သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ စစ်ရေးပူးပေါင်းမှုတိုးမြှင့်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးကြေညာ


ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu (ဝဲ) နဲ၌ တရုတ် ကာကွယ်ရေးဝန်ကြီး  ဗိုလ်ချုပ် Li Shangfu တို့ မော်စကိုမြို့အခမ်းအနားတခု အတူတက်ရောက်စဉ် (ဧပြီ ၁၈၊ ၂၀၂၃) 
ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu (ဝဲ) နဲ၌ တရုတ် ကာကွယ်ရေးဝန်ကြီး  ဗိုလ်ချုပ် Li Shangfu တို့ မော်စကိုမြို့အခမ်းအနားတခု အတူတက်ရောက်စဉ် (ဧပြီ ၁၈၊ ၂၀၂၃) 

ဧပြီ ၁၈၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ရုရှားနဲ့စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေ နောက်ထပ်အဆင့်တရပ် တိုးမြှင့်ဆောင်ရွက်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ယူကရိန်းစစ်ကာလ ရုရှား-တရုတ် ဆက်ဆံရေး ပိုပြီး နီးကပ်လာချိန်မှာပဲ အခုလို ကြေညာချက်ထွက်လာတာပါ။

ရုရှားကိုရောက်နေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Li Shangfu ဟာ တနင်္ဂနွေနေ့တုန်းက ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံပြီးတဲ့နောက် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ အင်္ဂါနေ့က ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံအကြီးအကဲနှစ်ဦးရရှိခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့အနေနဲ့ တရုတ်-ရုရှားစစ်တပ်တွေဟာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ စစ်ဘက်နည်းပညာပိုင်း ဆက်ဆံမှုတွေနဲ့ လက်နက်ကုန်သွယ်မှုတွေ ပိုပြီး တိုးလုပ်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Li က အင်္ဂါနေ့က ပြောခဲ့ပါတယ်။ နောက်ထပ် အဆင့်တရပ်ကို အသေအချာ တိုးမြှင့်ဆောင်ရွက်မယ်လို့ သူက ပြောပါတယ်။

တရုတ်သမ္မတ Xi Jinping ရုရှားသွားရောက်ပြီးတဲ့နောက် အခု တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ သုံးရက်ကြာ ရုရှားခရီးစဉ်ဟာ တရုတ်အနေနဲ့ ရုရှားပိုပြီး ထိစပ်ဆက်ဆံမှုတွေ တိုးလုပ်မယ်ဆိုတာ ဖော်ပြနေပါတယ်။ အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ နိုင်ငံတကာဩဇာသက်ရောက်မှု မှေးမှိန်စေမယ့် ကမ္ဘာ့အခင်းအကျင်းတခုဖန်တီးဖို့ ရုရှားနဲ့တရုတ်တို့က ပိုပြီး နီးနီးကပ်ကပ်ရှိလာကြတာပါ။ ယူကရိန်းကို ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ တရုတ်က ဝေဖန်ပြောဆိုတာမရှိသလို အမေရိကန်နဲ့ နေတိုးဟာ ရုရှားကိုရန်စနေတယ်လို့ တရုတ်က အပြစ်တင်ထားပါတယ်။

တရုတ်သမ္မတရဲ့ ရုရှားခရီးစဉ်ဟာလည်း ရုရှားသမ္မတပူတင်ကို နိုင်ငံအရေးအရ ထောက်ခံမှုပြရာရောက်သလို ယူကရိန်းစစ်ကြောင့် ရုရှားကို အထီးကျန်ဖြစ်အောင်လုပ်နေတဲ့ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှု မထိရောက်ဘူးဆိုတာကိုလည်း ပြဖို့ ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။

ယူကရိန်းစစ်ကြောင့် အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုခံနေရတဲ့