သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ထိထိရောက်ရောက် ကာကွယ်ရေး


COVID-19 ထိထိရောက်ရောက် ကာကွယ်ရေး
please wait

No media source currently available

0:00 0:07:37 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ COVID-19 ကိုရိုနာဗိုင်းရပ်စတင်တွေ့ရှိမူ သတင်းပတ် (၃) ပတ်ကျော်အတွင်း၊ ကူးစက်ခံရသူ ဆယ်ဂဏန်းကနေ ရာဂဏန်းအဆင့် စတက်လာချိန်မှာ၊ ပြည်တွင်းမှာ လူအချင်းချင်းကူးစက်တာစလာပြီး၊ ဆေးဝန်ထမ်းတချို.ကိုလည်း စကူးလာတာမို့၊ အားလုံး အကြောက်မလွန်ဘဲ၊ စနစ်တကျကာကွယ်သင့်ပြီလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။

ဗိုင်းရပ်စ်ပိုးက ကူးစက်မြန်ပြီး၊ ပြည်သူအများအတွက် အထူးကြောက်စရာဖြစ်နေတာကြောင့်၊ ကူးစက်ခံရလွယ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း၊ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းတွေကို အစွမ်းကုန် လိုက်နာကာ၊ ထိထိရောက်ရောက် ကာကွယ်နေပါတယ်။ အခုလို အရေးကြီးလာချိန်မှာ၊ ပြည်သူူတွေအနေနဲ့လည်း၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်နည်းတွေကို စနစ်တကျလိုက်နာလျှင် အကြောက်လွန်စရာမလိုဘဲ၊ အလားတူ ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။ ဒါပေမဲ့ ဒီကာကွယ်နည်းတွေကို ပေါ့ပေါ့ထားပြီး၊ မလိုက်နာမိလျှင်တော့ အလျှင်အမြန်ကူးစက်ကုန်နိုင်ပါတယ်။

