သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်စာရင်း အမှားပြင်ဆင်ခွင့် လေးရက်သာ ကျန်ရှိ


မွန်ပြည်နယ် ပေါင်မြို့မှာ ဆန္ဒမဲပေးခွင့်ရှိသူ အမည်စာရင်းကို ကြည့်ရှုနေသူတချို့။ (ဇူလိုင် ၂၇၊ ၂၀၂၀။ ဓာတ်ပုံ - MOI)
မွန်ပြည်နယ် ပေါင်မြို့မှာ ဆန္ဒမဲပေးခွင့်ရှိသူ အမည်စာရင်းကို ကြည့်ရှုနေသူတချို့။ (ဇူလိုင် ၂၇၊ ၂၀၂၀။ ဓာတ်ပုံ - MOI)

[Zawgyi/Unicode]

နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပေမဲ့ အချက်အလက်တွေ မှန်-မမှန် လာရောက်စစ်ဆေးတဲ့သူ အရေအတွက် သိသိသာသာ နည်းပါးတဲ့ နေရာတွေလည်း ရှိနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။

ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပထမအဆင့်အဖြစ် ထုတ်ပြန်ရာမှာ အချက်အလက် လွဲမှားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ လာရောက် ကြည့်ရှုတဲ့သူ နည်းပါးတဲ့နေရာတွေလည်း ရှိနေတာပါ။ မဲပေးခွင့်ရှိသူ စာရင်းမှာ လွဲမှားတဲ့အချက်အလက်တွေ ပါတယ်ဆိုရင် ပြင်ဆင်နိုင်အောင် တင်ပြဖို့ ၄ ရက်သာ အချိန်ကျန်တော့ပေမဲ့ အခုအချိန်အထိ မဲစာရင်းကို လာကြည့်တဲ့သူ သိသိသာသာနည်းနေတုန်းပဲလို့ ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။

“ပြည်သူတွေက မိမိအမည်ပါဝင်ခြင်းရှိ မရှိ၊ မပါရင်လည်းပါဖို့ တအိမ်ထောင်ကို အနည်းဆုံး ၁ယောက်လောက်တော့ မဲစာရင်း သွားရောက်ကြည့်ရှုစေချင်ပါတယ်။ ကျနော်တို့ရန်ကုန်တိုင်းမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ လာကြည့်တယ်။ ဆိုတော့ မိမိအခွင့်အရေး မဆုံးရှုံးရအောင် သွားကြည့်စေချင်ပါတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့လထဲ ထုတ်ပြန်ခဲ့တဲ့ ပထမအဆင့် မဲဆန္ဒရှင် အမည်စာရင်းကိုတော့ ဒီလ ၈ ရက်နေ့အထိ ၁၄ ရက်ကြာ သတ်မှတ်ခဲ့ပေမဲ့ အမှားအယွင်းတွေ များနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် သီတင်း ၁ ပတ် ထပ်မံရက်တိုးပေးထားပါတယ်။

မဲစာရင်းလာကြည့်သူတွေအနေနဲ့ ကိုယ့်အမည်စာရင်း ပါမလာခဲ့ရင်၊ ဒါမှမဟုတ် မဲစာရင်းမှာဖော်ပြထားတဲ့ အချက်မှားနေရင်၊ နောက်ပြီးတော့ မဲစာရင်းမှာ အမည်စာရင်းမပါသင့်သူ ပါနေခဲ့ရင် ပြင်ဆင်နိုင်ဖို့အတွက် ပုံစံ (၃)၊ ပုံစံ (၄) နဲ့ (၄-ဂ) တို့ကို ဖြည့်စွက်ပြင်ဆင်ဖို့ လိုပါတယ်။

မန္တလေးတိုင်းမှာတော့ မနေ့ကအထိ လာကြည့်သူပေါင်း ၁၀ သိန်းကျော်ရှိနေပြီး၊ အဲဒီထဲက ဖြည့်စွက်ပြင်ဆင်ဖို့ တောင်းဆိုလွှာ လျှောက်ထားသူကတော့ ၁၀၀,၀၀၀ ကျော်ရှိနေတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

“ပုံစံ (၃) ၊ (၄) ၊ (၄-ဂ) နဲ့ ပြင်ဆင်တာတွေကို ကျနော်တို့က အမြန်ဆုံးပြင်ဆင်သွားပါမယ်။ ဒီလမကုန်ခင် အပြီးပြင်ဆင်ပါမယ်။ ဒုတိယအကြိမ် ၁၄ ရက် ထပ်ကပ်ဦးမှာ။ အဲတော့ ပိုပြီးတော့မှန်အောင်တော့ များများကြည့်၊ များများပြင်၊ များများမှန်ဆိုတဲ့ ရှေ့ကိုရောက်ချင်တဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် ထားပါတယ်ခင်ဗျ။”

အခုချိန်ထိ မဲစာရင်းလာကြည့်သူ နည်းပါးနေတာ ကပ်ရောဂါကာလကြောင့် ဖြစ်နိုင်သလို၊ အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်း မကြည့်နိုင်သူတွေအတွက် အွန်လိုင်းကနေတဆင့် ကြည့်နိုင်ဖို့ ကော်မရှင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ စီစဉ်ဖို့လိုတယ်လို့လည်း ရွေးကောက်ပွဲပညာပေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ပဉ္စမမဏ္ဍိုင်ရဲ့ ဒါရိုက်တာဦးနေဝင်းနိုင်က ပြောပါတယ်။

“အခုက ကိုယ့်နာမည်စာရင်းပါ မပါသိချင်ရင် အနည်းဆုံးတော့ ရပ်ကွက်ရုံးကိုသွားကြည့်မှရတဲ့ ဒီ Only One Channel တခုပဲရှိနေတာ။ အဲဒါက သိပ်ပြီးတော့မှ အဆင်ပြေမနေဘူးပေါ့လေ။ အဲဒါကြောင့် ၁၀ တန်းအောင်စာရင်းကို ဒီအွန်လိုင်းကနေ ထုတ်ပြန်သလိုမျိုးပဲ၊ ကျနော်တို့ရဲ့ မဲစာရင်းကိုလည်းပဲ အွန်လိုင်းကနေ ထုတ်ပြန်နိုင်မယ်ဆိုရင် ပိုပြီးတော့ လူထုရဲ့စစ်ဆေးမှုတွေလည်း ပိုများလာမယ်။ ပြီးရင် ပြင်စရာတွေကိုလည်း အွန်လိုင်းကနေတဆင့် လုပ်လိုက်နိုင်မယ်ဆိုရင် ပိုကောင်းသွားတာပေါ့။”

မဲစာရင်းလာမကြည့်သူတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက နာမည်စာရင်း ပါပြီးသားဖြစ်လို့ ဒီနှစ်မှာလာမကြည့်တော့သူတွေနဲ့ မဲပေးနိုင်ဖို့အတွက်ဆိုရင် ကိုယ့်အမည်စာရင်းမှန်မှန်ကန်ကန် မဲစာရင်းမှာပါရမယ်ဆိုတာကို မသိသူတွေအပြင်၊ ရွေးကောက်ပွဲအပေါ်ကို စိတ်မဝင်စားလို့ သွားမကြည့်သူတွေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။

လာမယ့် အောက်တိုဘာလထဲမှာတော့ ပြင်ဆင်ထားတဲ့ မဲဆန္ဒရှင် အမည်စာရင်း ဒုတိယအကြိမ်ထပ်မံ ထုတ်ပြန်မှာပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက မဲပေးခွင့်ရှိသူတွေရဲ့ ၇၀ရာခိုင်နှုန်းလောက် မဲပေးခဲ့ကြပေမဲ့ ဒီနှစ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ဟာ ကပ်ရောဂါနဲ့ ကြုံနေရတဲ့ အချိန်ဖြစ်နေတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ထိခိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG