ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့် ပြင်ဆင်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို ဗွီအိုအေဝိုင်းတော်သား ဦးသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံမှာ အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရရဲ့ အကြီးအကဲ နိုင်ငံတော်သမ္မတထက် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာပိုပြီး အပ်နှင်းထားတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောဆိုပါတယ်။ ရှေ့နေများ ကွန်ရက်က ဦးကိုနီ အပါအဝင် ပါတီအဖွဲ့အစည်းအသီးသီးက အဖွဲ့ဝင် (၇) ယောက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖယ်ဒရယ်ရေးရာကိစ္စရပ်တွေကို လေ့လာဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဦးကိုနီ ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းတဲ့အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံပါ ကာကွယ်ရေးဦးစီးချုပ်ကို ပိုပြီးအာဏာအပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာနဲ့ ပတ်သက်တဲ့အချက်တွေကို သူက အခုလိုစပြီး ရှင်းပြပါတယ်။
ဦးကိုနီ ။ ။ တကယ်တော့ အုပ်ချုပ်ရေးအာဏာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူက ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ပုဒ်မ (၁၆) မှာပါတယ်။ ပုဒ်မ (၅၉) မှာပါတယ်။ ပုဒ်မ (၁၉၉) မှာပါတယ်။ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်အကြီးအကဲလည်း ဖြစ်တယ်။ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ တကယ့်တကယ်တော့ တခြားတခြား ပြဌာန်းချက်တွေနဲ့ ချိန်းထိုးကြည့်လိုက်တဲ့အခါကြတော့ နိုင်ငံတော်သမ္မတဟာ တကယ့်အစိုးရအဖွဲ့ရဲ့ အကြီးအကဲ အမှန်တကယ် ဟုတ်ရဲ့လားလို့ မေးစရာမေးခွန်းတွေ တွေ့လာတယ်။ ဥပမာ ဘာတုန်းဆိုတော့ နိုင်ငံတော်သမ္မတဟာ အကြီးအကဲအမှန်ဖြစ်ရင် သူ့လက်အောက်မှာ အလုပ်လုပ်မယ့် ဝန်ကြီးတွေကို သူ့မှာ ခန့်အပ်နိုင်တဲ့ အခွင့်အဏာရှိရမယ်။ ဒါပေမဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၂) မှာ နိုင်ငံတော်သမ္မတဟာ အခြားအခြားသော ဝန်ကြီးတွေကို ခန့်နိုင်သော်လည်း ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး - အဲဒီ ဝန်ကြီး (၃) ပါးနဲ့ အဲဒီဌာနရဲ့ ဒု-ဝန်ကြီးတွေကို သူ့မှာ ခန့်အပ်နိုင်တဲ့ အခွင့်အာဏာမရှိဘူး။ ဒီ အာဏာ ဘယ်သူကို ပေးထားသလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတယ်။ ဒီအချက်ကို ကြည့်လိုက်တာနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့် အရေးကြီးတဲ့ လုပ်ပိုင်ခွင့် ဝန်ကြီးခန့်အပ်ခွင့်ဆိုတဲ့ အခွင့်အာဏာတွေဟာ နိုင်ငံတော်သမ္မတမှာ အပြည့်အဝမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ကို ခွဲပေးထားတဲ့ဟာကို တွေ့နိုင်တယ်။ ဒါက ဥပမာတခုအနေနဲ့ ပြောတာပါ။
