စစ်ပွဲအနိုင်ရအောင်တိုက်သွားဖို့ သမ္မတ Zelenskyy ကတိပြု 

ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ်တိုက်ခဲ့တာ ၁ နှစ်ပြည့်တဲ့နေ့မှာ ကျဆုံး၊ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်အောက်မေ့ပွဲ အခမ်းအနားအတွင်း ယူကရိန်းသမ္မတက ယူကရိန်းတပ်မှူးတဦးကို စစ်တပ်အလံတခုပေးအပ်နေစဉ် (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃)

ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ်တိုက်ခဲ့တာ ၁ နှစ်ပြည့်တဲ့ ဒီနေ့ သောကြာနေ့မှာ ကျဆုံး၊ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်အောက်မေ့ပွဲကို ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။ စစ်ပွဲဒဏ်ကို တနှစ်လုံး ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ယူကရိန်းနိုင်ငံအနေနဲ့ နက်ဖြန်ဘာဖြစ်မယ်ဆိုတာမသိပေမယ့် ဆက်လက်တိုက်ပွဲဝင်သွားဖို့လိုအပ်တယ်လို့ သမ္မတ Volodymyr Zelenskyy က မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။ ၂၀၂၃ မှာ အောင်ပွဲရအောင် လုပ်သွားမယ်လို့ တနိုင်ငံလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ မိန့်ခွန်းထဲမှာ သူက ကတိပေးပြောသွားခဲ့ပါတယ်။

“ရုရှား လူသတ်သမားတွေ ပြစ်ဒဏ်မခံရမချင်း ကျွန်တော်တို့ ဘယ်တော့မှ နားလိမ့်မယ် မဟုတ်ပါဘူး။ နိုင်ငံတကာ ခုံရုံးရဲ့ ပြစ်ဒဏ်၊ ဘုရားသခင် ရဲ့ စီရင်ချက်၊ ကျွန်တော်တို့ တိုက်ပွဲဝင်သူတွေရဲ့ စီရင်ချက်ကို ရုရှားတို့ မခံမရမချင်း ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်လို့ သမ္မတ Volodymyr Zelenskyy က မိန့်ခွန်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ရုရှားကို အရေးယူနိုင်မယ်၊ ယူကရိန်းအနိုင်ရမယ်ဆိုတဲ့ အပေါ် သူ့အနေနဲ့ သံသယ လုံးဝမရှိဘူးလို့လည်း ယူကရိန်းသမ္မတက ပြောကြားသွားခဲ့ပါတယ်။

စစ်ပွဲနှစ်ပါတ်လည်အခမ်းအနားမှာ ရုရှားကို ခုခံ တိုက်ပွဲဝင်နေကြတဲ့ စစ်သားတွေကိုလည်း သမ္မတ Zelenskyy ဟာ ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကစလို့ တစ်နှစ်လုံး ခုခံတိုက်ပွဲဝင်ခဲ့ကြသူတိုင်းကို သမ္မတ Zelenskyy က ကျေးဇူးတင်ကြောင်း အဲဒီ အခမ်းအနား မှာ ပြောခဲ့ပါတယ်။ ခု စစ်ပွဲကြောင့် အသက်ပေးသွားကြသူအားလုံးကိုလည်း အမှတ်ရအောက်မေ့ကြောင်းလည်း သမ္မတ Zelenskyy က ပြောကြားခဲ့ပါတယ်။ ရုရှားကျူးကျော်စစ်ကြောင့် စစ်ဒဏ်ခံရသူ ယူကရိန်းပြည်သူတွေဘက်က ရပ်တည်တယ်ဆိုတာ ပြသတဲ့အနေနဲ့ အထိမ်းအမှတ်အခမ်းအနားတွေကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီအပါအဝင် ဥရောပနိုင်ငံတချို့မှာ ကျင်းပခဲ့ကြပါတယ်။

Your browser doesn’t support HTML5

စစ်ပွဲအနိုင်ရအောင်တိုက်သွားဖို့ သမ္မတ Zelenskyy ကတိပြု

[Unicode]



