သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ဟာမတ်စ် အပစ်ရပ်ဆွေးနွေးပွဲ ပြန်စမည်


အစ္စရေး ဟာမတ်စ် ပဋိပက္ခအဆုံးသပ်ပြီး ဂါဇာမှာ အပစ်ရပ်ဖို့ "Ceasefire 2024" ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြနေသူများ။
အစ္စရေး ဟာမတ်စ် ပဋိပက္ခအဆုံးသပ်ပြီး ဂါဇာမှာ အပစ်ရပ်ဖို့ "Ceasefire 2024" ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြနေသူများ။

အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ကာတာနိုင်ငံမှာ ဒီနေ့ တနင်္ဂနွေနေ့မှာ အစောဆုံးထားပြီး ပြန်လည်စတင်ဖို့ ရှိနေပါတယ်။ ဆွေးနွေးပွဲကို တနင်္လာနေ့အထိ ရွှေ့ဆိုင်းထားနိုင်ပေမယ့် တနင်္ဂနွေ နေ့လယ်ပိုင်း ပြန်လည်စတင်ဖို့ မျှော်လင့်ထားကြောင်း အီဂျစ်တာဝန်ရှိသူတွေက ပြောတာပါ။

ဒါဟာ အစ္စာလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန် ဥပုသ်လ စတင်အပြီးမှာ ပထမဆုံးအကြိမ် အဖြစ် အစ္စရေး အရာရှိတွေနဲ့ ဟားမတ်စ်ခေါင်းဆောင်တွေအကြား ကြားခံကတဆင့် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာဖျန်ဖြေသူတွေတော့ကတော့ အခုသီတင်းပတ်အစောပိုင်း မွတ်ဆလင်တွေရဲ့ ဝါတွင်းကာလ မစတင်ခင် ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရဖို့ မျှော်လင့်ခဲ့ကြပေမယ့် ဂါဇာမှာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို ဦးတည်မယ့် သဘောတူညီချက်မျိုး မဟုတ်ရင် ဟားမတ်စ်ဘက်က လက်မခံကြောင်း ပြောထားပြီး ဒီအချက်ကိုလည်း အစ္စရေးဘက်က ပယ်ချထားပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အစိုးရကတော့ ဂါဇာမှာ အမြဲတမ်း အပစ်အခတ် ရပ်စဲဖို့က “ပထမဦးစွာ ဟားမတ်စ်တွေကို အမြစ်ပြတ် ချေမှုန်းမယ့် သူတို့ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပြီးမှ ဖြစ်နိုင်မယ်” လို့ ကြေညာထားတာပါ။ ဟားမတ်စ်ဘက်က အဆိုပြုချက်က လက်တွေ့မကျဘူးလို့ နေတန်ယာဟု ပြောပေမယ့် နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ အစ္စရေး စေ့စပ်ညှိနှိုင်းရေးမှူးတွေကို ကာတာကို စေလွှတ်ဖို့ သဘောတူခဲ့ပါတယ်။

ဟားမတ်စ်ဘက်ကတော့ တိုက်ပွဲတွေ အဆုံးသတ်ရေး အဆင့်သုံးဆင့်ပါ အစီအစဉ်အသစ်တရပ်ကို အဆိုပြုထားကြောင်း အမည်မဖော်လိုတဲ့ အီဂျစ်အရာရှိနှစ်ဦးက အေပီသတင်းကို ပြောပါတယ်။

အဲဒီထဲမှာ ပထမအဆင့် ဂါဇာမှာ သီတင်းပတ် ခြောက်ပတ်ကြာ အပစ်အခတ် ရပ်စဲဖို့အတွက် အစ္စရေးဖမ်းထားတဲ့ ပါလက်စတိုင်း ၃၅၀ နဲ့ ဟားမတ်စ်ဖမ်းထားတဲ့ ဓားစာခံတွေထဲက အမျိုးသမီး၊ အသက်ကြီးရင့်သူနဲ့ ကျန်းမာရေး မကောင်းသူ ၃၅ ဦး တို့ လဲလှယ်ဖို့ဖြစ်ပါတယ်။

တခါ ဟားမတ်စ်ဘက်က ဖမ်းထားတဲ့ အမျိုးသမီး စစ်သည် အနည်းဆုံး ၅ ဦးကို လွှတ်ပေးမှာ ဖြစ်ပြီး အစ္စရေးဘက်ကလည်း အကြမ်းဖက်မှု ပုဒ်မနဲ့ ဖမ်းထားတဲ့ နှစ်ရှည်အကျဉ်းသား တချို့ အပါအဝင် စစ်သည်တဦးစီအတွက် ပါလက်စတိုင်း အကျဉ်းသား ၅၀ ဦးကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာက အဓိကလမ်းမကြီးနှစ်ခုကနေ ဆုတ်ခွာပေးရမှာ ဖြစ်သလို ဂါဇာမြောက်ပိုင်းကို ပါလက်စတိုင်း အရပ်သားတွေ ပြန်လည် ဝင်ရောက်ခွင့်ပြုရမှာ ဖြစ်လို ဂါဇာကမ်းမြောင်ကို အကူအညီတွေ အဆီးအတားမရှိ ဝင်ခွင့်ပြုရမယ့် အချက်အလက်တွေ ပါဝင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အစီအစဉ် ဒုတိယအဆင့်မှာတော့ နှစ်ဘက်စလုံးက အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို ကြေညာပြီး ဟားမတ်စ်ဘက်က အကျဉ်းသားတွေ ထပ်မံလဲလှယ်ဖို့ အတွက် သူတို့ လက်ထဲမှာ ရှိတဲ့ အစ္စရေး ဓားစာခံအဖြစ် ကျန်နေသေးတဲ့ အစ္စရေးစစ်သားတွေကို လွှတ်ပေးမယ်လို့ ဆိုပါတယ်။

တတိယအဆင့်မှာ အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ခွင့်ပြုပေးဆိုရင် ဟားမတ်စ်ဘက်က သူတို့ လက်ထဲမှာ ရှိနေတဲ့ အစ္စရေး စစ်သားနဲ့ အရပ်သား ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး အလယ်ပိုင်းရှိ Nuseirat ဒုက္ခသည်စခန်းကို စနေနေ့အစောပိုင်းက အစ္စရေးရဲ့ တိုက်ခိုက်မှုတခုကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း al-Aqsa ဆေးရုံ မှတ်တမ်းတွေအရ သိရသည်။ အဲဒီမှာ အေပီသတင်းထောက်တစ်ယောက်ကလည်း အလောင်းတွေကို မျက်မြင်တွေ့ခဲ့ရကြောင်း အေပီသတင်းမှာ ရေးပါတယ်။

ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ စနေနေ့ ထုတ်ပြန်ချက်မှာတော့ စစ်ပွဲအတွင်း ပါလက်စတိုင်း အနည်းဆုံး ၃၁,၅၅၃ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒီ သေဆုံးသူ အရေအတွက်ထဲမှာ အရပ်သားနဲ့ ဟားမတ်စ် ဘယ်လောက်ပါတယဆိုတာ ခွဲခြား မထုတ်ပြန်ပေမယ့် သေဆုံးသူတွေရဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဂါဇာကမ်းမြောင်ဒေသက လူဦးရေ ၂.၃ သန်းထဲက အများစုဟာ နေအိမ်တွေက စွန့်ခွာ ထွက်ပြေးနေရသလို လူဦးရေရဲ့ လေးပုံတပုံကလည်း ငတ်မွတ်ခေါင်းပါးလျက် ရှိကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ ဂါဇာမြောက်ပိုင်းမှာ ပိတ်မိနေတဲ့ လူထုထဲက အသက် ၂ နှစ်အောက် ကလေး သုံးဦးမှာ တဦး နီးပါးက အပြင်းအထန် အာဟာရချို့တဲ့မှုဒဏ်ကို ခံနေရတယ်လို့လည်း ကုလသမဂ္ဂ ကလေးသူငယ် အေဂျင်စီက သောကြာနေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


Forum

XS
SM
MD
LG