နောက်ဥပမာတခု ပြောရရင် ပုဒ်မ (၂၀၁) မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းပုံကို ရေးထားပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုတာ တကယ်တော့ အုပ်ချုပ်ရေးအာဏာကိုပိုင်တဲ့ အမြင့်ဆုံးအဖွဲ့ပဲ။ အဲဒီအဖွဲ့မှာ သမ္မတကို ဥက္ကဋ္ဌ နေရာမှာထားတယ်။ ဒါပေမဲ့ သမ္မတကို ထောက်ခံမဲက (၂) မဲပဲ ရှိတယ်။ အရပ်သား ဒု-သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီး (၂) ယောက်ပဲရှိတယ်။ လွှတ်တော် (၂) ယောက်ကို ဘယ်သူကို ထောက်ခံမလဲဆိုတာကို ကျနော်တို့ မသိဘူး။ တဖက်မှာ (၆) ယောက်တိတိ တပ်မတော်သားတွေ ပါနေတယ်။ ကာကွယ်ရေးဦးစီးချုပ်၊ ဒု-ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ ကာကွယ်ဦးစီးချုပ်က nominate လုပ်ထားတဲ့ ခန့်အပ်ထားတဲ့ ဒုတိယ သမ္မတ (၁) ယောက်။ ဆိုတော့ (၁၁) ယောက်မှာ (၆) ယောက်က ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့လက်အောက်ခံတပည်တွေ ဖြစ်နေတော့ တကယ့် နိုင်ငံရဲ့အုပ်ချုပ်မှုအာဏာ ဟာ ကာကွယ်ရေးဦးစီးချုပ် လက်ထဲမှာလား။ သမ္မတလက်ထဲမှာလား ကျနော်တို့ စဉ်းစားစရာ အများကြီး ရှိနေတယ်။ ဒါကြောင့် ကျနော်က အုပ်ချုပ်ရေးအာဏာဟာ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတာများတယ်လို့ ထောက်ပြတာပါ။
ဦးသိန်းထိုက်ဦး ။ ။ ဥပဒေ ပြုရေးကိစ္စတွေမှာ အရပ်ဖက် ဥပဒေပြုအဖွဲ့အစည်းတွေ၊ နောက် တရားစီရင်ရေးမှာ ဘယ်လောက်အထိ ဒီမိုကရေစီစနစ်အတွက် လွှမ်းမိုးနိုင်စွမ်း တကယ်တမ်း ထိထိရောက်ရောက် လုပ်နိုင်စွမ်း ရှိပါသလဲ။
ဦးကိုနီ ။ ။ ဥပဒေပြုရေးနဲ့ ပတ်သက်ပြီးတော့ တခုပြောမယ်။ တရားစီရင်ရေးကိုတော့ ခွဲပြောပါမယ်။ အရေးကြီးတဲ့ဟာက ဥပဒေပြုရေး။ အဲဒီ ဥပဒေပြုရေးဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ နိုင်ငံတော်အာဏာရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံသားတွေဖြစ်တယ်။ အဲဒီ နိုင်ငံသားတွေက ရွေးကောက်တင်မြောက်တဲ့ လွှတ်တော်ဆိုတဲ့ အဖွဲ့အစည်းက ဥပဒပြုတဲ့အာဏာကို ပိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ယေဘုယျသဘော အဲဒီလိုသဘောရေးထားတယ်။ ဒါပေမဲ့ ပုဒ်မ (၇၄)၊ ပုဒ်မ (၁၀၉)၊ ပုဒ်မ (၁၄၁)၊ ပုဒ်မ (၁၆၁) တို့မှာ ရှိသမျှ လွှတ်တော်အားလုံးမှာ (၄) ပုံ (၁) ပုံကို ကာကွယ်ရေးဦးစီးချုပ်က ခန့်တယ်လို့ ပြောလိုက်တဲ့အခါကြတော့ ဥပဒေပြုအာဏာရဲ့ (၄) ပုံ (၁) ပုံကို ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ကတည်းကို အပ်လိုက်သလို ဖြစ်နေတယ်။ ဥပဒေပြုအာဏာရဲ့ (၄) ပုံ (၃) ပုံကိုပဲ နိုင်ငံသားတွေကို ပေးထားသလို ဖြစ်နေတယ်။ ဒါကတော့ အကူးအပြောင်းကာလတခုမိုလို့ ဒီလိုလေးပဲထားတယ်လို့ ပြောမယ်ဆိုရင်တောင် ကျနော်တို့ ဒုက္ခဖြစ်နေတယ့်၊ ကျနော်တို့ တကယ်အကြပ်အတည်း ရင်ဆိုင်နေရတဲ့ အခက်အခဲက ဥပဒေပြုအာဏာမှာ အခက်ဆုံးပြဿနာ ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်ရင် ကာကွယ်ရေးဦးစီးချုပ် သဘောမတူရင် ကျနော်တို့ တသက်လုံး ပြင်လို့မရဘူး။ ဘာကြောင့်တုန်းဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်ရင် လွှတ်တော်ရဲ့ ၇၅% ကျော်က ထောက်ခံမှ ဒုတိယအဆင့်အောင်မယ်။ ပြင်ဖို့အခွင့်အလမ်းရှိမယ်။ ၇၅% ကျော် ၇၆% - လွှတ်တော်မှာက အရပ်သားအမတ်က ၇၅% ပဲရှိတယ်။ ၇၆% ဖြစ်ဖို့ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေ ထောက်ခံမှရမယ်။ တပ်မတော်သားကိုယ်စားလှယ် ထောက်ခံမှဆိုရင် ကာကွယ်ရေးဦးစီးချုပ်က အမိန့်ပေးမှရမယ်။ ကာကွယ်ရေးဦးစီးချုပ် မထောက်ခံဘူးဆိုရင် ကျနော်တို့ တသက်လုံးပြင်လို့မရဘူး။ အဲဒီတော့ ဥပဒေပြု အာဏာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေလေးကို ပြင်ချင်တာတောင် ကာကွယ်ရေးဦးစီးချုပ်သဘောမတူရင် ပြင်လို့မရအောင် ပိတ်ထားတယ်။ အဲဒီတော့ ဥပဒေပြုအာဏာ တော်တော်များများ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတယ်ဆိုတာ ဒီအချက်က ထင်ရှားစေတယ်။
နောက် တရားရေးအာဏာလည်း ကျနော်တို့ သမိုင်းအစဉ်အဆက် ဦးနေဝင်း အုပ်ချုပ်ခဲ့တယ်။ ဦးနေဝင်းလက်ထက်မှာလည်း တရားရေးအာဏာကို စစ်တပ်က မယူဘူး။ နောက်တခါ မဆလခေတ် ဦးနေဝင်း ဆက်အုပ်ချုပ်တယ်။ မယူခဲ့ဘူး။ ပြီးခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အုပ်ချုပ်ခဲ့တဲ့ နှစ် (၂၀) ကျော်မှာ တရားရေးအာဏာကို စစ်တပ်ကမယူဘူး။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ (၃၄၃) မှာပါပါတယ်။ စစ်ဘက်တရားရေးမှာ နောက်ဆုံးအဆုံးဖြတ်ကို ပေးခွင့်ရှိတယ့်လူက ကာကွယ်ရေးဦးစီးချုပ်။ ဆိုလိုတာက စစ်တရားစီရင်ရေးမှာ ကာကွယ်ရေးဦးစီးချုပ်ကို တရားသူကြီးချုပ် အာဏာပေးလိုက်တယ်။ တကယ်တော့ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ အုပ်ချုပ်ရေးဝန်ထမ်း။ အစိုးရလခကိုယူတဲ့ ဝန်ထမ်းတစ်ယောက်ပဲ။ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းတစ်ယောက်ကို တချိန်တည်းမှာ တရားရေးအကြီးအကဲကို ပေးတာဟာ ဘယ်နိုင်ငံမှမရှိဘူး။ ကျနော်တို့ တိုင်းပြည်မှာလည်း အရင်က မရှိခဲ့ဘူး။
ဦးသိန်းထိုက်ဦး ။ ။ စစ်တပ်ကို အရပ်ဖက်တရားစီရင်ရေးအောက်ကနေ လုံးဝသီးခြားခွဲထွက်တဲ့ အဖွဲ့အစည်းတခုအဖြစ် ရပ်တည်တယ်ဆိုတဲ့ သဘောမျိုးလား။
ဦးကိုနီ ။ ။ ဒီသဘောတော့ မဟုတ်ဘူး။ စစ်သားတွေကတော့ ဥပဒေနှစ်ခု လိုက်နာရတယ်။ ကျနော်တို့ အရပ်ဖက်ဥပဒေလည်း လိုက်နာရတယ်။ အရပ်ဖက်တရားရုံးကလည်း သူတို့အပေါ်မှာ စီရင်ခွင့်ရှိပါတယ်။ သို့သော် တခြားကိစ္စတွေကြတော့ စစ်တရားရုံးနဲ့သွားမယ်။ စစ်တရားရုံးနဲ့ သွားတဲ့ကိစ္စတွေအားလုံးမှာ ကာကွယ်ရေးဦးစီးချုပ်ကို အကြီးအကဲပေးလိုက်တယ်။ အရင်က အဲဒီလို မပေးဘူး။ စစ်တရားရုံးက ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ်၊ နောက်ဆုံး အယူခံက ကျနော်တို့ အရပ်ဖက်ရုံးကို လာရတယ်။ အခု လာစရာ မလိုတော့ဘူး။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်ဆိုတော့ တရားရေးအာဏာကိုပါ သွယ်ဝိုက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို ပေးလိုက်သလို ဖြစ်နေတယ်။ အားလုံးကို ခြုံလိုက်ရင် ဥပဒေပြုအာဏာလည်း (၄) ပုံ (၁) ပုံကို ပေးတဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်တဲ့အာဏာပါ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတယ်။ အုပ်ချုပ်ရေးအာဏာမှာလည်း ကျနော် စောစောက ပြောထားသလို သမ္မတထက်ပိုပြီးပြင်းတဲ့အာဏာတွေ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတယ်။ တရားရေးအာဏာလည်း စစ်ဖက်တရားစီရင်ရေးမှာ သူကို တရားသူကြီးချုပ်အာဏာပေးထားတယ်ဆိုတော့ နိုင်ငံတော်အာဏာကြီး (၃) ခုရှိတာ (၃) ခုစလုံးမှာ တနည်းမဟုတ်တနည်း ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတာ တွေ့ရတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒသည် နိုင်ငံတော်အာဏာကို နိုင်ငံသားတွေကို အပ်နှင်းတဲ့ ဖွဲ့စည်းပုံလား။ သို့မဟုတ် နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ်ကို အပ်ချင်လို့ ရေးထားတာလားဆိုတာ မေးစရာ ဖြစ်လာတာပေါ့။
