်နေတယ်လို့ UNICEF ပြောခွင့်ရ Marixie Mercado က VOA ကို ပြောပါတယ်။

“ဒီကလေးတွေဟာ သူတို့မိသားစု အသိုင်းဝိုင်း အောက်မှာ မနေရတဲ့ အတွက် ကြုံလာရနိုင်တဲ့ အန္တရာယ် အမျိုးမျိုး ရှိနေတယ်လို့ ပြောသွားတာပါ။ ဒီအန္တရာယ် တွေထဲမှာ အကြမ်းဖက်မှု ခံရတာ၊ ခြိမ်းခြောက်စော်ကား မှုတွေ၊ လုပ်အား အမြတ်ထုတ်မှုတွေ အပြင် လူမှောင်ခိုကူးမှုပါ ခံရနိုင်ခြေရှိတယ်လို့လည်း ပြောပါတယ်။”

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် လို ရောဂါအန္တရာယ်နဲ့လည်း ကြုံရနိုင်ကြောင်းနဲ့ အခု ဒီကပ်ရောဂါ ဆိုးဖြစ်ပွားလာ တာဟာ ကလေးငယ်တွေ နေရပ်စွန့်ခွာ အခြေချရမှုနှုန်း ထူးထူးခြားခြား တိုးလာစေတယ်လို့လည်းပြောပါတယ်။

ဒါကြောင့် IDP ဘဝရောက်နေရတဲ့ ကလေးငယ်တွေနဲ့သူတို့ရဲ့ မိသားစုတွေ အတွက် ကူညီကာကွယ်ပေးဖို့နဲ့ အရေးတကြီးလိုအပ်တာတွေကို လုပ်ပေးရေး အတွက် အစိုးရတွေ၊ အရပ်ဘက်နဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ညီညီညွတ်ညွတ်နဲ့ ခိုင်ခိုင်မာမာ လုပ်ဆောင်ကြဖို့ UNICEF က ပန်ကြားလိုက်ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတဝှမ်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတဲ့ ကလေးငယ်အရေအတွက် အမြင့်ဆုံးအခြေအနေရောက်


...................


(Unicode)





