Zawgyi/Unicode
ဗြိတိန်နိုင်ငံတွင်း အခြေချနေထိုင်ခွင့်ရရှိမယ့် ဟောင်ကောင်ပြည်သူ ဦးရေကို ၃ သန်းအထိ တိုးမြှင့်ပေးသွားမယ်လို့ ဗြိတိန်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ ဒီအခြေချနေထိုင်ခွင့်ကတဆင့် ဟောင်ကောင်သားတွေ ဗြိတိန်နိုင်ငံသား ခံယူခွင့် အလားအလာ လည်း ရှိပါတယ်။
BNO လို့ခေါ်တဲ့ ဗြိတိန် ပြည်ပနိုင်ငံသားလက်မှတ်ရဖို့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့သူတွေကို လောလောဆယ် မှာ ဗြိတိန် နိုင်ငံ အတွင်း ပြည်ဝင်ခွင့်ဗီဇာမလိုပဲ ၆ လနေထိုင်ခွင့်ပြုထားတာပါ။သူတို့ အနေနဲ့ ဗြိတိန်မှာ အမြဲတမ်းနေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ၅ နှစ်ရရှိမှာဖြစ်ပြီး အခြေကျပြီးတဲ့နောက် ၁၂ လအကြာမှာ နိုင်ငံသားလျှောက်ခွင့်ရမှာဖြစ်ပါတယ်။
ဗြိတိန်က ဒီလူဝင်မှုကြီးကြပ်ရေး မူကို လာမယ့်လတွေအတွင်း အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်းလည်း သတင်းဌာနတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကတော့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က BNO လက်မှတ်ကိုင်ဆောင်ထားသူတွေကို ဗြိတိန် နိုင်ငံမှာ အခြေချနေထိုင်ခွင့်မပြုဖို့ တရုတ်နဲ့ ဗြိတိန်ကြား သဘောတူညီမှုရယူထားခဲ့တာလို့ ပြောပါတယ်။ BNO လက်မှတ်ကိုင် ဆောင်သူတွေဟာ တရုတ်နိုင်ငံသားတွေသာဖြစ်ပြီး ဗြိတိန်နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တိုက်တွန်းလုပ်ဆောင်လာတာဟာ ကိုယ့် ရပ်တည်ချက်ကို သာမကဘဲ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာပဲဖြစ်ကြောင်း ပြောခွင့်ရ Zhao ကပြောပါတယ်။
တရုတ်နိုင်ငံက ဟောင်ကောင်မှာ အမျိုးသား လုံ့ခြုံရေး ဥပဒေသစ်ကို ပြဌာန်းခဲ့ပြီးနောက်မှာ ဗြိတိန်နိုင်ငံက အခုလို လုပ်ဆောင်လိုက် တာပါ။ အဲဒီ ဥပဒေအရ နိုင်ငံကတနေ ခွဲထွက်ဖို့ကြိုးပမ်းမှု၊ နိုင်ငံတော်ကို ဆန့်ကျင်ပုံကန်မှုနဲ့ ပြည်ပအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် စတဲ့ တရုတ်ပြည်မကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ရာဇဝတ်မှု အဖြစ်သတ်မှတ်ပြီး ပြစ်ဒဏ် ထောင်ဒဏ်တသက်အထိ ချမှတ်ဖို့ ပါဝင်ပါတယ်။
[Unicode]