သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ (နှစ်ကုန်အထူးအစီအစဉ်)


ပထမဆုံး လေစွမ်းအင်သုံးလောင်စာထုတ်တဲ့ ဘလော့ဂ်ကျွန်းက ရေနက်လေစွမ်းအင်ထုတ် တာဘိုင် ၃ ခု။ (၂၀၁၆၊ သြဂုတ် ၁၅)
ပထမဆုံး လေစွမ်းအင်သုံးလောင်စာထုတ်တဲ့ ဘလော့ဂ်ကျွန်းက ရေနက်လေစွမ်းအင်ထုတ် တာဘိုင် ၃ ခု။ (၂၀၁၆၊ သြဂုတ် ၁၅)

ရာသီဥတုပြောင်းလဲလာမှုတားဆီးနိုင်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းတွေဟာ ၂၀၂၃ နှစ်အတွက် သမ္မဘိုင်ဒန်ရဲ့ ထိပ်တန်းဦးစားပေးအစီစဉ်တွေဖြစ်ပြီး ဒေါ်လာဘီလီယံပေါင်းများစွားအသုံးပြုပါတယ်။ ဒီနှစ်အတွင်း သမ္မတရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီစဉ်တွေ ဘယ်လောက်အထိအောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကို VOA သတင်းထောက် Veronica Balders lglesias ရဲ့သတင်းလွှာကို ကိုဇော်မိုးကျော်ကတင်ပြပေးထားပါတယ်။

ဒီနှစ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ စံချိန်တင်မြင့်တက်ခဲ့ပြီး ဆိုးဝါးတဲ့ရာသီဥတုဘေး ကျရောက်မှုတွေဟာလည်းပိုများလာပါတယ်။ ဒီလိုနှစ်အတွင်းမှာ သမ္မတဘိုင်ဒန်အစိုးရဟာ ဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေနှစ်ခုကိုပြဌာန်းခဲ့ပြီး ဒေါ်လာ ဘီလီယံရာနဲ့ချီအသုံးပြုဖို့ သတ်မှတ်ခဲ့ပါတယ်။

သမ္မတအိမ်ဖြူတော် အမျိုးသားရာသီဥတုဆိုင်ရာအကြံပေး Ali Zaidi က အခုလိုပြောပါတယ်။

“ လျပ်စစ်ကားထုတ်တာ၊ နေရောင်ခြည်သုံးစွမ်းအင်ထုတ်တာ၊ ပင်လယ်ပြင်လေရဟတ်သုံး စွမ်းအင်ထုတ်တာ၊ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်မထိခိုက်စေတဲ့ စိုက်ပျိုးရေးစီမံကိန်းလုပ်တာ၊ သံမဏိတို့၊ ဘိလပ်မြေတို့လို သန့်ရှင်းတဲ့ပစ္စည်းတွေ ထုတ်လုပ်တာ- စတာတွေကနေ အလုပ်အကိုင်တွေတော့အများကြီးတိုးလာတာ တွေ့နေရပါတယ်။”

ဒါပေမယ့်လည်း ပြီးခဲ့တဲ့မတ်လထဲတုန်းက အလက်စကားမှာ Willow ရေနံနဲ့သဘာဝဓတ်ငွေ့စီမံကိန်းကိုခွင့်ပြုခဲ့တာဟာ ရုပ်ကြွင်းလောင်စာနောက်ထပ်ထုတ်လုပ်တာကို လုံးဝရပ်တန့်မယ်ဆိုတဲ့ကတိကို ဖေါက်ဖျက်ရာကျပါတယ်။ ဒါပေမယ့်လည်း ဒီမံကိန်းဟာ ဥပဒေအရခွင့်ပြုပြီးသားဖြစ်နေတာကြောင့် ပြင်လို့မရဖြစ်နေတယ်လို့ သမ္မတဘိုင်ဒန်အစိုးရက ငြင်းချက်ထုတ်ပါတယ်။

ကိုလံဘီယာတက္ကသိုလ် ဥပဒေဌာနက လက်ထောက်သုတေသီ Martin Lockman ကအခုလိုပြောပါတယ်။

“ ဒီစီမံကိန်းက ၂၀၁၈ ခုနှစ် သမ္မတထရန့် မ့်လက်ထက်ကတည်းက ခွင့်ပြုထားတာပါ။ ဒါပေမယ့် တရားစွဲခံရပြီး ရပ်တန့် နေခဲ့ပါတယ်၊ မြေယာစီမံခန့်ခွဲရေးဌာနအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ သုံးသပ်ချက်ကိုပြန်စီစစ်ဖို့ ပြည်ထောင်စုတရားရုံးက ညွှန်ကြားခဲ့ပါတယ်။ ဒီကိစ္စတွေဆောင်ရွက်ပြီးသွားတဲ့အတွက် ဆုံးဖြတ်ချက်ချဖို့က သမ္မတဘိုင်ဒန်အစိုးရလက်ထက်ကို ရောက်လာခဲ့တာပါ။”

ပြီးခဲ့တဲ့စက်တင်ဘာလထဲတုန်းကတော့ အလက်စကားသဘာဝတောရိုင်းဒေသအတွင်း ရေနံတူးမယ့်စီမံကိန်း ၇ ခုကို ပယ်ဖျက်ခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေကို စိတ်သက်သာရာရစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီပတ်ဘလစ်ကန်ပါတီဝင်တွေကအပြင်းအထန်ဝေဘန်ခဲ့တဲ့အပြင် ဒီလုပ်ငန်းတွေအပေါ်မှာ နှစ်အတော်ကြာ မှီခိုအားထားနေရတဲ့ ဒေသခံ အမေရိကန်ဌာနေတိုင်းရင်းသားတချို့ကလည်း အပြောင်းအလဲတွေဖြစ်မှာကို စိုးရိမ်ကြပါတယ်။

အာတိတ်ဒေသ အင်နူးပီးရပ် တိုင်းရင်းသားတို့အသံ “ Voice of Arctic Inupiat” ဆိုတဲ့ ပရဟိတအဖွဲ့ရဲ့ ဥက္ကဋ္ဌ Nagruk Harcharek ကအခုလိုပြောပါတယ်။

“ The North Slope Borough (နော့် စလုပ် ဘရို့) ဟာ North Slope ဒေသတွင်း အလုပ်အကိုင်အများဆုံး ဖန်တီးပေးပါတယ်။ ရုပ်ကြွင်း လောင်စာထုတ်လုပ်တဲ့လုပ်ငန်းတွေကနေ ဝင်ငွေရပါတယ်။ ဒီငွေတွေကို ရပ်ရွာတွေမှာ ပြန်လည်ရင်းနှီးမြှုပ်နှံပါတယ်။ ဒါ့အပြင် အလုပ်အကိုင်တွေကိုလည်း ဖန်တီးပေးပါတယ်။ ဒီလိုအခြေခံစီးပွားရေးလုပ်ငန်းတွေမရှိတော့ဘူးဆိုရင် ကျနော်တို့အတွက် ဘယ်လိုအရာတွေနဲ့ အစားထိုးပေးမှာလဲ။ ဒီလိုလုပ်ငန်းတွေကို သတ်လိုက်ပြီးတော့ ကျနော်တို့က ဒီအတိုင်းဆက်သွားပြီး အဆင်ပြေသွားမှာပါ-ဆိုတာမျိုးကတော့ လက်ခံနိုဖို့ အတော်ခက်ပါတယ်။”

အောက်ခြေပြည်သူတွေမှာ ဒီလိုစိုးရိမ်ပူပန်မှုရှိတယ်ဆိုတာကို ကမ္ဘာ့အရင်းအမြစ်အဖွဲ့ World Resource Institute ကတော့ မအံသြပါဘူး၊ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ညွှန်ကြားရေးမှူး Dan Lashof ကအခုလိုပြောပါတယ်။

“ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာပြဿနာရှိတဲ့အခါ၊ ဒါ့အပြင် အလုပ်အကိုင်ရရှိမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နှစ်ခုကြားရွေးခြယ်ရတဲ့အခါ အခက်အခဲတွေရှိပါတယ်။ ဒေသဆိုင်ရာမှာဖြစ်စေ၊ ကမ္ဘာလုံံးဆိုင်ရာမှာဖြစ်စေ ဒီလိုအခြေအနေမျိုးတွေနဲ့ကြုံလာရင် အခုလိုငြင်းခုံမှုတွေကိုတွေ့ရမှာပါ။ အမေရိကန်မူရင်းတိုင်းသားတွေနဲ့ ဆွေးနွေးမှုတွေကို ပိုပြီး တိုးတက်လာအောင် သမ္မတဘိုင်ဒန်အစိုးရက လုပ်ပါတယ်။ ဒါပေမယ့် အရှည်အကြာကြီး လုပ်ဆောင်ရဦးမှာပါ။”

သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ အသက်မွေးဝမ်းကြောင်းမှုပုံစံကို ကူးပြောင်းနိုင်ဖို့အတွက် ဒေသခံပြည်သူတွေကို ကူညီသွားမယ့်အစီစဉ်တွေရှိသလို လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတဘိုင်ဒန်အစိုးရတာဝန်ရှိသူတွေက VOA ကိုပြော ပါတယ်။

အိမ်ဖြူတော် ရာသီဥတုဆိုင်ရာအကြံပေး Ali Zaidi ကအခုလိုပြောပါတယ်။

“၂၁ ရာစုထဲမှာ ပြိုင်ဆိုင်နိုင်ဖို့ ကျနော်တို့ရဲ့စီးပွားရေးနဲ့ အခြေခံအဆောက်အဦးတွေကို တည်ဆောက်နေတာပါ၊ အဲလိုလုပ်ဆောင်နေရာမှာ တကယ့်အကြပ်အတည်းနဲ့ ရင်ဆိုင်ပြီးလုပ်နေရတယ်ဆိုတာကို နားလည်လက်ခံထားရမှာပါ။”

သမ္မတဘိုင်ဒန်ဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာ ကုလသမဂ္ဂကဦးဆောင်ပြုလုပ်တဲ့ ရာသီဥတုထိပ်သီးညီလာခံကို မတက်ရောက်ပေမယ့်လည်း ရာသီဥတုဆိုင်ရာကိစ္စရပ်တွေမှာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံကတိပြုခဲ့ပါတယ်။ တရုတ်နဲ့အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ အများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာမလားဆိုတာကိုတော့ တကမ္ဘာလုံးကစောင့်ကြည့်နေကြမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG