အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှု ပြောင်းသွားအောင် တရုတ်၊ ရုရှားနဲ့ အီရန်တို့က AI ဉာဏ်ရည်တုသုံးပြီး ကြိုးစားနေတယ်လို့ အမေရိကန်အမျိုးသားထောက်လှမ်းရေးဌာနက သတိပေးလိုက်ပါတယ်။ ဒီမိုကရက်သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ပလစ်ကန် သမ္မတလောင်း Donald Trump တို့ပြိုင်ဆိုင်ကြမယ့် သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၄၀ လောက်သာ လိုတော့ချိန်မှာ ထောက်လှမ်းရေးဌာနတွေရဲ့ စုံစမ်းတွေ့ရှိမှုတွေကို သုံးသပ်ပြီး အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက တွေ့ရှိချက်သစ်ကို တနင်္လာနေ့ နှောင်းပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
နိုင်ငံခြားက ရွေးကောက်ပွဲနှောင့်ယှက်ဖို့ ကြိုးစားသူတွေဟာ ဖြစ်လာတဲ့ သတင်းတွေကို AI နည်းပညာ ချက်ချင်းသုံးပြီး သတင်းတု သတင်းမှားတွေ လုပ်ကြံဖြန့်နေတယ်လို့ အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးတာဝန်ရှိသူတယောက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ AI ကိုအသုံးချနေပေမဲ့ မဲဆန္ဒရှင်တွေအပေါ် လုံးဝလွှမ်းမိုးသွားနိုင်လောက်တဲ့အထိ အပြောင်းအလဲတွေဖြစ်အောင်တော့ မလုပ်နိုင်သေးဘူးလို့ သူကပြောပါတယ်။
ရွေးကောက်ပွဲ လုံခြုံရေးကို အဓိကတာဝန်ယူထားတဲ့ ဆိုင်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးဆိုင်ရာဌာန CISA က ထိပ်တန်းတာဝန်ရှိသူတယောက်ကတော့ AI နဲ့ပတ်သက်လို့ အများက ထင်နေသလောက် ရွေးကောက်ပွဲအပေါ် လွှမ်းမိုးနိုင်လောက်အောင် မလုပ်နိုင်သေးတာတွေ့ရတယ်လို့ VOA ကပြောကြားထားပါတယ်။
နိုဝင်ဘာကျင်းပမယ့်ရွေးကောက်ပွဲမှာ AI ဉာဏ်ရည်တုသုံးပြီး နှောင့်ယှက်နိုင်တယ်ဆိုတာ အမေရိကန်တာဝန်ရှိသူတွေ အရင်ထဲက အကြိမ်ကြိမ် သတိပေးထားကြပါတယ်။ အခုနောက်ဆုံး ထောက်လှမ်းရေးသုံးသပ်ချက်သစ်ထဲမှာ ရုရှား၊ အီရန်နဲ့ တရုတ်တို့က AI ကို အသုံးပြုဖန်တီးထားတဲ့ စာသား၊ ရုပ်ပုံ၊ အသံနဲ့ ဗီဒီယိုတွေကို လူသုံးများတဲ့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာမှာ အဓိကထား ဖြန့်နေတာကို တွေ့ရှိထားပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်တွေကို ရုရှား၊ အီရန်နဲ့ တရုတ်တို့က အရင်က ပယ်ချခဲ့ပေမဲ့၊ အခုထုတ်ပြန်ချက်ပါအချက်တွေပေါ်မှာတော့ တစုံတရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။
Forum