{{Zawgyi/Unicode}}
ကယားပြည်နယ် ဒေသအခေါ်ကရင်နီပြည်နယ်တခွင် စစ်ကောင်စီရဲ့လမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာရရှိနိုင်ဖို့ ပိုမိုခက်ခဲလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာက VOA ကို ပြောပါတယ်။ တချိန်တည်းမှာ ဒေသတွေထဲ တိုက်ပွဲကြောင့် ဆန်စပါးစိုက်ပျိုးနိုင်တဲ့အခြေအနေ နည်းပါးလာနေတာပါ။ ဒီသတင်းပေးပို့ချက်ကို မခွါညိုက တင်ပြပေးထားပါတယ်။
စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခာရရှိနိုင်ဖို့ အရင်ကထက် ပိုမိုခက်ခဲလာနေတဲ့အပြင် ကိုယ်တိုင်လည်းမစိုက်ပျိုးနိုင်ကြတော့တဲ့အတွက် ဒေသခံတွေ ပိုပြီး ကြပ်တည်းလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာက VOA ကို ပြောပါတယ်။
“စားနပ်ရိက္ခာရရှိနိုင်ဖို့ လမ်းကြောင်းတွေပိတ်ဆို့တာတွေပေါ့နော်၊ ပိုများလာတယ်။ စစ်ကောင်စီက ပိုပြီးလုပ်လာတာလည်း တွေ့ရတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ ဒီဒေသမှာလည်း စားနပ်ရိက္ခာ စိုက်ပျိုးနိုင်တဲ့ဧရိယာကလည်း အရင်နှစ်ထက် စိုက်ပျိုးနိုင်မှုက ကျဆင်းတယ်ပေါ့နော်။ ဧရိယာလည်း နည်းသွားတယ်။ ၄၅ ရာခိုင်နှုန်းပဲ စိုက်နိုင်တယ်ပေါ့နော်။ ပုံမှန်စိုက်နေကျ ရာခိုင်နှုန်းထက်ပေါ့နော်။ ပြီးတော့လည်း စိုက်ဧကကျတဲ့အပြင် အထွက်နှုန်းလည်းကျတယ်ပေါ့နော်။ နောက်စစ်ရှောင်တဲ့ လူဦးရေလည်း ပိုများလာတယ်ဆိုတဲ့အခုမှာတော့ တော်တော်လေး စားရိက္ခာ အကျပ်တည်းပိုရှိလာတယ်။”
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား ခုချိန်ထိ ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာပါ။
စစ်ကောင်စီတပ်တွေက တရွာပြီးတရွာ ထိုးစစ်ဆင်ဝင်ရောက်တပ်စွဲတာ၊ နယ်မြေရှင်းလင်းရေးဝင်ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာကြောင့် အတော်များများက အိုးအိမ်မဲ့ဖြစ်ကြရပါတယ်။
သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲ ဖြစ်ပြီး ခုဆို နေရပ်မပြန်နိုင်တာ ၃ နှစ်ထဲ ဝင်လာပါပြီ။
လက်ရှိမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး ယခင်က ဆန်တအိတ်ကို ၃၅,၀၀၀ လောက်ဝယ်လို့ရတဲ့ ဆန်တွေက လက်ရှိ ၆၅,၀၀၀ လောက် ပေါက်ဈေးရှိနေတယ်လို့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။ ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေအဖို့တော့ ဆန် ဆီ ဆား စတဲ့ စားနပ်ရိက္ခာတွေ ဝယ်ခြမ်းနိုင်ဖို့ အတော်လေး ခက်ခဲနေတာပါ။
