သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဝရမ်းထုတ်ခံထားရသူရဲ့ မိခင်ဖြစ်သူ ထောင် ၃ နှစ် ချမှတ်ခံရ


(Zawgyi/Unicode)

စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဝရမ်းထုတ် ထားတဲ့သားဖြစ်သူကို လာရောက်ဖမ်းဆီးချိန်မှာ မတွေ့တာမို့ မိခင်ကို ဖမ်းဆီးသွားခဲ့ပြီး ထောင် ၃ နှစ် ချလိုက်ပါတယ်။ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှုပုဒ်မနဲ့ စစ်ခုံရုံးနဲ့ ထောင်ဒဏ်ချလိုက်တဲ့အပေါ် သားဖြစ်သူက ဘယ်လို တုန့်ပြန်ပါသလဲ။ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် ကတင်ပြပါမယ်။

စစ်တပ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်လှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ် လိုက်လံဖမ်းဆီးတာတွေလုပ်နေချိန်မှာ သူတို့ အလိုရှိသူကို မမိလို့ မိသားစုဝင်တွေ ဖမ်းဆီးခံရတာ တချို့ရှိနေပါတယ်။ စစ်ကောင်စီက အလိုရှိတဲ့ တက်ကြွလှူပ်ရှားသူ ဦးတင်ထွဋ်ပိုင် ကို မြောက်ဥက္ကလာပ မြို့နယ်က သူ့နေအိမ်မှာ လာဖမ်းချိန် ဖမ်းမမိလို့ မိခင်ဖြစ်သူ ဒေါ်မိငယ်ကို မေ ၂ ရက်နေ့က ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။

မေလ၂၈ ရက်နေ့မှာတော့ ဒေါ်မိငယ်ကို အင်းစိန်အကျဉ်းထောင်ထဲက စစ်ခုံရုံးကနေ တပ်မတော် ပြိုကွဲအောင် လုပ်ဆောင်၊ လှုံ့ဆော်မှု ၅၀၅ -က နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သားဖြစ်သူ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

"ကျနော်ကိုမွေးထားတဲ့ အမေအဖမ်းခံရတယ်။ ကျနော်အနေနဲ့ ဒါတသီးပုဂ္ဂလဆန်တဲ့ကိစ္စပေါ့။ အဲလိုမျိုးဘဲ တခြားပြည်သူတခြားနိုင်ငံသားတွေကိုလဲ စစ်တပ်က မတရားဖမ်းထားတယ် အာဏာသိမ်းထားတယ်။ ရက်ရက် စက်စက်လုပ်နေတယ် ကျနော်တို့ တစုံလုံးစာပြင်ဆင်နေတယ်။ အဲဒါဘာလဲဆိုသူတို့ကိုမနိုင်မချင်းတိုက်မယ် အဲဒါကျနော်ပြင်ဆင်မယ့်ကိစ္စပါဘဲ။”

မေလ ၂ ရက်နေ့က အိမ်မှာ လာဖမ်းစဉ်မှာလည်း နိုင်ငံရေးအကျဉ်းသူဟောင်းဖြစ်တဲ့ မိခင်ဒေါ်မိငယ်ကိုရိုက်နှက်ဖမ်းဆီးသွားခဲ့သလို၊ စစ်ကြောရေးမှာလည်း အချိန် တော်တော်ကြာကြာ စစ်ဆေးမေးမြန်းခဲ့တယ်လို့ သားဖြစ်သူကပြောပါတယ်။

“ ကျန်းမာရေးအခြေအနေကတော့ အမေ့ကျန်းမာရေးမကောင်းဘူး။ အသက် ၆၆ နှစ် မိန်းမတယောက်အနေနဲ့ ကျန်းမာရေးမကောင်းဘူးပေါ့။ လာဖမ်းတုန်းကလဲ ဖိနပ်တွေနဲ့ ရိုက်တယ်။ ထိုးတယ်။ နောက်စစ်ကြောရေးမှာလဲ ဒဏ်ခံရတယ်။အဆင်မပြေဘူး။ အမေ့ကျန်းမာရေးက ထောင်ထဲနေဖို့ ဘယ်လိုမှတော့ အဆင်မပြေဘူး။"

