သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ တရုတ်အစိုးရ တွေ့ဆုံမှုအပေါ် အကဲခတ်တချို့အမြင်


စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong တို့ နေပြည်တော်မှာ တွေ့ဆုံနေကြစဉ် (ဇန်နဝါရီ ၅၊ ၂၀၂၄)
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong တို့ နေပြည်တော်မှာ တွေ့ဆုံနေကြစဉ် (ဇန်နဝါရီ ၅၊ ၂၀၂၄)

တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေချိန်မှာပဲ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီကြား တွေ့ဆုံမှုတွေကြောင့် မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုသြဇာလွှမ်းမိုး လာနိုင်သလား ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ နယ်စပ်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်မှုတွေအပေါ် တရုတ်အစိုးရက အပြင်းအထန် ဝေဖန်လိုက်ပြီးနောက် တွေ့ဆုံခဲ့ကြတဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးပါမယ်။

နယ်စပ်ဒေသက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်မှုတွေ ကြုံခဲ့ရတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီး ရက်ပိုင်းမှာပဲ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုနိုင်ငံခြားရေးဝန်ကြီး Sun Weidong စွန်းဝေတုန် ဦးဆာင်တဲ့ ကိုယ်စား လှယ်အဖွဲ့ဟာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကလည်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တာပါ။ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် အဓိကအာရုံစိုက်ဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။

"ခုလောလောဆယ်အရေး လောက်ကိုင်ကိစ္စက တရုတ်အတွက်လည်းအရေးကြီးတယ် စစ်ကောင်စီအတွက် လည်းအရေးကြီးတယ်။ ဒါကြောင့်သူတို့ခပ်စိတ်စိတ်ဖြစ်နေတာ။ တရုတ်အတွက်ဘာအရေးကြီးလဲဆိုရင် အင်တာနက်က လိမ်တဲ့ဂိုဏ်းတွေနဲ့ပတ်သက်လို့ သူတို့တိုင်းပြည်မှာ ပြည်သူလူထုက အဲဒါကိုတော်တော်ဖြေရှင်းစေချင်နေတယ်။ နေုာက်သူတို့တောင်းထားတဲ့သူတွေရှိတယ်မလား။ တောင်းထားတဲ့လူတွေကိုလည်းလိုချင်တယ် ထင်တယ်။ အဲဒါ့ကြောင့်မို့ အဲဒါကလည်း စကစကလည်း ဘာတွေဈေးဆစ်နေလဲမသိဘူး။ အဲလူတွေအားလုံးက နေပြည်တော်မှာထိန်းသိမ်းထားတယ်ပြောတယ်။ ဘာနဲ့အလဲအလယ်လုပ်မယ်မပြောတတ်ဘူး။ နှစ်ဖက်စလုံးအတွက်အရေးကြီးတဲ့ အချိန်ဖြစ်နေတော့ အဲဒါတွေဆွေးနွေးနေကြတယ်ထင်ပါရဲ့ "

တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီ ခေါင်းဆောင်တို့တွေ့ဆုံမှုမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံရပ်ဝန်းနဲ့ ပိုးလမ်းမအောက်မှ စီမံကိန်းတွေ အရှိန်အဟုန်မြှင့်တင်ဖို့၊ ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာမှာ နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်ဖို့ စတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

တရုတ်နဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေ တွေ့ဆုံနေချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်က ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) နဲ့ ''ဝ'' နယ်ထဲကဟိုပန်မြို့ကို စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ချိန်နဲ့ တိုက်နေခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong တို့ နေပြည်တော်မှာ တွေ့ဆုံနေကြစဉ် (ဇန်နဝါရီ ၅၊ ၂၀၂၄)
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong တို့ နေပြည်တော်မှာ တွေ့ဆုံနေကြစဉ် (ဇန်နဝါရီ ၅၊ ၂၀၂၄)

နောက်ပြီးဒီမတိုင်ခင်လေးမှာပဲ ဇန်နဝါရီ ၃ ရက်က စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လောက်ကိုင် တဝိုက်မှာတိုက်ပွဲဖြစ်ခဲ့တာကြောင့် လောက်ကိုင်မြို့နဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ၊ နန်ဆန်မြို့ထဲကို မြန်မာဘက်က လက်နက်ကြီးကျရောက်ခဲ့တာကို တရုတ်ဘက်ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သလို တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်း‌ ခြောက် အန္တရာယ်ဖြစ်စေတဲ့ ကိစ္စတွေ ထပ်မဖြစ်ပွားဖို့ တိကျသေချာတဲ့ အရေးယူဆောင်ရွက်မှု တွေလုပ်မယ်လို့လည်း တရုတ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ လတ်တလောနယ်စပ် အခြေ အနေ တွေအပြင် လက်ရှိအခြေအနေကနေ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံအတွက် စီးပွားရေး အကျိုးစီးပွားရနိုင်ဖို့ လုပ်ဆောင်မှုတွေရှိလာနိုင်တာမို့ တရုတ်နဲ့စစ်ကောင်စီဆက်ဆံရေး ပိုနီးကပ်လာနိုင်ဖွယ်ရှိသလို တရုတ်နိုင်ငံရဲ့ ဩဇာက အရင်ကထက် ပိုကြီးပွားလာနိုင်ဖွယ်ရှိသလို တယ်လို့သုံးသပ်ပါတယ်။

"ဒီနယ်စပ်အခြေအနေကောတခြားဆက်စပ်တာတော့ကုန်သွယ်ရေးကိစ္စရှိမယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှု ပိုက်လိုင်း တို့ ဒီ BRI Road ကိစ္စရှိမယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားတာတွေဖြစ်ဖို့များမယ်။ ပိုပြီးဖြစ်နိုင်ချေရှိတာက ပေါ်လာတဲ့အရေးပေါ်ကိစ္စပေါ့ အရေးပေါ်ကိစ္စလှုပ်ရှားပုံပေါ်တယ်။ အဲဒါက ဝလောက်ကိုင် နယ်စပ်ကိစ္စပေါ့ အဲဒါတွေနဲ့ဆက်စပ်မယ်လို့ အကြမ်းဖျဉ်းယူဆရမယ်။ တရုတ်ဩဇာကဒီဖြစ်ရပ်ပေါ်မှုတည်ပိုတက်လာပုံပေါ် တယ်။ စစ်ကောင်စီပေါ်မှာ သူ့ဩဇာသုံးပြီးတော့ သူ့အကျိူးစီးပွားအတွက် လက်တံရှည်ပြီးတော့ ရှေ့ကိုလှမ်းလာ ဦးမှာဘဲ။"

တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်တို့ငြိမ်းချမ်းရေး စကား ပြောနိုင်ဖို့ တရုတ်ဘက်က တွန်းအားပေး နေတာတွေလည်းရှိနေပါတယ်။ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ကာလ ၄၅ ရက်ဖြစ်လာချိန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၁ရက်နေ့မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ တို့ ‌တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ပထမအကြိမ် တွေ့ဆုံခဲ့သလို၊ နှစ်ကုန်ပိုင်းမှာ ဒုတိယအကြိမ် တွေ့ခဲ့ကြပေမဲ့ ထူးခြားတဲ့ ရလဒ်တော့ မရခဲ့ပါဘူး။

တရုတ် မြန်မာ အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်အနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အရင်ထက် ထဲထဲဝင်ဝင်ပိုပါလာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။

"တရုတ်ကတော့ဒီလိုပြောထားဖူးတယ်။ ၂၀၁၅လောက်တုန်းက ဗမာပြည်ရဲ့ပြည်တွင်းစစ်က အနှစ် ၇၀နီးပါးရှိ နေပြီတဲ့ အဲဒါမရပ်လို့ရှိရင်ဗမာပြည်က ကျဆုံးနိုင်ငံဖြစ်လိမ့်မယ်တဲ့ သူတနိုင်ငံတည်းကျဆုံးမှာမဟုတ်ဘူး ကျန်တဲ့နိုင်ငံတွေပါ ဆွဲခေါ်သွားမှာလို့ အဲလိုပြောဖူးတယ်။ ဒါကြောင့်မလို့ ဒီလိုအပေါ်မှာ စိတ်ကောင်းစေတနာထားတဲ့ နိုင်ငံကြီးတွေ အဖွဲ့အစည်းတွေက စုစည်းပြီးတော့ပြည်တွင်းစစ်ကိုငြိမ်းအောင်လုပ်ပေးဖို့ ဝတ္တရားရှိတယ်လို့ အဲလိုပြောဖူးတယ်။ ခုနပြောသလိုဘဲ ဒီကိစ္စတွေကတော့ ခုနပြောသလို အင်တာနက်လူလိမ်ဂိုဏ်း ဖြိုခွင်းဖို့ လုပ်တာဘဲ အဲကနေတဆင့်တက် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း တွန်းတွန်းတိုက်တိုက် သူလုပ်လာနိုင်တယ်ထင်တယ်။ တရုတ်ကဘာဝင်ပြောပြောပေါ့ဗျာ ရည်ရွယ်ချက်ကောင်းနဲ့ဖြစ်ဖြစ် သူ့နိုင်ငံအကျိုးစီးပွားအတွက်ဘဲ ဖြစ်ဖြစ် တရုတ်တင်မက ဘယ်နိုင်ငံကဘဲလာလာ ကျမတို့ကတော့ကျမတို့လမ်းအတိုင်းပြတ်ပြတ်သားသားဆက် လျှောက်ဖို့ဘဲလိုပါတယ်။"

NUG ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရကတော့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ကိစ္စရပ် အတော်များများမှာ လက်တွဲဖို့ ရည်ရွယ်ထားကြောင်း ဒီလဆန်းမှာပဲ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ အပါအဝင် ၂ နိုင်ငံ အရေး ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG