သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ပြည်ပနိုင်ငံတချို့မှာ ရန်ပုံငွေရှာ လှုပ်ရှား


အမေရိကန်မှာပြုလုပ်တဲ့ နွေဦးတော်လှန်ရေး အမျိုးသမီးအဖွဲ့ရဲ့ တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲ။ (ဇွန် ၂၆၊ ၂၀၂၁)
အမေရိကန်မှာပြုလုပ်တဲ့ နွေဦးတော်လှန်ရေး အမျိုးသမီးအဖွဲ့ရဲ့ တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲ။ (ဇွန် ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ၅ လနီးပါး ရှိလာချိန်မှာပဲ မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး အမေရိကန်၊ ကနေဒါ အပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဇွန်လ ၂၆ ရက် စနေနေ့မှာ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး ရန်ပုံငွေရှာတဲ့ပွဲတွေ ကျင်းပကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာ့အရေးမှာ ပိုမိုအာရုံစိုက် ဆောင်ရွက်ပေးကြဖို့လည်း သက်ဆိုင်ရာနိုင်ငံတွေက လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

အမေရိကန် အရှေ့ဘက်ခြမ်း ဝါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယားပြည်နယ်က မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး 'နွေဦးတော်လှန်ရေး အမျိုးသမီးတပ်ပေါင်းစု' က ဦးစီးကျင်းပတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ရန်ပုံငွေရှာပွဲမှာ မြန်မာ့ရိုးရာ အစားအသောက်ရော တိုင်းရင်းသား အစားအစာတွေကိုပါ ရောင်းချကြသလို တိုင်းရင်းသား တေးသီချင်း အကအခုန်တွေကိုလည်း တွေ့ရပါတယ်။

လူရာချီတက်ရောက်ပြီး ဆိုင်ခန်းပေါင်းများစွာနဲ့ စည်ကားနေတဲ့ စနေနေ့ ရန်ပုံငွေရှာပွဲ လုပ်ဖြစ်ရတဲ့ အကြောင်းကိုတော့ ဈေးရောင်းပွဲတော်က ဖျော်ဖြေရေးတာဝန်ခံ တဦးဖြစ်တဲ့ ဦးရင်ထွေးက ရှင်းပြပါတယ်။

"ဒီပွဲကတော့ မေရီလန်းပြည်နယ် တနေရာပေါ့နော်၊ ချင်းဘုရားကျောင်း တနေရာမှာ လာပြီးတော့ တိုင်းရင်းသားပေါင်းစုံရဲ့ ဈေးရောင်းပွဲကို ကျနော်တို့ လုပ်ကြတာပါ။ ဒီပွဲမှာ တိုင်းရင်းသားပေါင်းစုံအပြင် အခြားပြည်နယ်တချို့ကနေ ဈေးလာရောင်းကြတဲ့ သူတွေရော၊ လာအားပေးတဲ့သူတွေရော တွေ့ရပါတယ်။ ဖျော်ဖြေရေး အစီအစဉ်မှာတော့ တော်လှန်ရေးတိုက်ပွဲဝင် သီချင်းတွေ သီဆိုကြတယ်။ နောက်ပြီး ဒီမှာ တက်ရောက်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှု ဦးဆောင်သူ အသီးသီးကလည်း စကားတွေပြောကြတယ်။ နောက် တိုင်းရင်းသားတွေကလည်း မိမိတို့ရရှိတဲ့ ပိုက်ဆံတွေအားလုံးကို လှူဒါန်းပြီးတော့ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဆင်နွှဲနေကြတဲ့ မြန်မာပြည်သားတွေအတွက် အကူအညီပေးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်ဖြစ်တာပါ။ ပြည်တွင်းမှာရှိနေတဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတူ ကျနော်တို့ တသားတည်းရပ်တည်ပြီး ပံ့ပိုးကူညီသွားပါမယ်။"

အမေရိကန်မှာပြုလုပ်တဲ့ နွေဦးတော်လှန်ရေး အမျိုးသမီးအဖွဲ့ရဲ့ တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲ။ (ဇွန် ၂၆၊ ၂၀၂၁)
အမေရိကန်မှာပြုလုပ်တဲ့ နွေဦးတော်လှန်ရေး အမျိုးသမီးအဖွဲ့ရဲ့ တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲ။ (ဇွန် ၂၆၊ ၂၀၂၁)

ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဘန်ကာဒင်နှင့် အောက်လွှတ်တော်အမတ် ဂရက်ဂရီမစ်ခ်တို့ ရေးဆွဲထားတဲ့ "Burma Bill" ခေါ် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်းတခုကို လွှတ်တော်က အတည်ပြုပေးဖို့ ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန်နိုင်ငံတွင်း ပြည်နယ်တချို့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန် အထက်လွှတ်တော်မှာ ကြန့်ကြာနေတဲ့ မြန်မာ့ဥပဒေကြမ်းကို အမြန် အတည်ပြုပေးဖို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့က မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ နမ်စီပလိုစီရဲ့ ဆန်ဖရန်စစ္စကိုရုံးရှေ့ သွားရောက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း ဦးကိုကိုလေးက ပြောပါတယ်။

"အဓိကတော့ မြန်မာပြည်နဲ့ပတ်သက်တဲ့ ဥပဒေမူကြမ်းတွေဟာ ကြန့်ကြာနေတယ်။ ဥပမာ အမေရိကန် အောက်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်တခုဟာ ဆီးနိတ် အထက်လွှတ်တော်မှာ မကျော်ဖြတ်နိုင်သေးဘူး။ အဲဒီအတွက်ကြောင့် မြန်မာ့ဥပဒေကြမ်းတွေ ဘယ်ရောက်နေလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်တို့ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။ နောက်တချက်က US Federal Reserve Bank မှာ မြန်မာပြည်ရဲ့ ဘဏ္ဍာငွေ ဒေါ်လာ ၁.၂ ဘီလျံကို ဂျိုးဘိုင်ဒန်အစိုးရက ထိန်းချုပ်တားမြစ်ထားတာကို မြန်မာပြည်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ သုံးဖို့ရယ်၊ CDM ဝင်ပြီး ဒုက္ခရောက်နေသူတွေကို ပံ့ပိုးနိုင်ဖို့အတွက် ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။"

ကနေဒါနိုင်ငံမှာလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတခုကို ဗန်ကူးဗားမြို့ Slocan ပန်းခြံမှာ စနေနေ့က ကျင်းပခဲ့ပြီး မြန်မာပြည်က ရိုးရာအစားအသောက်တွေ ရောင်းချခဲ့ကြောင်း ပွဲတာဝန်ခံတဦးဖြစ်သူ ကိုမင်းနိုင်က ပြောပါတယ်။

"Slocan Park မှာ မြန်မာအစားသောက်တွေ ရောင်းချတယ်။ ရလာတဲ့ အကျိုးအမြတ်တွေ အားလုံးက NUG အစိုးရဆီ သွားမယ်။ NUG နဲ့ PDF ကို သွားမယ်။ နောက်တခါ CDM ကို လှူဖို့အတွက် ဒီဈေးရောင်းပွဲလေး လုပ်တာပါ။ မြန်မာအစားသောက်တွေက စုံနေတာပဲ၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းငချိတ်၊ မန္တလေးမြီးရှည်၊ ဒန်ပေါက်၊ မုန့်ဟင်းခါး အစရှိသဖြင့်ပေါ့။ လူတွေ ရာကျော် လာကြပါတယ်။ နိုင်ငံခြားသားတွေလည်း လာအားပေးတာ တွေ့ရပါတယ်။"

အာရှတိုက်ထဲက ဂျပန်နိုင်ငံမှာတော့ မြန်မာတွေစုဖွဲ့ထားတဲ့ We For All အဖွဲ့က တိုကျို Shinjuku ဘူတာ၊ Kawasaki ဘူတာရုံနားတဝိုက် အလှူငွေကောက်ခံရရှိတဲ့ ဂျပန်ယန်းငွေ ၅၆၀,၀၀၀ ကျော်ကို CRPH နဲ့ မြန်မာပြည်တွင်း လိုအပ်နေသူတွေထံ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာ ဖွဲ့စည်းထားတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ကလည်း ဇွန်လ ၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကောက်ခံရရှိတဲ့ အလှူငွေ စုစုပေါင်း ၃၀,၆၃၉,၂၈၀ ဝမ်ကို CRPH နဲ့ အခြားလိုအပ်တဲ့ နေရာတွေ ပေးပို့သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)







အမေရိကန်မှာပြုလုပ်တဲ့ နွေဦးတော်လှန်ရေး အမျိုးသမီးအဖွဲ့ရဲ့ တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲ။ (ဇွန် ၂၆၊ ၂၀၂၁)
အမေရိကန်မှာပြုလုပ်တဲ့ နွေဦးတော်လှန်ရေး အမျိုးသမီးအဖွဲ့ရဲ့ တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲ။ (ဇွန် ၂၆၊ ၂၀၂၁)







XS
SM
MD
LG