ဦးသိန်းထိုက်ဦး ။ ။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာတွေနဲ့ ပတ်သက်လို့ပေါ့။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ရော ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းရင်းသားတွေရဲ့ တန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမမခံဘူးဆိုပြီး ဝေဖန်တာတွေကို ကျနော်တို့ ကြားသိရပါတယ်။ ဘယ်လောက်အထိအောင် သူတို့ဖက်က သူတို့အရေးအတွက် လုပ်ပိုင်ခွင့် ရှိပါသလဲ။
ဦးကိုနီ ။ ။ ကျနော် နှစ်ချက်ပြောမယ်ဗျာ။ တိုင်းရင်းသားနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၈) မှာတော့ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်မယ်လို့ သူကရေးထားတယ်။ ပြည်ထောင်စုလို့ ပြောလိုက်ရင် ဖယ်ဒရယ်ပေါ့။ အခုလောလောဆယ် ကြည့်လိုက်ရင် ကိုသိန်းထိုက်ဦးလည်း မြင်ပါတယ်။ ကျနော်တို့မှာ လွှတ်တော် (၁၅) ခု ရှိတယ်။ တိုင်းအဆင့်က (၁၄) ခု၊ ဗဟိုနဲ့ဆိုရင် (၁၅) ခု။ တရားရုံးတွေလည်း (၁၅) ခုပေါ့။ အစိုးရလည်း (၁၅) ဖွဲ့ပေါ့။ ဗြုန်းကနဲ့ ကြည့်လိုက်ရင်တော့ ပြည်ထောင်စုပုံစံ ဖြစ်နေတယ်။ ဒါပေမဲ့ တကယ်တော့ ကျနော်တို့ တိုင်းပြည်ဟာ ပြည်ထောင်စုစစ်စစ် မဟုတ်ဘူး။ သဏ္ဍာန်ဆောင် ပြည်ထောင်စုလို့ခေါ်တယ်။ ဟန်ဆောင်ထားတာ။ ပြည်ထောင်စုအစစ် မဟုတ်ဘူး။ ပြည်ထောင်စုအစစ်ဆိုတာက ပြည်နယ်လွှတ်တော်အမတ်တွေကို သူ့ပြည်နယ်ပြည်သားတွေက ရွေးမယ်။ ပြည်နယ်အစိုးရကိုလည်း သူ့ပြည်နယ်သူပြည်နယ်သားတွေကဖွဲ့မယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေး သူတို့ကို ပေးရမယ်။ အလားတူ ကိုယ်ပိုင်ပြဌာန်းခွင့် အချို့အချို့သော ဥပဒေတွေကို သူတို့ကို လွတ်လွတ်လပ်လပ် ပြဌာန်းခွင့် ပေးရမယ်။ သို့သော် ကျနော်တို့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်ရင် အရေးကြီးတဲ့အချက်တချက် ထောက်ပြမယ်။ အဲဒါ ဘာလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံကို ဘယ်သူအုပ်ချုပ်နေသလဲ။ အဲဒီ မေးခွန်းလေးကို ပြန်ဖြေကြည့်လိုက်ရင် အဖြေ အဲဒီနေရာမှာရှိတယ်။ ပြည်ထောင်စုစနစ်ဆိုတာ ဗဟိုအစိုးရ တနိုင်ငံလုံးကို ယေဘုယျခြုံ အုပ်ချုပ်တယ်။ ပြည်နယ်တွေကို ပြည်နယ်အစိုးရက အုပ်ချုပ်မယ်။ ဒါက ပြည်ထောင်စုစနစ်။ ဒီကနေ့ ဗမာနိုင်ငံကို ဘယ်သူအုပ်ချုပ်နေသလဲ။ ဒီမေးခွန်းအဖြေ။ ဥပဒေမှာ သမ္မတက အုပ်ချုပ်ရင် အကြီးအကဲလို့ ပြောတယ်။ ဒါပေမဲ့ တကယ်တိုင်းပြည်ကို အုပ်ချုပ်နေတဲ့အဖွဲ့အစည်းက (၁) အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (၂) ရဲတပ်ဖွဲ့ ဒီနှစ်ဖွဲ့က တိုင်းပြည်ကိုအုပ်ချုပ်တယ်။ အဲဒီ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ရှမ်း တနိုင်ငံလုံးကို သူတို့အုပ်ချုပ်နေတယ်။ ဆိုတော့ တကယ့် ကျနော်တို့ရဲ့ အုပ်ချုပ်မှုအာဏာသည် ပြည်ထဲရေးဝန်ကြီးရဲ့ လက်ထဲမှာရှိတယ်။ ပြည်ထဲရေးဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ်က ခန့်တယ်ဆိုတော့ တကယ့် တိုင်းပြည်ရေးအုပ်ချုပ်ရေးဟာ အရပ်သားအုပ်ချုပ်ရေးလား။ သွယ်ဝိုက်သောနည်းနဲ့ စစ်တပ်က အုပ်ချုပ်နေတာလား။ မေးစရာမေးခွန်းတွေ ရှိနေတယ်။ အဲဒါဟာ လုံးဝ ပြည်ထောင်စုစနစ်နဲ့ ဆန့်ကျင်တဲ့အချက်။ တိုင်းရင်းသားတွေ မကြိုက်တဲ့အချက်က ဒီအချက်ပဲ။ ဒါကို ကျနော်တို့က ပြင်ချင်တယ်။ ဒီဟာကို ပြင်ဖို့အတွက် ကျနော်တို့ရဲ့ အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်ထဲမှာ ဒါလည်းပါပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာက အခုန ဦးကိုနီလည်း ရှင်းပြပါတယ်။ စစ်တပ်ကလည်း လက်ခံဖို့ ထောက်ခံဖို့ လိုတယ်ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်ရေးက အချိန်မီပါ့မလား။ ဖြစ်နိုင်ပါ့မလား။
ဦးကိုနီ ။ ။ တော်တော်တော့ စိတ်ဝင်စားစရာကောင်းတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ တကယ်တော့ ခက်ခဲသင့်တဲ့ကိစ္စ မဟုတ်ဘူး။ မခက်ခဲသင့်ဘူး။ တိုင်းပြည်အတွက် လိုအပ်ရင် လိုအပ်သလို၊ တိုင်းပြည်အကျိုးကို ထောက်ထားပြီး ပြင်နိုင်အောင် ရေးဆွဲဖန်တီးထားသင့်တယ်။ သို့သော် ရှေ့ကလူတွေက အဲဒီလိုမဟုတ်ဘူး။ ခက်ခဲအောင် လုပ်ခဲ့တဲ့အတွက် အမှန်တော့ ဒီမေးခွန်း ဖြစ်လာတာပဲ။ တကယ်လို့ ကျနော်တို့ လိုတဲ့အချိန်မှာ လိုသလို လွယ်လွယ်ကူကူ ပြင်နိုင်တယ်ဆိုရင် ဒီလိုမေးခွန်းမျိုးလည်း ပေါ်လာစရာမရှိဘူး။ ဒီလို ပြင်ဆင်ရေး campaign တွေလည်း ုလုပ်စရာ မလိုပါဘူး။ ဒါပေမဲ့ ဒီကနေ လိုနေတယ်။ လုပ်နေရတယ်။ အဲဒီတော့ ၂၀၁၅ မတိုင်မီ ဖြစ်နိုင်ချေ၊ ပြင်ဆင်ရေး ဖြစ်နိုင်ချေ မဖြစ်နိုင်ချေ တချိန်က ရေးခဲ့တဲ့လူတွေကတော့ မပြင်ချင်ဘူး။ ဒါကြောင့် ပြင်လို့မရအောင် ပိတ်စို့ထားတယ်။ သို့သော် ပြောင်းလဲလာတဲ့ အခြေအနေကတော့ ဒီကနေ့ အာဏာရတဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်တိုင်က ပြင်ဆင်ရေးအဆိုတင်တယ်။ ပြင်ဆင်ရေး လေ့လာရေးကော်မတီဖွဲ့တယ်။ အခု မကြာခင်ကပဲ သူတို့ ကိုယ်တိုင်ကပဲ ၇၃ ချက်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အပါအဝင် ပြင်ဖို့ရှိတဲ့ဟာတွေကို သူတို့ ဆုံးဖြတ်ချက်တွေချတယ်ဆိုတော့ ကျနော်တို့ အရှေ့ကိုသွားနေတယ်ဆိုတာတော့ ကျနော် ယုံကြည်တယ်။ ထင်သာမြင်သာရှိတယ်။ သို့သော် အဲဒီနေရာမှာ လူထုလိုချင်တဲ့ အပြောင်းအလဲအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လိုချင်တဲ့ အပြောင်းအလဲအားလုံးဟာ ၂၀၁၅ မတိုင်မီ ပါသွားမလား၊ ပါမသွားဘူးလားတော့ ကျနော်တို့ ပြောဖို့စောတယ်။ ဒါကတော့ နောက်မှပဲ စောင့်ကြည့်ပြီး အဖြေထုတ်ရမယ့်သဘော။ အဲဒီတော့ အပြောင်းအလဲတခုတော့ ဖြစ်လိမ့်မယ်လို့တော့ ကျနော်ယုံတယ်။ ကျနော့်ရဲ့ ပုဂ္ဂလိက ယုံကြည်ချက်။ ဒီနေရာမှာ အခုနတချက် စဉ်းစားစရာက တပ်မတော်ကလည်း လိုတယ်ဆိုတဲ့ ကိုသိန်းထိုက်ဦးရဲ့ မေးခွန်းထဲမှာ ပါလာတဲ့အချက်။ ဒါက ကျနော်တို့ စဉ်းစားရမယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို (၁) ခု၊ (၂) ခု ပြင်မှာမဟုတ်ဘူး။ ပြင်စရာတွေ သိပ်များတဲ့အခါကြတော့ ဖွဲ့စည်းပုံအခြေခံမှာပါတဲ့ ပြင်ဆင်ရေးနည်းလမ်းအတိုင်းသွားရင် မလွယ်ဘူး။ မလွယ်တဲ့အခါမှာ ကျနော်တို့က ဘာလုပ်ရမလဲဆိုတော့ ဥပဒေလမ်းကြောင်းနဲ့ ပြင်လို့မရရင် နိုင်ငံရေးလမ်းကြောင်းနဲ့ ပြင်လို့ရတယ်။ နိုင်ငံရေးလမ်းကြောင်းက ဘာလဲဆိုတော့ ဆွေးနွေးတိုင်ပင်တဲ့နည်း။ ဒါကို ကျနော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ကျင့်သုံးဖို့ ကြိုးစားနေပါပြီ။ အဲဒါ ဘာလဲဆိုတော့ ပြီးခဲ့တဲ့လထဲမှာ စာတစ်စောင်ပို့ပါတယ်။ သမ္မတကြီးကို စီစဉ်ပေးဖို့။ အဲဒီမှာ သမ္မတကြီး၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ဖက်က ကာကွယ်ရေးဦးစီးချုပ်ရယ် ဒီလို ဖိတ်ထားတယ်။ ဒီအဓိပ္ပါယ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လျှောလျှောရှုရှုနဲ့ အဆင်ပြေပြေနဲ့ တိုင်းပြည်အကျိုးအတွက် ပြင်ဖို့ကိစ္စမှာ ဒီလိုမျိုး မညှိမနှိုင်းဘဲနဲ့လုပ်ရင် အခက်အခဲတွေ ရှိနိုင်တယ်။ ညှိနှိုင်းပြီးလုပ်တာဟာ အားလုံးအတွက် ကောင်းမယ်ဆိုတဲ့အသိ ကျနော်တို့ ဥက္ကဋ္ဌမှာ ရှိတဲ့အတွက် ဒီလိုကမ်းလှမ်းတာပေါ့။ သမ္မတကြီးကလည်း ဒါကိုငြင်းပယ်ထားတာ မရှိပါဘူး။ (၃၁) ရက်နေ့ အစီရင်ခံစာ တက်လာပြီးနောက်ပိုင်းကြတော့ တွေ့ကြတာပေါ့၊ ဆွေးနွေးကြတာပေါ့ ဒီလိုအပြောအဆိုတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျနော်ထင်တယ် တဖက်က ပြည်သူလူထုက ပြင်ချင်သလို၊ နိုင်ငံရေးအရ တာဝန်ယူထားတယ့် ပုဂ္ဂိုလ်တွေကလည်း ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ အမေရိကန်ပြည်ထောင်စုကို ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ နဲ့ ဖယ်ဒရယ်ရေးရာကိစ္စရပ်တွေ လာပြီးလေ့လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို ဗွီအိုအေ က သီးသန့်တွေ့ဆုံမေးမြန်းခဲ့တာပါ။