သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် အိုလံပစ်ပွဲ နှောင့်ယှက်ဖို့ကြံစည်မှုများ တားဆီးနိုင်ခဲ့


ပြင်သစ်နိုင်ငံ၊ ပဲရစ္စ်မြို့ အိုလံပစ်ပွဲတော်လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက လုံခြုံရေးစောင့်ကြည့်တဲ့ ဒရုန်းယာဥ်ကို လွှတ်တင်နေစဥ်။​(ဇူလိုင် ၁၇၊ ၂၀၂၄၂)
ပြင်သစ်နိုင်ငံ၊ ပဲရစ္စ်မြို့ အိုလံပစ်ပွဲတော်လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက လုံခြုံရေးစောင့်ကြည့်တဲ့ ဒရုန်းယာဥ်ကို လွှတ်တင်နေစဥ်။​(ဇူလိုင် ၁၇၊ ၂၀၂၄၂)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ကျင်းပမယ့် ၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲစတင်ဖို့ နှစ်ရက်အလိုမှာ ပြိုင်ပွဲကို တိုက်ခိုက်နှောင့်ယှက်မယ့် ကြံစည်မှုအများအပြားကို တားဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်တွေကပြောပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲကို မတည်မငြိမ်ဖြစ်စေဖို့ စီစဉ်မှုသံသယနဲ့ ပါရီမြို့တော်ကတိုက်ခန်းတခုမှာ အသက် ၄၀ အရွယ် ရုရှားနွယ်ဖွား အမျိုးသားတဦးကို အင်္ဂါနေ့က ဖမ်းဆီးခဲ့ကြောင်း ပါရီအစိုးရရှေ့နေတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

နိုင်ငံခြား တိုင်းပြည်တခုအတွက် သတင်းအချက်အလက်တွေ စုဆောင်းကာ ပြင်သစ်မြေပေါ်မှာ ရန်လိုတိုက်ခိုက်မှုတွေ လုပ်ဆောင်မှုနဲ့ သူ့ကို စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။ ဒီအမှုဟာ ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်ခံရနိုင်ပါတယ်။ သံသယရှိသူရဲ့ နေအိမ်ကို ရှာဖွေမှုအတွင်း “အိုလံပစ်အားကစားပြိုင်ပွဲကို မတည်မငြိမ်ဖြစ်စေမယ့်ဖြစ်ရပ်တွေ လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ ပစ္စည်းတွေတွေ့ခဲ့ရတယ်” လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့အထိကျင်းပမယ့် အိုလံပစ် အားကစားပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို လာမယ့် သောကြာနေ့ကျရင် စိန်းမြစ်ပေါ်မှာ ခမ်းခမ်းနားနားကျင်းပဖို့ ပြင်ဆင်ထားပြီး လုံခြုံရေးလည်း အထူး တင်းကျပ်ထားပါတယ်။ ပြင်သစ်ဟာ အိုလံပစ်ပြိုင်ပွဲလုံခြုံရေးအတွက် ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေ ကတည်းက အဆင့်မြင့် သတိပေးချက်လည်း ထုတ်ပြန်ထားတာပါ။

ယူကရိန်းစစ်ပွဲနဲ့ ဂါဇာကမ်းမြောင်က အစ္စရေး-ဟာမတ်စ်ပဋိပက္ခကြောင့် နိုင်ငံတကာတင်းမာမှုတွေ မြင့်မားနေချိန်မှာ ပြင်သစ်အိုလံပစ်ပွဲဟာ ဆိုက်ဘာတိုက်ခိုက်မှုအပါအဝင် ကြီးမားတဲ့ လုံခြုံရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုက ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေနဲ့ ပြင်သစ်အရာရှိတွေရဲ့ ပြောကြားချက်အရ ရုရှားနိုင်ငံပြင်ပက ကြိုးကိုင်ပြီးတော့ အိုလံပစ်ပွဲတော်နဲ့ ပြင်သစ်မှာ မကြာသေးမီကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို ပစ်မှတ်ထားပြီး သတင်းတု သတင်းမှား မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီး Gérald Darmanin ရဲ့ ပြင်သစ်ရုပ်သံလိုင်း BFMTV နဲ့ ဗုဒ္ဓဟူးနေ့အစောပိုင်းက ဖြေဆိုချက်တခုမှာလည်း "အိုလံပစ်အားကစားပြိုင်ပွဲကို တိုက်ခိုက်ဖို့ စီစဉ်မှုသံသယနဲ့" ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းက Gironde မှာ လူငယ်တဦးကို ဖမ်းထားကြောင်း ပြောပါတယ်။ အားကစားပြိုင်ပွဲကိုပစ်မှတ်ထားဖို့ ကြံစည်မှုစွပ်စွဲချက်နဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦးကို ရဲတပ်ဖွဲ့က အင်္ဂါနေ့က ဖမ်းဆီးခဲ့ကြောင်း Darmanin က ပြောပါတယ်။ အမှုကို ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပြီး သံသယ ရှိသူက ပါရီမြို့တော်အပါအဝင် အခြား ပြင်သစ် မြို့ကြီး တွေ ဘယ်နေရာတွေမှာ ပစ်မှတ်ထားတိုက်ခိုက်မှု ကြံစည်ခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် ပြောကြားခြင်း မရှိပါဘူး။

ပါရီမြို့တော်မှာတော့ အိုလံပစ်ပွဲတော်အတွက် တရက်ကို ရဲအရာရှိ ၃၅,၀၀၀ လုံခြုံရေးယူထားပြီး ဖွင့်ပွဲအခမ်းအနားအတွက် လုံခြုံရေးအမြင့်ဆုံး ၄၅,၀၀၀ အင်အားချထားပါတယ်။ ဒါ့အပြင် ပါရီဒေသတဝိုက် လမ်းမတွေပေါ်နဲ့ နေရာအများပြားမှာ ကင်းလှည့်ဖို့နဲ့လုံခြုံရေးအတွက် စစ်သား ၁၀,၀၀၀ ကလည်း ထပ်ဆောင်း နေရာယူထားပါတယ်။ ပြင်သစ်ဟာ အိုလံပစ်ပြိုင်ပွဲကာလအတွင်းမှာ တခြား နိုင်ငံပေါင်း ၄၀ ကျော်က ရဲတပ်ဖွဲ့ဝင်အင်အား အနည်းဆုံး ၁,၉၀၀ ရဲ့ အကူအညီကိုလည်း ရယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG