သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့တွင်း ပစ်ခတ်ပေါက်ကွဲမှု လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်


ရန်ကုန်မြို့က လမ်းမတခုမှာ စောင့်ကြပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (မေ ၇၊ ၂၀၂၁)
ရန်ကုန်မြို့က လမ်းမတခုမှာ စောင့်ကြပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (မေ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏပန်းခြံရှေ့မှာ ဒီနေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။ ဒ့ါအပြင် လှိုင်မြို့နယ် ၁၆ ရပ်ကွက်အတွင်းမှာလည်း နေ့လယ်ပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေအပါအဝင် ရန်ကုန်မြို့ရဲ့ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံတွေရဲ့ သဘောထားတွေကို ကိုရန်နိုင်က တင်ပြပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က နေရာတချို့မှာတော့ ဒီနေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်ပြီးတော့ ဖြစ်ပွားခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏပန်းခြံရှေ့မှာ ဒီနေ့ နေ့လယ် ၂ နာရီကျော် ၃ နာရီလောက်က ကားတစီးနဲ့ လာရောက်ပစ်ခတ်သွားတာကြောင့် အဲဒီပန်းခြံရှေ့က အထက်တန်းကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သုဝဏ္ဏမြို့ခံတဦးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

“နေ့လယ် ၃ နာရီလောက်ကကျတော့ သုဝဏ္ဏ ကျောင်းလမ်းထိပ်မှာ ရပ်နေတဲ့ စစ်သားကို ကားတစီးပေါ်ကနေ လှမ်းပစ်သွားတာ။ ၁ ယောက် သေသွားတယ်။ ဒဏ်ရာက ၃ ဦး ရပါတယ်။”

အိမ်စီးကားတစီးနဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ကားကတော့ ပစ်ပြီးတော့ မောင်းပြေးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် အဲဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အနီးအနားတဝိုက်က မြို့နယ်အတွင်းမှာ အခုလောလောဆယ် လုံခြုံရေးတွေ ပိုပြီးတော့ တိုးချထားလာတာကို တွေ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“လုံခြုံရေးအခြေအနေကတော့ မြို့နယ်အတွင်းမှာတော့ တပ်တွေ ပိုပြီးတော့ ချတာတွေ ရှိတယ်။ အနီးနားက ကျောင်းတွေ၊ ဇရပ်တွေ၊ နေရာတွေမှာ ချထားတာတွေ ရှိတယ်ရှင့်။ အခုဖြစ်သွားတဲ့နေရာမှာပဲ ပိုပြီးတော့ များလာတာရှိတယ်။ နောက်ပြီးတော့ ပစ်ခတ်မှုဖြစ်တဲ့ မြို့နယ်အတွင်းပိုင်းမှာ ပိုပြီးတော့ ကျောင်းတွေဘာတွေမှာ ချထားတာရှိတယ်။”

ဒါ့အပြင် လှိုင်မြို့နယ် ၁၆ ရပ်ကွက် မာလာမြိုင် ၉ လမ်းအတွင်းမှာလည်း ဒီနေ့ နေ့လယ် ၁ နာရီလောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အတော်လေးကို အသံကျယ်ကျယ်လောင်လောင် ကြားခဲ့ရတယ်လို့ လှိုင်မြို့နယ်အတွင်း အဲဒီအနီးနားတဝိုက်မှာ နေတဲ့သူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အန်တီတို့က အဲဒီအနီးနားမှာပဲ နေတယ်ဆိုတော့ ကြားနေရတာပေါ့နော်၊ အသံကြီးက အကျယ်ကြီးဆိုတော့ လန့်သွားတယ်။ တော်တော်လေးကို အသံက ကျယ်နေတော့လေ၊ ဘယ်နားကမှန်းလည်း မသိဘူး။ နောက်တော့ လမ်းထဲကလူတွေက ပြေးလာပြီးတော့မှ ၉ လမ်းကလို့ ပြောတယ်။ အုပ်ချုပ်ရေးမှူးအိမ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်သူမှမရှိလို့ ဘယ်သူမှ လူထိခိုက်တာတော့ မရှိဘူးလို့ ပြောတယ်။ နောက်ပြီးတော့ သူတို့အိမ် နည်းနည်းပါးပါးပဲ မှန်တံခါးတွေလောက်ပဲ ပျက်စီးသွားတယ်လို့ပြောတယ်။ ဖြစ်တဲ့အချိန်ကတော့ ၁ နာရီ ၁၅ လောက်ပါ။”

ဒီနေ့ညနေပိုင်း ၅ နာရီလောက်ကလည်း ရန်ကုန်မြို့ ယုဇနာပလာဇာဝင်ပေါက် ၆ မှာ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုကြောင့် ယုဇနပလာဇာ အပြင်ဘက်မှာ မီးခိုးတွေ ထွက်နေတာကို လူမှုကွန်ရက်မှာ တင်ထားတဲ့ သတင်းတွေမှာ တွေ့နေရပါတယ်။ ဒါပေမယ့် အဲဒီဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျ မသိရသေးပေမယ့် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ယုဇနပလာဇာကို ရောက်လာပြီး ပလာဇာအတွင်းနဲ့ အနီးနားတဝိုက်မှာရှိတဲ့ လူတွေနဲ့ ကားတွေကို ရှင်းလင်း ဖယ်ရှားခိုင်းနေတယ်လို့ လူမှုကွန်ရက် သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ဒါ့အပြင် လမ်းမတော်မြို့နယ်အတွင်းက ညောင်ပင်လေးဈေးနားမှာလည်း ဒီနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြနေပါတယ်။ အခုလို ဒီအခြေအနေတွေကြောင့် မြို့ခံတွေအနေနဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားနေရပါသလဲ။

“အန်တီတို့ကတော့ လန့်နေရတာပဲပေါ့နော်၊ ကျီးလန့်စာစားနေရသလိုပါပဲ။ ညဆိုလည်း အဲဒီလိုပါပဲ။ ဘယ်နားမှာ ဘာတွေဖြစ်မလဲဆိုပြီး ကြောက်နေရတာပါပဲ။ လုံခြုံမှုက သိပ်မရှိဘူး။ အန်တီတို့ကတော့ သိပ်အပြင်မထွက်ဘူး။ ညဆိုရင်လည်း ၈ နာရီနောက်ပိုင်းဆို တိတ်ဆိတ်နေတာပဲ၊ ရပ်ကွက်တိုင်းပါပဲ။”

“လုံခြုံရေးအနေနဲ့ကတော့ မလုံခြုံဘူးလို့ ခံစားရတယ်။ ညဘက်အိပ်ရင်တောင် စိတ်ချလက်ချ မအိပ်နိုင်ဘူး။ အိပ်နေရင်တောင် ညသန်းခေါင်တွေမှာ ကင်းလှည့်နေတာတို့၊ တနေရာရာက ဗုံးပေါက်တာတို့က ဆက်တိုက်တွေကြားနေရတယ်။”

မနေ့ကလည်း စမ်းချောင်းမြို့နယ်ထဲက ဗားကရာအုပ်ချုပ်ရေးမှူးရုံးရှေ့ အပါအဝင် ပဲခူးတိုင်းအတွင်းက ညောင်လေးပင်မြို့ ကောက်ကွေ့ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်အတွင်း မနေ့ညပိုင်း ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)














XS
SM
MD
LG