သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီး ရုရှားနဲ့ဘဲလားရုစ်ခရီး စတင်


တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ (Li Shangfu)
တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ (Li Shangfu)

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ (Li Shangfu) ဟာ ရုရှားနဲ့ဘဲလားရုစ် နိုင်ငံတွေကို သွားရောက်မယ့် (၆) ရက်တာခရီးစဥ်ကို တနင်္လာနေ့က စတင်လိုက်ပါတယ်။

ဒါဟာ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားနဲ့ဘဲလားရုစ်အပေါ် အနောက်အုပ်စုက ဖယ်ကျဥ်ဒဏ်ခံနေရချိန်မှာ တရုတ်က ထောက်ခံကြောင်းပြသတဲ့ခရီးဖြစ်ပါတယ်။ ဝန်ကြီးလီဟာ မော်စကိုနိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး ရုရှားနဲ့ တခြားနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနရဲ့ ဖြေကြားချက်မှာတော့ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေဟာ မတူညီတဲ့ ပြဿနာပေါင်းစုံအတွက် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပုံစံအမျိုးမျိုးနဲ့ ဆက်ထိန်းသိမ်းထားကြောင်း ပြောပါတယ်။

“နှစ်ဘက်စလုံးဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပူးတွဲစိုးရိမ်ရတဲ့ကိစ္စရပ်တွေအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ် ဆွေးနွေးကြဖို့ရှိပြီး တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားမှာ ဖြစ်တယ်။” လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင် (Wang Wenbin) က နေ့စဉ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်ဟာ ရုရှား-ယူကရိန်းစစ်မှာ ကြားနေကာ တဘက်ဖက်မှာကို စစ်လက်နက် ထောက်ပံ့တာတွေ မလုပ်ဘူးလို့ တရားဝင် ကြေညာထားပါတယ်။ တဘက်မှာလည်း အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားကို စစ်ဖြစ်စေဖို့ စတင် ရန်စခဲ့တာလို့ တရုတ်ကစွပ်စွဲထားသလို ရုရှားနဲ့ ခိုင်မာတဲ့ စီးပွားရေး၊ သံတမန်ရေးနဲ့ ကုန်သွယ်မှု ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားပါတယ်။

တရုတ် ကာကွယ်ရေးဝန်ကြီးလီဟာ ရုရှားရဲ့ မဟာမိတ်လည်းဖြစ်၊ ယူကရိန်းကို ကျူးကျော်ရာမှာ နယ်မြေတချို့ကို အသုံးပြုခဲ့တဲ့ ရုရှားရဲ့ အိမ်နီးချင်း ဘဲလားရုစ်ကိုလည်း သွားရောက်မှာဖြစ်ပြီး အဲဒီမှာ စစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်သလို စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကိုလည်း သွားရောက်ကြည့်ရှုဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG