(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၃ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမှတ် ၂ တပ်မတော်ဆေးရုံ၊ ကုတင် ၅၀၀ မှာ ကုသမှုခံယူခဲ့ကြတဲ့ အသက် ၇၄ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၅၇၅၅ နဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၅၇၅၀၊ ဖောင်ကြီး COVID-19 ကုသရေးဌာနမှာ ကုသမှုခံယူခဲ့တဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၅၉၇၂ တို့ ကွယ်လွန်သွားတာပါ။ သူတို့သုံးဦးစလုံးဟာ ဒီကနေ့တရက်တည်းမှာပဲ ကွယ်လွန်ခဲ့ကြတာ ဖြစ်ပါတယ်။
ရောဂါကူးစက်သူကလည်း နောက်ထပ် ၅၁၇ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ၈,၃၄၄ ဦးရှိပြီ ဖြစ်ပါတယ်။
ဒီကနေ့မနက် ၈ နာရီကနေ ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၄၂၆ ခုထဲမှာ အခုလို နောက်ထပ် ရောဂါပိုးကူးစက်သူတွေ တွေ့ခဲ့ရတာပါ။
ဆေးရုံအသီးသီးကနေ ဆင်းခွင့်ရသူ အရေအတွက် ၂၉၆ ဦး ထပ်တိုးတာကြောင့် ဆေးရုံကဆင်းသွားသူပေါင်း ၂,၃၈၁ ဦးရှိပါပြီ။
ကိုဗစ်ရောဂါပိုး ကူးစက်သူအရေအတွက် နေ့စဉ်လို တိုးလာနေတာနဲ့အမျှ ဒေသအသီးသီးမှာ ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်ထားပြီး လူထုအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာနေထိုင်ပြီးတော့ ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။
-------------------
(Unicode)