သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ရန်ကုန်ရောက် အလုပ်သမားတွေ နေရပ်ပြန်ခွင့်တောင်းခံ


ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတခုရဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၈၊ ၂၀၁၅)
ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတခုရဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၈၊ ၂၀၁၅)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ကို ရက်ထပ်တိုးထားပြီး စက်ရုံ အလုပ်ရုံတွေ ရပ်နားထားရတာကြောင့် အလုပ်သမားတွေ စားဝတ်နေရေး ကြပ်တည်းလာနေသလို၊ တချို့ကတော့ နေရပ်ပြန်ချင်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပေးထားပါတယ်။

ကပ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးနေတာတာကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ကို သက်တမ်းတိုးထားရသလို၊ လုပ်ငန်းတွေလည်း ရပ်နားထားရတာကြောင့် အလုပ်သမားတွေ အခက်အခဲနဲ့ ရင်ဆိုင်လာနေကြရတာပါ။ ရန်ကုန်တိုင်း ရွှေပြည်သာက စက်ရုံအလုပ်သမားတဦးဖြစ်တဲ့ မလင်းလင်းခိုင်ကတော့ ဝင်ငွေမရှိတာကြောင့် နေရပ်ပြန်ချင်ပြီလို့ ပြောပါတယ်။

“အခုဟာကတော့ ရှိတာလေးကို ရောင်းစားပြီးတော့ ကုန်တာပေါ့နော်၊ အပိုငွေဆိုတာ မရှိဘူးလေ၊ အဲ့လိုမျိုးဆိုတဲ့အခါကျတော့ တိုက်သွားတော့ တစ်လလောက် သူတို့တောင့်ခံနိုင်တယ်၊ တစ်လ နှစ်လကျတော့ သူတို့ တောင့်မခံနိုင်တော့ဘူး၊ အဲ့ဒါနဲ့ အကုန်လုံးက ကဲ ပြန်မယ်၊ ပြန်ကြမယ်ဆိုတော့ အဲ့လိုမျိုး တောင်းဆိုတယ်ဆိုတဲ့အခါကျတော့လေး ပြန်လို့လည်း မရ အဲ့လိုမျိုးဖြစ်နေလို့လေ။”

နယ်တွေကနေ ရန်ကုန်မှာ အလုပ်လာလုပ်နေကြတဲ့ အလုပ်သမားတွေ အနေနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အတွက် ဝင်ငွေမရှိဘဲ ဖြစ်နေပေမဲ့ အသုံးစရိတ်တွေက လျော့မသွားတာကြောင့် နေရပ်ပြန်ချင်နေကြတာပါ။ ဒါကြောင့်လည်း တချို့ဖြစ်တဲ့နည်းနဲ့ အိမ်ပြန်ဖို့အထိ စဉ်းစားနေကြတယ်လို့လည်း ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှာ အလုပ်လာလုပ်နေတဲ့ ဦးတင်လှိုင်က ပြောပါတယ်။

“ဒီမှာနေရတာ အဆင်မပြေလို့ ကျနော်သူငယ်ချင်းတွေဆိုရင် ဟိုရွာကိုတောင်မှ လမ်းလျှောက်ပြီးပြန်မယ်၊ တကယ်လို့ ဖမ်းရရင်တောင်ဖမ်း၊ ဖမ်းတာမှ သူတို့အတွက် အခက်အခဲကို ကျော်လွှားနိုင်မယ်ထင်တာပေါ့နော်၊ ဟို အဖမ်းခံလိုက်မယ်ဆိုတဲ့ သဘောပေ့ါ၊ ဒီမှာက အိမ်ပေါ်က နင်းချရင် နေစရာကမရှိ၊ သွားဖို့မရှိတော့ မထင်ဘူး၊ ၁၀ ယောက်တစ်ဖွဲ့ ၅ ယောက်တစ်ဖွဲ့ အဲ့လို လမ်းလျှောက်ပြန်ပြီးတော့ အဖမ်းခံမယ်၊ အဲ့လို စိတ်ကူးပေမဲ့ အခု မနည်းဘူး။ ကျနော်တို့ သူငယ်ချင်းတွေကို တားထားတယ်ခင်ဗျ၊ အဲ့အနေအထားထိဖြစ်နေတယ်။”

အလုပ်မလုပ်နိုင်တဲ့ရက်တွေ ကြာလာတာနဲ့အမျှ နေရပ်ပြန်လိုသူတွေ များလာနေပြီး ပြန်ခွင့်ရဖို့ အကူအညီတောင်းသူတွေ ရှိနေတယ်လို့လည်း ရန်ကုန်မြို့က ကုလရက္ခိတ ပရဟိတအသင်း ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောပါတယ်။ အခက်အခဲဖြစ်လို့ ရခိုင်ပြည်နယ်က ရောက်နေသူတွေထဲက နေရပ်ပြန်ချင်တဲ့ သူတွေကို စာရင်းပြုစုထားတာ ၂,၀၀၀ ကျော်လောက် ရှိနေတယ်လို့လည်း ပြောပါတယ်။

“အင်း။ ကျန်တဲ့ ဒေသက အညာပိုင်းတို့ နောက်ပြီးတော့ စစ်ကိုင်းဘက်တို့၊ မကွေးဘက်တို့ အဲ့ဘက်ကလူတွေလည်း အလုပ်သမားတွေ တော်တော်ဒုက္ခရောက်နေကြတယ်ပေါ့နော်၊ အိမ်လစာကလည်း မပေးနိုင်ကြတော့ဘူးဖြစ်နေတယ်၊ နောက်ပြီးတော့ နေစရိတ် စားစရိတ် အကုန်လုံးပေါ့၊ ကမောက်ကမတွေ ဖြစ်နေကြတာပေါ့နော်၊ သူတို့တွေက ဒီလကုန်လောက်ရင် မပြန်နိုင်ရင် တော်တော်လေး အခက်အခဲရှိတယ်၊ တချို့ကျလည်း ငိုနေပြီးတော့ ပြောကြတာပေါ့နော်။ စိတ်မကောင်းစရာလေးတွေ ကြားရပါတယ်။”

နေရပ်ပြန်ပို့ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းထားပြီး ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာပါရင် ပြန်လာခွင့်ပြုမှာဖြစ်ကြောင်းလည်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။ အခက်အခဲတွေကြောင့် နေရပ်ပြန်လိုသူ ၇၀၀ ကျော် စာရင်းကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့လည်း ပြောပါတယ်။

“ဟုတ်ကဲ့။ ကျနော်တို့ကတော့ ကိုဗစ်ရောဂါပြန့်ပွားတာကိုလည်း မလိုချင်ဘူး၊ ဒီဒုက္ခရောက်နေတဲ့ လူတွေကိုလည်း ကိုယ့်အရပ် ကိုယ့်ဒေသကို ပြန်ပို့ချင်တယ်၊ အဲ့ဒါကြောင့် တချို့ အဲ့ထဲမှာ စရိတ်ကို တတ်နိုင်တဲ့ လူရှိမယ်၊ စရိတ်မတတ်နိုင်တဲ့ လူရှိမယ်၊ စရိတ်တတ်နိုင်ရင် တတ်နိုင်သလို မတတ်နိုင်ရင် မတတ်နိုင်သလို ကျနော်တို့ အလှူရှင်များကို အလှူခံပြီးတော့ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက် ပေးသွားပါမယ်။ ဒီကနေပြီးတော့ ဒီလူတွေ စားစရာမရှိလို့ ဒုက္ခရောက်လို့ ကျနော်တို့က ပြန်ပို့လိုက်တယ်။ ဒါပေမဲ့ အဲ့ပို့လိုက်တဲ့ လူတွေကြောင့် ဟိုမှာ ရောဂါ ရခိုင်မှာ ရောဂါပိုးပြန့်ပွားသွားတယ်ဆိုတဲ့ဟာမျိုးကိုလည်း မဖြစ်အောင်ဆိုပြီးတော့ ကျနော်တို့က ဒီမှာ Swanb ယူမယ်၊ ကျန်းမာရေးစစ်ဆေးမယ် Negative ဖြစ်မှ ကျနော်တို့ ပို့မှာဖြစ်ပါတယ်။”

ကပ်ရောဂါကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်ထားရတဲ့အချိန်မှာ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေကို ကူညီထောက်ပံ့ဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေကလည်း တိုက်တွန်းနေကြတာပါ။ လုပ်ငန်းတွေ ပိတ်ထားချိန်မှာ အလုပ်သမားတွေကို ထောက်ပံ့ဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေကြား အစောပိုင်းမှာ ဆွေးနွေးမှုတချို့ ရှိခဲ့ပေမဲ့ တိကျတဲ့ဆုံးဖြတ်ချက်တော့ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG