သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေ ထွက်ပေါ်လာ


နေပြည်တော် ဇေယျာသီရိမြို့နယ် မဲရုံတရုံမှာ မဲရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀)
နေပြည်တော် ဇေယျာသီရိမြို့နယ် မဲရုံတရုံမှာ မဲရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အမတ်နေရာ ၆ နေရာ အနိုင်ရပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Chair NLD ဆိုတဲ့ တရားဝင် Facebook စာမျက်နှာက ဖော်ပြထားပါတယ်။ မြန်မာ့ရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် မကြေညာသေးပေမယ့် နာမည်ကြီး ကိုယ်စားလှယ်လောင်းတချို့ နေရာတွေက ကနဦး မဲရလဒ်တွေ အရတော့ ပြည်သူ့ရှေ့ဆောင်ပါတီ အကြီးအကဲ ဒေါက်တာ သက်သက်ခိုင်၊ အရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာတင်မာအောင်၊ နောက် ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး၊ ဒေါက်တာညိုညိုသင်းတို့ အနိုင်မရဘူးလို့ ပြောဆိုနေကြပါတယ်။

နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်နဲ့ NLD က ဒေါ်ပြုံးကေသီနိုင်တို့ ယှဉ်ပြိုင်နေတဲ့ ကလော မဲဆန္ဒနယ်မှာတော့ ကြိုတင်မဲကိစ္စ ကန့်ကွက်ဖို့ ဆောင်ရွက်နေကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ဗွီအိုအေကို ပြောပါတယ်။ အခုထွက်ပေါ်နေတဲ့ ရလဒ်တွေကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တင်ပြမှသာ တရားဝင် အတည်ပြုနိုင်မှာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်း တင်ပြထားပါတယ်။

တနင်္ဂနွေနေ့က COVID-19 စည်းကမ်းတွေနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတော့ အခက်အခဲ ကြီးကြီးမားမားမရှိဘဲ ကျင်းပနိုင်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မြန်မာ့ အထွေထွေရွေးကောက်ပွဲ ရလဒ်တွေကို ရေတွက်နေကြဆဲပါ။

“ကိုဗစ်ဖြစ်တဲ့အချိန်မှာ ကျင်းပရတော့ အစိုးရအတွက်ရော တခြား အဖွဲ့အစည်းတွေရော အများကြီး အခက်အခဲရှိပါတယ်။ ဒါပေမယ့် ဒီ ၂၀၂၀ ရွေးကောက်ပွဲဟာ စနစ်လည်းကျတယ်။ ကျန်းမာရေးနဲ့အညီလည်း လုပ်ဖြစ်တယ်။”

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဇော်နိုင်ဝင်း ပြောပြသွားတာပါ။

၂၀၂၀ ပြည့်နှစ် မြန်မာ့ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းတပတ်လောက် အလိုမှာပဲ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရရဲ့ ရွေးကောက်ပွဲ ပြင်ဆင်ကျင်းပမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တင်းတင်းမာမာ သဘောထား ထုတ်ပြန်ခဲ့တာပါ။ နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲထွက်ထည့်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကို လက်ခံရမှာပဲ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး လက်ခံရမှာပဲ။”

ဘယ်ပါတီကို မဲပေးသလဲ ဆိုတာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မပြောပါဘူး။

“ကျနော် အမြဲတမ်းပြောတယ်။ ကျနော်တို့ တပ်မတော်နဲ့ လက်တွဲပြီး လုပ်လို့ရမယ့် ပါတီကို ရွေးချယ်ပြီး ပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့ ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။”

လွှတ်တော်အမတ် ၄ ပုံ ၁ ပုံကို ခန့်အပ်ခွင့်ရှိထားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပူးပေါင်းပါဝင်မှု မရရင်တော့ လက်ရှိအာဏာရ NLD ပါတီ အနေနဲ့ အစိုးရဖွဲ့နိုင်ရေး လွှတ်တော်အမတ်နေရာ လုံလုံလောက်လောက်ရဖို့ လိုအပ်ပါတယ်။ အခုအခြေအနေအထိတော့ ရွေးကောက်ပွဲရလဒ်တွေ ထွက်မလာသေးပါဘူး။ ဒါပေမယ့် ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးရှေ့မှာတော့ ရွေးကောက်ပွဲညက ထောက်ခံသူတွေ စုစည်း ရောက်ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်ကိုလည်း ပြောပြကြပါတယ်။

“ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာ အခု ရွေးကောက်ပွဲတွေ လုပ်ကြတယ်။ ကိုဗစ်ကာလကြီးမှာလည်း လုပ်ကြတယ်။ အန်တီတို့နိုင်ငံလည်း ကိုဗစ်ကာလမှာ လုပ်တယ်။ ဒါပေမယ့် ဘာကွာလဲဆိုတော့ သူတို့က ခေါင်းဆောင်ကို ရွေးချယ်တာလောက်ပဲ လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတယ်။ အန်တီတို့မှာက အနှောင့်အယှက်တွေ အများကြီးရှိသေးတယ်။ ဒါကြောင့်မို့လို့ အန်တီတို့က ဒါ အရေးကြီးတယ်။ NLD သောင်ပြိုကမ်းပြိုနိုင်ဖို့ အရေးကြီးတယ်။ ဒါမှ လွှတ်တော်တွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းရဦးမယ်။ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံပြီးမှ အန်တီတို့ရဲ့ အနာဂတ် အန်တီတို့ ကလေးတွေက စိတ်ချလက်ချနဲ့ နေရမယ်။”

“မြို့နယ်အလိုက်တော့ မဲရလဒ်တွေက ဆက်လာသေးတယ်။ တချို့မြို့နယ်တွေက Confirm မဖြစ်သေးဘူး။ ဒီ့ပြင်မြို့နယ်တွေမှာ ရေတွက်နေတဲ့ အထဲမှာ NLD ကပဲ ဦးဆောင်နေတယ်လို့ ကျနော်တို့ ကြားသိရတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ NLD နိုင်မှာပါ။”

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)














ဆက်စပ်သတင်းများ ...

XS
SM
MD
LG