ပြည်ပကထုတ်လွှင့်တဲ့ လက်ရှိ နိုင်ငံတကာရေးရာ သတင်းတွေကို တရုတ်နိုင်ငံမှာ ပြသခွင့်မပြုဘဲ ပိတ်ပင်မယ့် အလားအလာ ရှိနေတာကို တရုတ် ရေဒီယိုနဲ့ ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့က ရေးဆွဲထားတဲ့ စည်းကမ်းသတ်မှတ်ချက် မူကြမ်းထဲမှာ ဖော်ပြ ထားပါတယ်။
အဲဒီမူကြမ်းကို ရိုက်တာသတင်းဌာနက ကြာသပတေးနေ့မှာ ရရှိတာဖြစ်ပြီး ပြည်တွင်း ရုပ်မြင်သံကြားလိုင်းတွေ ဒါမှမဟုတ် အွန်လိုင်း ဗွီဒီယိုလိုင်းတွေမှာ ဘယ်လိုအစီအစဉ်တွေ ပြသခွင့်ရှိတယ်ဆိုတာကို ကန့်သတ်မယ့်စည်းကမ်းတွေ ပါဝင်ပါတယ်။ လက်ရှိနိုင်ငံတကာရေးရာ အစီအစဉ်တွေကတော့ နိုင်ငံတွင်း ပြသခွင့်မပြုဘဲ ပိတ်ပင်ခံရမယ့် အစီအစဉ်တွေအဖြစ် ဖော်ပြထားတာပါ။
ဒါ့အပြင် ကြမ်းကြမ်းတမ်းတမ်းဖြစ်ရပ်၊ အကြမ်းဖက်ဝါဒ၊ ရာဇဝတ်မှုဖြစ်အောင် လှုံ့ဆော်တဲ့၊ လူမှုတည်ငြိမ်ရေးကို အန္တရာယ် ဖြစ် စေတဲ့ ဒါမှမဟုတ် အမျိုးသား ခံစားချက်အမြင်ကို ထိခိုက်စေတဲ့ ပြည်ပက ထုတ်လွှင့်ချက်တွေကို ပိတ်ပင်ဖို့လည်း စည်းကမ်း သတ်မှတ်ချက်မူကြမ်းထဲမှာ ဖော်ပြထားပါတယ်။ ဒီထဲမှာ ရုပ်ရှင်နဲ့ ကာတွန်းဇာတ်ကားတွေလည်း ပါဝင်ပါတယ်။
တရုတ်နိုင်ငံဟာ အပြ့င်းအထန် ဆင်ဆာလုပ်တာတွေမှာ ထင်ရှားပါတယ်။ ဝက်ဘ်ဆိုက် ထောင်ပေါင်းများစွာကို ကြည့်ခွင့်မရဘဲ ပိတ်ပင်ထားတာကြောင့် “တရုတ်နိုင်ငံရဲ့ မဟာ အကာအကွယ်ကြီး” လို့တောင်မှ နာမည်ပြောင်နဲ့ ခေါ်ဆိုကြပါတယ်။ ပြည်ပ သတင်းထောက်တွေ ရေးသားဖော်ပြတဲ့ သတင်းတွေကြောင့် မကြာခနဆိုသလို ဖမ်းဆီး ထိန်းသိမ်းခံရပြီး ပရိသတ် အများအပြား ရှိတဲ့ ပြည်တွင်းမီဒီယာအားလုံးကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။
သတင်းမီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာတဲ့ Freedom House အဖွဲ့က တရုတ်နိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို “not free” လွတ်လပ်မှုမရှိတဲ့အဆင့်မှာ သတ်မှတ်ထားပါတယ်။