မြောက်ဥက္ကလာပမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့နယ်ဖြစ်တာမို့ အမှုစစ်ဆေးတာ၊ အမိန့်ချတာတွေအားလုံးကို စစ်ဥပဒေနဲ့သာ အရေးယူချမှတ်ခဲ့တာဖြစ်ပါတယ်။ စစ်ဥပဒေနဲ့ ပစ်ဒဏ်ချတာခံရတာမို့ စွပ်စွဲခံရသူမှာ ခုခံချေပခွင့်ရအောင် ရှေ့နေခေါ်ခွင့် ၊ ခုခံချေပခွင့် စတာတွေ ဘာတခုမှ လုပ်ကိုင်ခွင့်မရခဲ့သလို ကြားထဲမှာ မိသားစုနဲ့လည်း တေ့ွခွင့် မရခဲ့ပါဘူး။ ဒေါ်မိငယ်ကို ဘာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲ ထောင်ချ သလဲဆိုတာ မိသားစုကလည်း အသေအချာ မသိကြပါဘူး။ မိသားစုနဲ့ နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေ တဦးကတော့ သူ့ရဲ့ထင်မြင်ချက်ကို ခုလိုပြောပါတယ်။

"ကျမတိုက စစ်ခုံရုံးဘက် တချက်တောင်မှ သွားခွင့်မရှိပါဘူး။ လုံးဝကိုတားထားတာပါ။ အဖေမရှိသား ၂ယောက် ဖမ်းတယ်။ အမေမရှိသမီးဖမ်းတယ်။ ယောက်ကျားမတွေ့မိန်းမဖမ်းတယ်။ သူတို့ ဖမ်းတုန်းကတော့ ဒီလူတွေကို ပစ်မှတ်ထားဖမ်းတယ်။ အမှန်ကပြန်လွှတ်ရမှာ။ ပြန်လွှတ်ဖို့ရှိတယ်။ ဒါပေမယ့် အိမ်လာဖမ်းတာမှာ သူတို့ဖုန်းတွေမှာ ၅၀၅-ကနဲ့နွယ်မဲ့ ဟာတွေ တွေ့ရင်ကောက်စွဲ လိုက်ပါတယ်ရှင့်။ အန်တီမီငယ်ကိုက အဲထဲကတခုခုနဲ့ငြိပြီးချလိုက်တယ်ထင်တယ်။ ဒီတိုင်းဗလိုင်းတော့မချဘူး။ ဘာအကြောင်းအရာလဲဆိုတာသေချာမသိဘူး"

အသက် ၆၆နှစ်အရွယ် ဒေါ်မိငယ်မှာ အရင်ကလည်း နိုင်ငံရေးအမှုနဲ့ ထောင်ကျခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ဆန္ဒပြလို့ ဖမ်းဆီးထောင်ချခံခဲ့ရတာပါ။

ဒီအမှုစီရင်ချက်က လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ မတရားတဲ့ တရားစီရင်ချက်ဖြစ်တယ်လို့ ရှေ့နေတဦးကသုံးသပ်ပါတယ်။

"တကယ်တော့ ဖြစ်သင့်လားမေးရင် ဖြစ်သင့်စရာအကြောင်းလဲမရှိဘူး။ ဖြစ်စရာကိုမရှိဘူး။ ကိုယ်ကိုတိုင်ကျူးလွတ်တာမဟုတ် ပါဝင်ပတ်သတ်တာမဟုတ်။ ဒီလိုချတာက လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ ကိုယ်ဘာမှမလုပ်ပါဘဲ စီရင်ခံရတာက ဖြစ်ကိုမဖြစ်သင့် လုပ်ကိုမလုပ်သင့် တာပါ"

ဖေဖော်ရီ ၁ရက်နေ့အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၅၄၀၀ ထက်မနည်း ရှိခဲ့ပြီး၊ ဆက်လက်ဖမ်းဆီးခံထားရသူ ၄၃၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ ဖမ်းဝရမ်း ထုတ်ခံထားရသူကတော့ ၁၈၈၀ ထက်မနည်းရှိပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ စာရင်းဟာ ချဲ့ကားထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


.........

(Unicode)













ဆက်စပ်သတင်းများ ...

XS
SM
MD
LG