သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု အမေရိကားရောက် မြန်မာတွေ ဆက်လက်ကန့်ကွက်


ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြသူများ ( ၁၄ ရက် ဖေဖေါ်ဝါရီ ၂၀၂၁ ၊ တနင်္ဂနွေ )
ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြသူများ ( ၁၄ ရက် ဖေဖေါ်ဝါရီ ၂၀၂၁ ၊ တနင်္ဂနွေ )

[ ZAWGYI ]

စစ်တပ်က အာဏာသိမ်းယူထားတဲ့ မြန်မာနိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ နေ့စဉ်ရက်ဆက် ပေါ်ပေါက်နေချိန်မှာပဲ ပြည်တွင်းကပြည်သူတွေနဲ့ တသားထဲရှိကြောင်း ပြသဖို့နဲ့ စစ်တပ်ကြီးစိုးတဲ့ အုပ်ချုပ်ရေးစနစ် အမြန် အဆုံးသတ်စေရေး နိုင်ငံတကာက ဖိအားတွေ ပိုတိုးပေးဖို့ အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ မြန်မာတွေ တောင်းဆို ဆန္ဒပြကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဝါရှင်ဒီစီမြို့ မြန်မာစစ်သံရုံးရှေ့နဲ့ မြန်မာသံရုံး ရှေ့တို့မှာ လူအင်အား ၃၀၀ ဝန်းကျင်လောက် တနင်္ဂနွေ မွန်းလွဲပိုင်းက လာရောက်ဆန္ဒပြကြတယ်လို့ အဲဒီဆန္ဒပြပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ VOA သတင်းထောက် ဦးခင်မောင်စိုးမင်းက ရှင်းပြပါတယ်။

" မြန်မာ့ဒီမိုကရေစီ အင်အားစုများကွန်ယက်ဆိုပြီးတော့ သူတို့ဖွဲ့စည်းပြီးတော့ အခု ဆန္ဒပြနေကြတာပါ။ ဒီဆန္ဒပြပွဲမှာတော့ ဝါရှင်တန်ဒီစီမှာနေတဲ့ မြန်မာတွေ ၊ မေရီလန်း ဗာဂျီးနီးယားနဲ့ အင်ဒီယားနား ပြည်နယ်တွေက မြန်မာတွေအပြင် တခြားတခြားသော ပြည်နယ်တွေက မြန်မာတွေလည်း အတော်လေး လာရောက် ဆန္ဒပြကြပါတယ်။ ၃၀၀ နီးပါးလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သမ္မတကြီး ဦးဝင်းမြင့်ရယ် ဖမ်းဆီးခံထားရသူအားလုံး အမြန် ပြန်လွှတ်ပေးရေး ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ချက်ချင်းအသိအမှတ်ပြုရေး ၊ နောက်ပြီး စစ်တပ်က စစ်တန်းလျား အမြန်ပြန်သွားရေး အဲဒါတွေကို တောင်းဆိုကြပါတယ်။ နောက်ပြီး ဝန်ထမ်းတွေ ရုံးမတက်ဖို့ ၊ ဝန်ထမ်းတွေအတွက် ထောက်ပံ့ရေး အစီအစဉ်တွေကို ပြည်တွင်းပြည်ပက ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

နောက်ဆုံးတချက်ကတော့ သံရုံးမိသားစုတွေ အနေနဲ့ ပြည်သူတွေဖက် ဒီမိုကရေစီအင်အားစုတွေဖက်ကို အမြန်ဆုံး ပူးပေါင်းကြဖို့ .. ဆိုပြီးတော့ သူတို့ တောင်းဆိုကြတာ တွေ့ရပါတယ်။ "


အလားတူ ကိုလိုရားဒိုးပြည်နယ်ရဲ့ လွှတ်တော် အဆောက်အဦရှေ့မှာလည်း ရာသီဥတု ဆိုးဝါးတဲ့ကြားကပဲ မြန်မာနဲ့ တိုင်းရင်းသား ၆၀ ဝန်းကျင် ဆန္ဒပြခဲ့ကြောင်း မြန်မာ့အရေးလှုပ်ရှားသူ ဦးလှိုင်မိုးသန်းက VOA ကို ပြောပါတယ်။

" ရာသီဥတုကတော့ အင်မတန်ဆိုးရွား ပြင်းထန်တဲ့ ရေခဲမှတ်အောက် (အနှုတ် ဒီဂရီ ၁၀) လောက်မှာ အမိမြန်မာပြည်က ပြည်သူတွေနဲ့ တသားထဲရှိကြောင်း ပြသချင်တဲ့အတွက် ကျနော်တို့ ကြံ့ကြံ့ခံပြီးတော့ နေ့လည် ၁၂ ကနေ ၁ နာရီထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဆန္ဒပြကြပါတယ်။ အဓိကတော့ အမေရိကန်သမ္မတကြီးကို မေတ္တာရပ်ခံတာက မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာရှင်က အဓမ္မ အကြမ်းဖက် နှိမ်နင်းနေတာတွေကို စစ်ရေးအရ အမြန်ဆုံး အရေးယူပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံတယ်။ နောက်တခုက ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အများပြည်သူက ပေးခဲ့တဲ့ မဲရလဒ်ကို လေးစားဖို့ ၊ အဲဒါအတွက် အမေရိကန်ကလည်း တတ်နိုင်တဲ့ နေရာကနေ အစွမ်းကုန် ကူညီပေးဖို့ ၊ နောက်တခုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားဝင်သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ အကုန်လုံးကို ချက်ချင်းလွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုပါတယ်။ "

တခါ မြန်မာအများစုရှိရာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာလည်း ချင်း၊ ကရင်၊ ကချင်နဲ့ ဗမာ စုစုပေါင်း လူ ၉၀ - ၁၀၀ လောက် စုဝေးပြီး မြန်မာပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ် ကင်းဝေးပါစေကြောင်း ဆုတောင် မေတ္တာပို့ကြတယ်လို့ အဲဒီပွဲမှာပါတဲ့ မ လေဒီယာဝင်းက ပြောပါတယ်။

" မြန်မာပြည်မှာ စစ်အစိုးရက အာဏာသိမ်းပြီးတဲ့အခါမှာ ဖိစီးနှိပ်စက်မှုတွေကို အားလုံးက ဆက်တိုက် ခံစားလာရတဲ့ အခါကျတော့ ကျမတို့ အနေနဲ့ ဒီအမေရိကန်နိုင်ငံမှာ ရှိနေပေမယ့်လည်းပေ့ါနော် ၊ မြန်မာပြည်မှာ အားလုံးရဲ့ ဆွေမျိုးသားချင်းတွေ ရှိကြတဲ့အခါကျတော့ အားလုံးက စိုးရိမ်ကြတယ်။ သူတို့နဲ့ ထပ်တူထပ်မျှ ခံစားနေရပါတယ် ဆိုတာကို ဖေါ်ပြချင်တဲ့အတွက် ကိုယ်တတ်နိုင်တဲ့ နေရာကနေပြီး မြန်မာပြည်အတွက်ကို ဆုတောင်း ပေးကြတာပေါ့နော်။ "

နယူးယောက်မြို့က မြန်မာတွေကလည်း လာမယ့်ရက်အတွင်း ကုလသမဂ္ဂရုံးချုပ်ရှေ့ တောင်းဆိုဆန္ဒပြဖို့ရှိကြောင်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်



= = = = = = =

[ UNICODE ]












XS
SM
MD
LG