ဗိုင်းရပ်စ်ပိုးက မျက်နှာတဝိုက်ရှိ နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကတဆင့် အဆုပ်ထဲရောက် ဒုက္ခပေးနိုင်တာမို့၊ ခုလို မျက်နှာတဝိုက်ကို ထိမိနိုင်တဲ့ လက်ကို စင်ကြယ်အောင် သတ်မှတ်ထားတဲ့နည်းအတိုင်း (စက္ကန့်နှစ်ဆယ်ကြာ လက်အနှံ့ ရေဆပ်ပြာနဲ့ဆေး၊ ရေနဲ့ဆပ်ပြာ မရနိုင်လျှင် Hand Gel လက်ဆေးရည်ပျစ်သုံး) သေသေချာချာ ဆေးဖို့နဲ့၊ ဒီလက်ကို မိမိမျက်နှာနဲ့ ပြန်မထိမိအောင် အထူးသတိထား နေထိုင်ဖို့က အရေးအကြီးဆုံးပါ။ အကြောင်းက မိမိလက်က အများသူငှာကိုင်တားတာ (ဘတ်စကားကိုင်စရာ၊ တံခါးလက်ကိုင်ဘု၊ စားပွဲ၊ စာအုပ်စာတမ်း စတာ) တွေကို ကိုင်မိပြီး၊ ပိုးပါလာနိုင်ကာ၊ လူ့သဘာဝ မျက်နှာတဝိုက်ကို ပြန်ကိုင်မိလေ့ရှိတာကနေ ကူးစက်နိုင်လို့ပါ။ အခုလို မျက်နှာကို ပြန်မကိုင်မိဖို့ လုပ်ရခက်နိုင်ပေမဲ့၊ ဒီ ကမ္ဘာ့ကပ်ရောဂါကြီး ကူးစက်မူ မြင့်မားနေချိန်မှာ၊ အလေ့အကျင့်သစ် ဖြစ်လာအောင် တဖြည်းဖြည်းနဲ့ အထူးသတိထားပြီး အစွမ်းကုန်ကြိုးပမ်းသင့်ပါတယ်။ နောက်တစ်ခုကတော့ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို အပြင်ထွက်ချိန်၊ ဘတ်စကားစီးချိန်၊ ဈေးသွားချိန်၊ တစ်ဦးနဲ့တစ်ဦး စကားပြောချိန် စတာတွေမှာ စနစ်တကျ တပ်ထားဖို့ပါ။ ဒါ့အပြင် လူူအချင်းချင်း အနည်းဆုံး ခြောက်ပေ ခပ်ခွာခွာနေထိုင်ဖို့ (Social Distancing) ကလည်း အလားတူအရေးကြီးနေပါတယ်။ အကြောင်းက လူတွေ ချောင်းဆိုး၊ နှာချေ၊ စကားပြောတာကနေ ဒီပိုးက လေထဲလွင့်ပြီး ကူးစက်နိုင်လို့ပါ။ ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ ဒီ ခပ်ခွာခွာနေဖို့ ပျက်ကွက်ခဲ့တာကြောင့် ကူးစက်မူ အများကြီးဖြစ်စေခဲ့တဲ့ သာဓကတွေရှိနေပါတယ်။ မြန်မာနိုင်ငံထဲ ကူးစက်မူရဲ့ တစ်ဝက်ခန့်က လူစုမိတဲ့ ဂီတတီးဝိုင်းနဲ့ တရားပွဲဆက်စပ်မူတစ်ခုကြောင့်ဖြစ်ရပြီး၊ နိုင်ငံထဲ စုစုပေါင်း ကူးစက်မူ ရာဂဏန်းအဆင့်ရောက်သွားစေသလို၊ တောင်ကိုရီးယားမှာလည်း ဘုရားကျောင်းတစ်ခုကနေ အများကြီးကို စတင်ကူးစက်စေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးဝန်ထမ်းတွေအနေနဲ့လည်း လိုက်နာရမဲ့ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေအားလုံးကို အတိအကျ လိုက်နာနိုင်လျှင် ဒီရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် PPE အကာအကွယ်ဝတ်စုံကို အပြည့်အစုံကို စနစ်တကျဝတ်ပြီး၊ လူနာတွေကို ကိုင်တွယ်ဖို့ အထူးအရေးကြီးနေပါတယ်။ အထူးသဖြင့် COVID-19 လူနာ အလွန်အခြေအနေဆိုးပြီး အမောဖောက်ကာ၊ အသည်းအသန် အသက်ကယ်ကုရတဲ့ အချိန်မှာပါ။ အကြောင်းက လူနာကို ဆေးထိုး ဆေးသွင်းဖို့၊ ချွဲစုပ်ဖို့၊ အသက်ရူလမ်းကြောင်းထဲ ပိုက်ထည့်ဖို့၊ အသက်ရှုစက် (Ventilator) တပ်ဖို့ စတာတွေမှာ၊ လူနာကနေ ကူးစက်ခံရဖို့ များလွန်းတာကြောင့်ပါ။ မြန်မာနိုင်ငံမှာလည်း ခုလို အသည်းအသန် အသက်ကယ်ရတဲ့အနေအထားမှာ၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေနဲ့ ဒီ PPE Break (အကာအကွယ်ဝတ်စုံ လုံခြုံမူကျိုးပေါက်ခြင်း) ဖြစ်ခဲ့ရတာကြောင့် ကူးစက်ခံခဲ့ရပါတယ်။ အသည်းအသန်လူနာတွေကို ကုသရချိန်မှာ PPE ဝတ်စုံအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ N95 အမျိုးအစား ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) သေသေချာချာ ဝတ်ဆင်ထားဖို့ကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ N95 ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို အများပြည်သူတွေအနေနဲ့တော့ တပ်စရာမလိုပါဘူး။ အကြောင်းက သာမန်အမျိုးအစား ပါးစပ်နဲ့နှာခေါင်းစည်း (Surgical Mask၊ အဝတ် နှာခေါင်းစည်း) တပ်ပြီး၊ လူလူချင်း ခပ်ခွာခွာနေခြင်းဖြင့် ပေါင်းစပ်ကာ၊ ထိရောက်အောင် ကာကွယ်နိုင်တာကြောင့်ပါ။ ဒါပေမဲ့ ဆေးဝန်ထမ်းတွေမှာတော့ အထူးသဖြင့် ရောဂါပိုးများစွာထုတ်နေတဲ့ အသည်းအသန် လူနာတွေကို အသက်ရှုလမ်းကြောင်းထဲ ပိုက်ထည့်ပေးရတာမျိုးမှာ၊ လူနာနဲ့ မျက်နှာချင်း ထိလုနီးပါးကပ်သွားတာကြောင့်၊ ကူးစက်နိုင်မူများလွန်းသွားပြီး၊ ဒီ အဆင့်မြင့် N95 ပါးစပ်နဲ့နှာခေါင်းစည်း လိုအပ်လာတာပါ။ ဒီအတွက်လည်း N95 ပါးစပ်နဲ့နှာခေါင်းစည်းတွေကို ဆေးဝန်ထမ်းတွေအတွက် ပြတ်လပ်သွားတာမဖြစ်ရအောင်၊ ကြိုတင်စုဆောင်းသိမ်းဆည်းထားဖို့ အထူးအရေးကြီးပါတယ်။ တခြားနိုင်ငံတချို.အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ စိုးရိမ်ရတာက၊ ဒီ COVID ကူးစက်ခံ လူနာတွေ အများကြီးများလာပြီး၊ ဆေးရုံတွေမှာ ဝန်ပိကာ၊ N95 ပါးစပ်နဲ့နှာခေါင်းစည်းတွေ အများကြီးသုံးရတာကြောင့်၊ ပြတ်တဲ့အဆင့်ရောက်သွားလျှင် ဆေးဝန်ထမ်းတွေပါအများကြီး ကူးစက်ခံရပြီး၊ အကြီးအကျယ် ဒုက္ခရောက်နိုင်တဲ့အဆင့် ရောက်သွားမှာကိုပါ။ ဒါကြောင့် ကူးစက်မူ အလျှင်အမြန် များမသွားရအောင် ပြည်သူတွေအနေနဲ့ အထက်ပါထိရောက်တဲ့ ကာကွယ်နည်းတွေ အစွမ်းကုန်လုပ်ဆောင်ဖို့နဲ့ ဆေးဝန်ထမ်းတွေလည်း အလားတူ အတိအကျ လိုက်နာလုပ်ဆောင်ကြဖို့ အထူးအရေးကြီးနေပါတယ်။

COVID-19 လူနာတွေကို အနီးကပ်ထိတွေ့ရပြီး၊ ထိရောက်တဲ့ကာကွယ်မူတွေလုပ်နေတဲ့ အရေးပေါ်အထူးကုနဲ့ ရန်ကုန်ဆးရုံကြီး အရေးပေါ်ဌာနက ပါမောက္ခ ဌာနမှုး ဒေါက်တာမော်မော်ဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==







XS
SM
MD
LG