ဒါ့ပြင် စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေအပြင် ကိုယ်ဝန်ဆောင်မိခင်ပါမကျန် တိမ်းရှောင်နေရတာဖြစ်ပြီး သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်မပေးနိုင်တဲ့အပြင် ဆေးဝါးရရှိနိုင်ဖို့ပါ သိပ်ကိုခက်ခဲလာတယ်လို့လည်း ကိုဗညားက ပြောပါတယ်။
“အထူးသဖြင့် မိခင်နဲ့ကလေးတွေ၊ နောက်သက်ကြီးရွယ်အိုတွေအတွက်က အစာအာဟာရတွေ ပြတ်တောက်မှုတွေ ကြုံရတယ်၊ နောက်ပြီးတော့မှ မိခင်တွေ ကိုယ်ဝန်ဆောင်တွေအတွက်လိုအပ်တဲ့ ဆေးဝါးပိုင်ဆိုင်ရာ ကာကွယ်ဆေးတွေပဲ ပြောပြောပေါ့နော်၊ အဲ့ဒီအပေါ်မှာ လက်လှမ်းမီဖို့မှုက ပိုခက်ခဲလာတယ်ပေါ့နော်။ အရင်တုန်းက နည်းနည်းပါးပါးလေး ရှိတဲ့လမ်းကြောင်းနဲ့ ကာကွယ်ဆေးထိုးလို့ရသေးတယ်ပေါ့နော်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားကြတာပေါ့နော်။ အခုနောက်ပိုင်းကို တလ နှစ်လ အခုဆို သုံးလထဲတော့ ဝင်သွားပြီပေါ့နော် ကာကွယ်ဆေးတွေကို သွားထိုးနိုင်တဲ့အနေအထားတွေ မရှိတဲ့ပုံစံမျိုး ကျနော်တို့ ကြုံတွေ့နေရပါတယ်။”
ဒီးမော့ဆိုမြို့နယ် စစ်ပြေးဒုက္ခသည်တဦးကတော့ အရင်နှစ်တွေက ရေရှည်အတွက် စားနပ်ရိက္ခာသိုလှောင်ထားနိုင်ပေမယ့် ခုချိန်မှာတော့ ခက်ခဲကျပ်တည်းလာပြီလို့ပြောပါတယ်။
“စားရေးသောက်ရေးဆိုရင်တော့ တော်တော်လေးကို ခက်ခဲပါတယ်။ အခုက အရင်နှစ်မှာက တချို့က လုပ်တော့လုပ်နိုင်ကြသေးတယ်။ ဒါပေမယ့် ဒီနှစ်က မလုပ်နိုင်ဘူး။ အရင်နှစ် တိုထားတဲ့ဟာတွေပဲ နည်းနည်းပါးပါး တချို့ရှိကြတယ၊ တချို့လည်း အလုပ်မရှိတော့ခါကျတော့ မသိုထားနိုင်တဲ့လူ မသိုထားနိုင်ကြဘူးပေါ့နော်။ အလှူရှင်တွေကိုပဲ မှီခိုရတဲ့ မိသားစုတွေလည်းအများကြီးဆိုတော့ အစားအသောက်ကတော့ တော်တော်လေး ခက်ခဲမှာပဲ။ အခုကလည်း တိုက်ပွဲက သူတို့နဲ့ တဖြေးဖြေးနိုင် ပိုနီးကပ်လာတော့ ရှေ့လျှောက်ဒီထက် ပိုခက်ခဲဖို့ပဲရှိတယ်။ နောက် အခုက ကုန်ပစ္စည်းတွေက ဝင်လာဖို့လမ်းကြောင်းလည်း အရမ်းခက်ကုန်ပြီလေ။ ဘယ်လမ်းကြောင်းကနေပဲဖြစ်ဖြစ် ဝင်လာလို့အဆင်မပြေတော့ကျခါတော့ အစားအသောက်တော့ တဖြေးဖြေးနဲ့ ခက်ခဲဖို့ပဲရှိမယ်။”
စစ်ပြေးဒုက္ခသည် အတော်များများက တောတောင်ထဲနဲ့ နီးစပ်ရာရွာတွေက ဆွေမျိုးသားချင်းအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရကြတာ ဖြစ်ပါတယ်။ တောတောင်ထဲ ပုန်းခိုနေသူတွေအတွက်လည်း စားရေးသောက်ရေး အကူအညီရောက်နိုင်မှုက အလွန်နည်းပါးတယ်လို့ ဒေသခံတွေက ပြောတယ်။
Your browser doesn’t support HTML5
================
{{Unicode}}
================