သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုများ KIO ထောက်ခံ


ရန်ကုန်မြို့က စစ်အာဏာဖီဆန်ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)
ရန်ကုန်မြို့က စစ်အာဏာဖီဆန်ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတဲ့ လုပ်ရပ်ကို ထောက်ခံကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ လူထုအုံကြွမှုတွေနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်မှာပါ စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ KIO ရဲ့ သဘောထား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးရသေးတဲ့ တရုတ်မြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေ နှုတ်ဆိတ်နေတယ်လို့ အများကမြင်နေချိန်မှာပဲ လူထုလှုပ်ရှားမှုတွေကို ထောက်ခံတဲ့သဘောထားကို KIO က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

KIO အနေနဲ့ လူထုဆန္ဒကို လေးစားကြောင်းနဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း KIO အထွေထွေ အတွင်းရေးမှူး ဦးလနန်က အခုလို စတင်ပြောဆိုပါတယ်။

“စဖြစ်ကတည်းက ဒီကိစ္စအပေါ်မှာ တရားဝင် ထုတ်ပြန်ချက်တွေ မထုတ်ပြန်ပေမဲ့ လူထုရဲ့ ဆန္ဒထုတ်ဖော်မှုအပေါ်မှာ သတိထားပြီး စောင့်ကြည့်တယ်။ နောက်ပြီးတော့ ဒီ စစ်တပ်ပိုင်းနဲ့ ရဲတွေရဲ့ ဆောင်ရွက်ချက်ကို သတိထားပြီးစောင့်ကြည့်နေတဲ့အနေအထား ရှိပါတယ်။ ဒါကြောင့် ဒီဖြစ်ပေါ်နေတဲ့ ဆန္ဒထုတ်ဖော်မှုပေါ့နော်။ ဆန္ဒပြ ဖော်ထုတ်မှုကတော့ ဒါက ပြည်သူလူထု့ရဲ့ ပြောဆိုမှုကတော အမှန်တရားဘက်မှာ ရှိတယ်လို့ ကျနော်တို့ KIO က လက်ခံထားပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက PCG ကနေတဆင့် တပ်မတော်ရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို စကားပါးတာ ရှိခဲ့ပါတယ်။ အဲဒီထဲမှာလည်း အဓိပ္ပါယ်အားလုံးပါပါတယ်။”

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေ တဆင့် တပ်မတော်ကို သတင်းစကား ပေးပို့ရာမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို အကြမ်းဖက် မနှိမ်နင်းဖို့နဲ့ သွေးထွက်သံယိုဖြစ်လာရင် ပြည်သူဘက်က ကာကွယ်သွားမယ်ဆိုတဲ့အချက်တွေလည်း ပါဝင်ခဲ့ပါတယ်။

“ကျနော်တို့ကတော့ ပြည်နယ် ခွဲခြားပြီး ပြောနေတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူထုတွေရဲ့ သဘောဆန္ဒပေါ့နော်။ အဲဒါကို အလေးထား တန်ဖိုးထားပါတယ်။ အဲဒါကြောင့် လူထုဆိုတဲ့နေရာမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူလူထု၊ နိုင်ငံဝန်ထမ်းပါ အပါအဝင် အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီပြည်သူလူထုတွေကို အကြမ်းဖက်နှိမ်နင်းတာတို့ သွေးထွက်သံယို ဖြစ်တာမျိုး မဖြစ်အောင်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ကိုတော့ ကျနော်တို့က တပ်ကို ပြောထားတာရှိတယ်။ ဒါပေမဲ့ အဲဒီကိစ္စဟာ ဒီထက်ကျော်လွန်ပြီး ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့ဘက်ကနေပြီးတော့ ဒီ လက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့ကနေပြီးတော့ ဒီအပေါ်မှာ ချက်ချင်းလက်ငင်းတော့ ဟိုဟာလုပ်ပါ့မယ်၊ ဒီဟာလုပ်ပါ့မယ်ဆိုပြီးတော့ ပြောဆိုဖို့တော့ အများကြီး စောလွန်းပါသေးတယ်။”

နိုင်ငံရေးအကြပ်အတည်းတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီက ပထမဆုံးအကြိမ်အဖြစ် မနေ့တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ KIO အထွေထွေ အတွင်းရေးမှူး ဦးလနန်ကတော့ လူထုဆန္ဒကို အရင်ဖြည့်ဆည်းဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“ကျနော်တို့ စပြီးဆွေးနွေးတာကတော့ NRPC ပါ။ NRPC ကတော့ အစိုးရဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါ့နော်။ အခုက NRPC ကလည်း မရှိတော့ဘူးလို့ စကားပါးလာတာရှိခဲ့ဖူးတယ်။ အဲဒါကြောင့်မို့ ဒီကိစ္စကလည်း ဘယ်လို ဆက်သွားကြမယ်ဆိုတာကတော့ ပြောဖို့ ခက်သေးတယ်။ နောက်ပြီးတော့ ဒီလိုမျိုးအခြေအနေမှာ ငြိမ်းချမ်းရေးကိစ္စတို့ အပစ်အခတ်ရပ်စဲရေးကိစ္စတို့ ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ရာကလည်း မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ပြည်ထဲမှာ ဖြစ်နေကြတဲ့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို အရင် ဦးစားပေးပြီးတော့ ဖြေရှင်းပြီးမှ နောက် တဆင့်ကြမှ ငြိမ်းချမ်းရေးကိစ္စကို ဆွေးနွေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။”

လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရာမှာ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေကို လွှတ်ပေးပြီး၊ နောက်ထပ် ဖမ်းဆီးတာတွေ မလုပ်ဖို့လည်း KIO ကတိုက်တွန်းထားပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ KIO အပါအဝင် NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်မထိုးရသေးတဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေနဲ့ သဘောထား ထုတ်ပြန်နိုင်မယ်ဆိုရင် လက်ရှိပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ခု KIA က သူ့သဘောထားကို အခုလို ထုတ်ဖော်ပြောဆိုလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ အခု အာဏာသိမ်းတဲ့ ပြဿနာကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းဖို့၊ ခေါင်းဆောင်တွေ လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်တွေကို ထောက်ခံပေးတဲ့အတွက် ကျနော်တို့ ကြိုဆိုအပ်တဲ့ဟာပဲ။ နောက် FPNCC တစ်ဖွဲ့လုံးအနေနဲ့ အဲဒီသဘောထားမျိုးသာ ရှိလာမယ်ဆိုရင်တော့ ဗမာပြည်ရဲ့ ပြဿနာဖြေရှင်းရေးမှာ အထောက် အကူဖြစ်ပါလိမ့်မယ်။”

FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဟာ တရုတ်မြန်မာနယ်စပ်ဒေသမှာ အခြေစိုက် UWSA ဝ၊ NDAA မိုင်းလား၊ MNDAA ကိုးကန့်၊ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ AA ရခိုင်စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ က စုပေါင်းဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုအဖွဲ့ဖြစ်ပါတယ်။

ဒီတပ်ပေါင်းစုမှာ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး KIA က ဒီနေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ခဲ့ပေမဲ့ ကျန်အဖွဲ့တွေက ထုတ်ပြန်တာမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]

စဈအာဏာသိမျးဆန့ျကငြျဆန်ဒပွမှုမြား KIO ထောကျခံ














XS
SM
MD
LG