သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်မြို့နယ် ကျေးရွာတချို့ လေကြောင်းကတိုက်ခိုက်ခံရ


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦး မြို့တွေမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးနေ။ (Photo: Citizen Journalist )
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦး မြို့တွေမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးနေ။ (Photo: Citizen Journalist )

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်တောင်ရွာကို စစ်ကောင်စီတပ်က မနေ့က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဘုန်းကြီးကျောင်းကို ဦးတည်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး နှလုံးရပ် သေဆုံးခဲ့သလို နောက်ထပ် အမျိုးသား ၂ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအေးသန္တာကျော်က ပြောပြပါမယ်။

ဧပြီ ၂၇ ရက်၊ မနေ့ မနက်ပိုင်းက ဝက်လက်မြို့နယ်၊ လှတောရွာက စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ် တချို့နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် နာရီဝက်အကြာမှာပဲ စစ်ကောင်စီတပ်ဖက်က ကျီးကန်တောင်ရွာကို ရဟတ်ယာဉ်နဲ့ လာရောက်ပြီး လေကြောင်းကနေ ပစ်ခတ်တာမှာ ရွေဘို - မန္တလေး လမ်းပေါ်က ကျေးရွာတချို့ကိုပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

“မနေ့က မနက်က ကျွန်တော်တို့ ဝက်လက်မြို့နယ်၊ လှတောကျေးရွာ ရဲစခန်း၊ စကစတွေ အထိုင်ချထားတဲ့ စခန်းကို ကျွန်တော်တို့ဖက်က မနက်ခင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နည်းနည်း သွားပစ်လိုက်တယ်။ ပစ်ပြီးတော့ နာရီဝက် အတွင်းအကြာမှာပဲ လုံးဝ ပြည်သူတွေ နေနေတဲ့နေရာပေါ့နော်၊ ဝက်လက်မြို့နယ် အနောက်ခြမ်း ကျီးကန်တောင်ရွာ ဘုန်းကြီးကျောင်းကို ရဟတ်ယာဉ်နဲ့လာပြီးတော့ တရစပ် ပစ်တာပဲ။ ပြီးတော့ အဲ့ဒီ အနီးအနားချုပ်စပ်က တခြားတခြားသောရွာတွေကိုလည်း ပတ်ပစ်တယ်ဗျ။ သူတို့ပစ်တဲ့ ကျည်ဆန်ကြီးတွေက အကြီးကြီးတွေဗျ။ ၆ လက်မလောက်ရှိတဲ့ ကျည်ဆန်တွေနဲ့ ပစ်တာ။ တောတော်များများ ပျက်စီးသွားတယ်ဗျ။ အမိုးပျက်စီးတယ် တခါးဘောင်တွေ ပျက်စီးတယ်။ အုတ်နံရံတွေ ပျက်စီးသွားတာ၊ ပေါက်ထွက်သွားတာတွေ ရှိတယ်ဗျ။ တော်တော်ကိုပျက်စီးတာ၊ အတော်ကို ပစ်သွားတာဗျ။”

စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ချိန်မှာ ကျီးကန်တောင်ရွာ ရွာတွင်းမှာ ဒေသခံတွေ ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အဘိုးအိုတစ်ဦး နှလုံးရပ်ပြီး သေဆုံးသွားသလို နောက်ထပ် အမျိုးသား ၂ ဦးလည်း ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ကိုနဂါးလေးက ခုလိုပြောပါတယ်။

“ကျီးကန်တောင်ရွာက အသက် ၇၀ ခန့် အမျိုးသားတစ်ဦး ပစ်တဲ့နေရာမှာ မေ့သွားပြီးတော့ အပြင်ကို ဆွဲထုတ်လာတဲ့အခါမှာ နှလုံးခုန် ရပ်ပြီးတော့ သေသွားတယ်ဗျ။ နောက်ထပ် အမျိုးသား ၂ဦးကကျတော့ သူတို့ပစ်တဲ့ အဆောက်အဦးရဲ့ အစကနေမှ သူတို့ကို လာမှန်တာ။ တစ်ယောက် လက်ဖျံခိုက်မိတယ်၊ တစ်ယောက်က ခေါင်းကို ခိုက်မိတယ်။ အသက်က ၅၀ ကျော်တွေဗျ။”

ပစ်ခတ်မှု ပြီးတဲ့နောက်မှာ ကျီးကန်တောင်ရွာ အပါအဝင် ကျေးရွာ ၇ ရွာထက်မနည်းက ဒေသခံတွေဟာ ရိက္ခာအနည်းငယ်သာ ယူပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ကူညီပေးနေကြသူတွေက ပြောပါတယ်။ စစ်ဘေးရှောင်တွေကို စားသောက်ရေးအတွက် ဘုန်းကြီးကျောင်းတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တချို့က ကူညီပေးနေကြပေမယ့် စားသောက်ရေးနဲ့ နေထိုင်ရေးက ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

“ဒေသခံတွေကတော့ မနေ့က ရဟတ်ယာဉ်နဲ့ ပစ်ပြီးကတည်းက ရွာသာကြီးနဲ့ လှတောကြားမှာရှိတဲ့ရွာ လှတော၊ ကျီးကန်၊ မဲကုန်း၊ ရွာတော်တော်များတယ်၊ အဲ့ဒီကြားမှာရှိတဲ့ရွာအကုန်လုံး ရွာ ၇ ရွာလောက်က စစ်ဘေးရှောင်နေရတယ်ဗျ။ တစ်ရက်စာလောက်တော့ ယူသွားနိုင်တာပေါ့။ အများကြီးတော့ မယူသွားနိုင်ဘူးပေါ့နော။ အဆင်မပြေဘူးပေါ့ဗျာ၊ လိုအပ်တာပေါ့ လှူဒါန်းမယ့်သူ ရှိရင်တော့။”

ဒီကနေ့ မနက်မှာ ရွာသာကြီးရွာမှာ စခန်းချနေတဲ့ ရွေဘိုခရိုင် ခလရ ၄၂ တပ်က တပ်သားအင်အား ၇၀ ဝန်းကျင်လောက်ဟာ မဲကုန်းကျေးရွာကို ဝင်ရောက်နေပြီး နေအိမ်တချို့ကို မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။ ကျီးကန်တောင်ရွာနဲ့ မြောက်ရွာတို့ကို စစ်ကောင်စီတပ်တွေက မတ်လ ၂ ရက်နေ့ကလည်း နေအိမ် ၃၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး လာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်PDFတွေဟာ ဒီဒေသ ကျေးရွာတွကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG