သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းအပေါ် သုံးသပ်ချက်


NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း-National League for Democracy facebook
NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း-National League for Democracy facebook

(Zawgyi/Unicode)

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ၂၀၂၀ ပြည့် ရွေးကောက်ပွဲ ကြေညာစာတမ်းဟာ ပြီးခဲ့တဲ့ တကြိမ်နဲ့ ဘာတွေကွာခြားသွားသလဲ ဆိုတာကို တင်ပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ဆက်ပေးမှာပါ။

ပါတီရဲ့ မူဝါဒရပ်တည်ချက်တွေနဲ့ ဆောင်ရွက်ဖို့ ရည်မှန်းထားတာတွေကို ဖော်ပြထားတဲ့ NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ထုတ်ပြန်ခဲ့တာနဲ့ ထူးထူးခြားခြား ကွာခြားတာတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ဒီအထဲမှာတော့ အရင်က ဦးစားပေးအဖြစ် NLD ကပြောထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ယေဘုယျ သဘောသာ ပါဝင်တာ တွေ့ရကြောင်းလည် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပါတယ်။

“ လက်ရှိအခြေအနေမှာ အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ စာမျက်နှာ ၁မှာ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ဆိုတဲ့ အချက်တစ်ချက်ပဲ ထည့်သွင်း ထားပြီးတော့ နောက်ပိုင်း ဖော်ပြတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ဖော်ပြထားတာကို မတွေ့ရပါဘူး။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းတုန်း ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လို အခြေခံမူတွေအပေါ်မှာ အခြေပြုပြီးတော့ ပြင်ဆင်သွားမယ်ဆိုတာမျိုး တိတိလင်းလင်းဖော်ပြခဲ့တာမျိုးတွေ့ရပါတယ်။”

အခြားထူးခြားချက်တွေအနေနဲ့ ၂၀၁၅ခုနှစ် ကြေညာစာတမ်းမှာ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ လူထုအခြေပြုအဖွဲ့တွေကို အလေးထားမယ်ဆိုတာနဲ့ သတင်းမီဒီယာတွေရဲ့ အရေးပါမှုကို ဖော်ပြခဲ့ပေမဲ့ ဒီနှစ်မှာ မပါဝင်ခဲ့ပါဘူး။ ဒီတကြိမ်ကြေညာချက်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်လို့ ထည့်သွင်းထားတဲ့ ထူးခြားချက်ကိုလည်း ဒေါက်တာရန်မျိုးသိမ်းက အခုလို သုံးသပ်ပါတယ်။

“ ဒီကာကွယ်ရေးနဲ့ လုံခြုံရေးအပိုင်းမှာပေါ့လေ။ တပ်မတော်သည် ဒီမိုကရေစီ စံနှုန်းစံထားများနဲ့အညီ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစိုးရ၏ မူဝါဒအပေါ် ရပ်တည်ရန် ဆိုတဲ့အချက်ကို ထည့်သွင်းထားတာ တွေ့ရတယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီးတော့လည်း ဒီမိုကရေစီစံနှုန်းများကို အခြေခံသည့် တည်ငြိမ်အေးချမ်းသော လူမှု့အသိုင်းအဝိုင်းထွန်းကားရေးကို ပံ့ပိုးရန် အချက်ကို ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါကတော့ ၂၀၂၀မှာ ထူးထူးခြားခြားပေါ့လေ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဖော်ပြထားတာတွေ့ရပါတယ်။”

လက်ရှိ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကဏ္ဍမှာ ဖော်ပြချက်တွေဟာ ယေဘုယျအချက်တွေသာပါဝင်ပြီး ဒီထက် ပိုမိုဖော်ပြသင့်ကြောင်းလည်း ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပါတယ်။

ဒီအမြင်အပေါ်မှာတော့ ပြည်ထောင်စု အင်စတီကျူ့ရဲ့သုတေသီ စိုင်းထွန်းအောင်လွင်ကလည်း ထောက်ခံထားပြီး တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး အခုလို သုံးသပ်ထားပါတယ်။

“ အငြင်းပွားစရာရှိတဲ့ ကိစ္စကတော့ မြန်မာနိုင်ငံ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း MSDP နဲ့ တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်သော ဥပဒေနဲ့အတူ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မည်ဆိုတဲ့ ကိစ္စမှာ ဘာတွေ့ရလဲဆိုတော့ အဲဒီ MSDP ကိုက တိုင်းရင်းသားတွေနဲ့ ချုပ်ဆိုထားတဲ့ ဥပမာ NCA လိုစာချုပ်ပါ အခြေခံမူတွေဖြစ်တဲ့ သဘာ၀ ပတ်ဝန်းကျင်အရေးတို့ တွင်းထွက်သံယံဇာတတွေနဲ့ ပတ်သက်တဲ့အရေးတွေမှာ သူက တော်တော်လွဲတဲ့ဟာလေးတွေ ပါနေတော့ ဒီဟာကြီးကို သူက ရွေးကောက်ပွဲကြေညာစာတမ်းမှာ သီးခြားထည့်လာတော့ ဒါ တော်တော်လွဲတဲ့ ကိစ္စအဖြစ် ထင်ထင်ရှားရှားတွေ့ရတယ်ပေါ့နော်။”

NLD ပါတီက ထုတ်ပြန်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်တွေမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စတာအပြင် ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍပါ အချက်တွေဟာ စိန်ခေါ်မှု အများဆုံးဖြစ်နိုင်မယ်လို့ သုံးသပ်ထားကြပါတယ်။

NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြထားတဲ့အချက်တွေကို အပြည့်အ၀ အကောင်အထည်မဖော်နိုင်ခဲ့တာတွေ ရှိခဲ့ပြီး အဲဒီအထဲက တိုင်းရင်းသားအရေးကိစ္စရပ်တွေကို အကောင်အထည်မဖော်နိုင်ခဲ့တာတွေဟာ ပြည်နယ်တွေမှာ လူထုထောက်ခံမှုကျဆင်းစေနိုင်ကြောင်း ဝေဖန်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)












XS
SM
MD
LG