သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပတ်ကြာ အပစ်ရပ် သဘောတူညီချက်ကြား ခါတွန်မြို့အနီး တိုက်ပွဲဖြစ်


Damaged cars and buildings are seen at the central market in Khartoum North
Damaged cars and buildings are seen at the central market in Khartoum North

တပတ်ကြာ အပစ်ရပ် သဘောတူညီချက်ကြား ခါတွန်မြို့အနီး တိုက်ပွဲဖြစ်

ဆူဒန်နိုင်ငံမှာ သီတင်းတပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားပေမဲ့ ကြာသပတေးနေ့ အစောပိုင်းမှာတော့ မြို့တော် ခါတွန်ရဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေပါတယ်။

ပဋိပက္ခတွေ ဖြစ်နေတဲ့ ဆူဒန်အစိုးရလက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ ထောက်ပံ့ရေးခြေမြန်အရံတပ်ဖွဲ့ (RSF) နှစ်ဖွဲ့လုံးက ခါတွန်မြို့လယ်က သမ္မတနန်းတော်နဲ့ စစ်တပ်ဌာနချုပ်အနီး နေရာတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတာပါ။

ဒီလို ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ တွန်းအားပေးမှုကို ဟန့်တားတဲ့ ဆူဒန်နိုင်ငံက ဘယ်သူကိုမဆို အမေရိကန်ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေကြေးလွှဲပြောင်းရယူတာတွေကို ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ပြီး ပိုင်ဆိုင်မှုတွေကိုလည်း တားမြစ်လိုက်ပါတယ်။

“ဆူဒန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေက ကြေကွဲစရာဖြစ်ပြီး၊ ဒါဟာ ဆူဒန်ပြည်သူတွေရဲ့ ပြတ်သားစွာတောင်းဆိုနေတဲ့ အရပ်သားအစိုးရ တောင်းဆိုမှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သစ္စာဖောက်တာပါ” ပဲလို့ သမ္မတဘိုင်ဒင်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းက ဆူဒန်နိုင်ငံက လူပေါင်း ၂၀၀,၀၀၀ ကို အကူအညီတွေ ပေးအပ်နိုင်ရေး ဆူဒန်လခြမ်းနီအသင်းကို ပံ့ပိုးဖို့ အရေးပေါ် မေတ္တာရပ်ခံချက်ကို ကြာသပတေးနေ့မှာ စတင်လိုက်ကြောင်း ကြေညာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဆူဒန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ဖို့နဲ့ ဆူဒန်ပြည်သူတွေကို နိုင်ငံတကာက ကူညီပံ့ပိုးပေးဖို့ ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုခဲ့ပြီး၊ ဆူဒန်ပြည်သူတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။ အကူအညီတွေ ဆူဒန်နိုင်ငံထဲရောက်အောင် ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အဲဒါတွေကို အလိုအပ်ဆုံးသူတွေဆီ လုံခြုံစိတ်ချစွာနဲ့ ချက်ချင်းဖြန့်ဝေပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ကင်ညာနိုင်ငံ နိုင်ရိုဘီမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် အစ္စလာမ်ဘာသာ၀င်တွေရဲ့ ရမ်ဇာန် ဥပုသ်ထဲမှာ စတင်ခဲ့တဲ့ ဆူဒန်အစိုးရလက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ ထောက်ပံ့ရေးခြေမြန် အရံတပ်ဖွဲ့ (RSF) ခေါင်းဆောင်များကြား အာဏာလွန်ဆွဲတဲ့ တိုက်ပွဲတွေကြောင့် လူ ၅၀၀ ကျော် သေဆုံးပြီး ၅,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အနည်းဆုံး လူပေါင်း ၃၃၄,၀၀၀ လောက် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ လူ ၁၀၀,၀၀၀ ကျော်ဟာလည်း ပြည်ပကို ထွက်ပြေးခဲ့ပါတယ် ။ နောက်ထပ် လူပေါင်း ၈ သိန်းကျော်လောက် ကလည်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးနိုင်တယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများ အေဂျင်စီကလည်း ဒီအပတ်ထဲမှာပဲ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG