သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး ကမ္ဘာတလွှား နိုင်ငံတွေ ကြိုးပမ်း


ပြင်သစ်နိုင်ငံရှိ တိုယိုတာကားစက်ရုံတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းတဦး။ (ဧပြီ ၂၈၊ ၂၀၂၀)
ပြင်သစ်နိုင်ငံရှိ တိုယိုတာကားစက်ရုံတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းတဦး။ (ဧပြီ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလို စီးပွားရေးကျဆင်းမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပေမယ့် တချို့နိုင်ငံတွေကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေအပေါ်မှာ ထိခိုက်မှု သက်သာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် လုပ်ဆောင်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတချို့ကတော့ စီးပွားရေးအရ ထိခိုက်မှုတွေနည်းအောင် လုပ်နိုင်ခဲ့ပေမယ့် အရင်းအမြစ်တွေ သိပ်မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ အန္တရာယ်အများဆုံး ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေကို ပိတ်တာ၊ ဗိုင်းရပ်စ်ပိုးရှိမရှိ စမ်းသပ်စစ်ဆေးတာတွေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ သူတွေကို စုံစမ်းဖော်ထုတ်တာ လုပ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေ မပျံ့နှံ့အောင် စောစောစီးစီးနဲ့ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီလို လုပ်ခဲ့တဲ့အတွက် အဲဒီနိုင်ငံတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်တဲ့အခါမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

Stephanie Segal ဟာ CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက နိုင်ငံရေးဘောဂဗေဒ အကဲခတ် ဖြစ်ပါတယ်။

“စီးပွားရေးလုပ်ငန်းတွေကို ဖြည်းဖြည်းချင်း ပြန်ဖွင့်တဲ့အခါမှာ စားသုံးသူတွေက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကလည်း မသိနိုင်တဲ့ အချက်တွေထဲမှာ တခုအပါအဝင် ဖြစ်နေတာကြောင့် ဒါတွေလုပ်ခဲ့တယ်ဆိုရင်တော့ စီးပွားရေးတွေကို ပြန်ဖွင့်တဲ့အခါမှာ ယုံကြည်မှုတွေရအောင် အမှန်တကယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။”

အာရှ၊ ဥရောပနဲ့ မြောက်အမေရိက နိုင်ငံတွေက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို စီးပွားရေးတွေ ပိတ်ထားတဲ့ ကာလအတွင်း ဝင်ငွေမထိခိုက်ရအောင် ကပ်ရောဂါကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး အစီအစဉ်တွေ လုပ်ပြီး ကူညီခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံကတော့ အလုပ်မလုပ်ရဘဲ နားနေရတဲ့ အလုပ်သမားတွေကို လစာပေးဖို့အတွက် ကုမ္ပဏီတွေကို အစိုးရက ငွေကြေး ပြန်ထောက်ပံ့တာတွေကြောင့် ဂျာမနီနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းက အတော်လေးကို နည်းပါးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အလုပ်ပြုတ်တဲ့သူ အရေအတွက် အတော်လေးကို များခဲ့ပြီး အလုပ်သမား အခွင့်အရေးတွေကိုတော့ အလုပ်လက်မဲ့ ကူညီထောက်ပံ့ရေး အစီအစဉ်တွေကနေ တဆင့် တောင်းခံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီအစီအစဉ်တွေဟာ လိုအပ်ချက်တွေ၊ ဟာကွက်တွေ ရှိနေတာကြောင့် အမေရိကန်နိုင်ငံသား အတော်များများဟာ စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေတဲ့ အစီအစဉ်တွေကို အားကိုးနေကြရပါတယ်။

ကပ်ရောဂါ မတိုင်ခင်ကတည်းက ဆင်းရဲမွဲတေမှုနဲ့ ရုန်းကန်နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ ကမ္ဘာတဝန်း ပို့ကုန်ထုတ်လုပ်မှုတွေနဲ့ ခရီးသွားလုပ်ငန်းတွေမှာ အကြီးအကျယ် ကျဆင်းခဲ့တာကြောင့် စီးပွားရေး ရိုက်ခတ်မှုဒဏ်ကို အကြီးအကျယ် ခံကြရပါတယ်။

ကမ္ဘာတဝန်းမှာ အငတ်ဘေး မကျရောက်ရအောင် သတိပေးတဲ့အနေနဲ့ အန္တရာယ်တွေနဲ့ အများဆုံး ရင်ဆိုင်နေရတဲ့သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက် လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောလိုက်ပါတယ်။

“လူသားချင်းစာနာမှု အကူအညီတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အလွန်အရေးကြီးတဲ့ အရာတခုတင်မဟုတ်ဘဲ ဒါက ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက်လည်း တကယ် လက်တွေ့လိုအပ်ချက် ဖြစ်ပါတယ်။ တကယ်လို့ COVID-19 ကပ်ရောဂါက အဆင်းရဲဆုံး နေရာဒေသတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေတယ်ဆိုရင် ကျနော်တို့အားလုံးအတွက်လည်း အန္တရာယ်ရှိပါတယ်။”

စီးပွားရေးအရ အကူအညီပေးမှုတွေ ပိုပြီး လိုအပ်နေပေမယ့်လည်း ဘဏ္ဍာရေးအရ အသုံးပြုမှုတွေကို အားမပေးတဲ့ သမားရိုးကျဝါဒီတွေကတော့ အမေရိကန်အစိုးရက ကြွေးမြီတွေ ထပ်တင်ခံပြီး ငွေကြေးတွေ အမြောက်အမြား သုံးစွဲမယ့်ကိစ္စကို ပိုပြီးတော့ ဆန့်ကျင်နေကြပါတယ်။ အဲဒီလို သုံးစွဲလိုက်ခြင်းအားဖြင့် အခွန်တွေ ပိုပြီးတော့ တိုးမြှင့်ကောက်ခံလာရမှာ ဖြစ်သလို ခြိုးခြံချွေတာရေး အစီအစဉ်တွေ လုပ်လိုက်တဲ့အတွက် လာမယ့်နှစ်တွေအတွင်း စီးပွားရေး ကြီးထွားမှုနှုန်းက နှေးကွေးလာနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

“တကယ်လို့ လူတွေ အလုပ်ပြန်မသွားကြဘူးဆိုရင် နောက်ထပ် အကူအညီတွေ ထပ်ပေးဖို့ လိုလာမှာပါ။ အဲဒီမှာ စပြီး ကြားလာရမယ့် အရာတွေထဲက တခုကတော့ စီးပွားရေးအရ ခြေကုန်လက်ပမ်း ကျတာတွေကို ကြားလာရမှာပါ။” လို့ Stephanie Segal က ပြောပါတယ်။

ဒါပေမယ့်လည်း ဗိုင်းရပ်စ်ကာကွယ်ဆေးကို မတွေ့မချင်း ဒါမှမဟုတ် ရောဂါပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးကို မတွေ့မချင်း စီးပွားရေး ကျဆင်းမှုတွေကို ဘယ်လောက်ထိ ဆိုးရွားမယ်၊ ဘယ်လောက်ထိ ကြာမယ်ဆိုတာကို ပြောဖို့ ခက်ဦးမှာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ တချိန်တည်းမှာပဲ စီးပွားရေးလုပ်ငန်းတွေကို အချိန်မတိုင်ခင် ပြန်ဖွင့်လိုက်ခြင်းအားဖြင့်လည်း ကပ်ရောဂါပြဿနာကြီးကို ပိုပြီးတော့ ရှည်ကြာသွားစေနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)















XS
SM
MD
LG