ရုရှားပိုင် Kursk ဒေသမှာ ရုရှားတပ်တွေနဲ့ အတူတွဲ တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သား ၂ ဦးကို ယူကရိန်းတပ်တွေ ဖမ်းမိတယ်လို့ သမ္မတ Volodymyr Zelenskyy က စနေနေ့မှာ ပြောပါတယ်။
ဖမ်းမိတဲ့ မြောက်ကိုရီးယား စစ်သား ၂ ဦးဟာ ဒဏ်ရာတွေ ရထားကြောင်းနဲ့ သူတို့ကို Kyiv ကို ပို့ပြီး စစ်ဆေးနေကြောင်း တယ်လီဂရမ် လူမှုမီဒီယာက ပြောကြားခဲ့တဲ့ အပြင် သူတို့ရဲ့ ဓာတ်ပုံကိုပါ ဖေါ်ပြခဲ့ပါတယ်။
ဒါ့အပြင် Kursk ဒေသမှာ ရုရှားတပ်တွေဟာ မြောက်ကိုရီးယားတွေနဲ့ လက်တွဲ တိုက်ခိုက် နေတာ ဖြစ်ပြီး တိုက်ပွဲမှာ ဒဏ်ရာရတဲ့ မြောက်ကိုရီးယားတွေကို ယူကရိန်းတွေ ဖမ်းမိရင် စစ်ဆေးမှာ စိုးတဲ့အတွက် ဒဏ်ရာရသူတွေကို သတ်ပစ်တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
ယူကရိန်း ထောက်လှန်းရေးကတော့ ဖမ်းမိသူ ၂ ဦးဟာ ယူကရိန်း၊ အင်္ဂလိပ်၊ ရုရှား ဘယ်စကားကိုမှ မပြောနိုင်တဲ့ အတွက် တော်ကိုရီးယား ထောက်လှန်းရေးနဲ့ ပူးပေါင်းပြီး ဆက်သွယ်ပြောဆိုရကြောင်း သူတို့ိကို ဆေးကုသပေးတဲ့ အပြင် ဂျနီဗာ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေနဲ့အညီ ဆက်ဆံထားရှိကြောင်း ပြောပါတယ်။
မနှစ်သြဂုတ်လမှာ ဝင်သိမ်းထားတဲ့ ဒီဒေသထဲက လက်လွှတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ ယူကရိန်းတွေ ပြန်စတိုက်ခိုက်ပြီး ရက်အနည်းငယ် အတွင်းမှာပဲ အခုလို ဖမ်းမိကြောင်း သမ္မတ Zelenskyy က ပြောကြားခဲ့တာပါ။ ရုရှားတပ်တွေက ယူကရိန်းသိမ်းထားတဲ့ စတုရန်းမိုင် ၃၈၀ ထဲက ၄၀ % ကို ပြန်လည်ရယူခဲ့သလို ယူကရိန်း တပ်သား ထောင်ပေါင်းများစွာလည်း သေကြေ ဒဏ်ရာရ ခဲ့တာ ဖြစ်ပါတယ်။
Forum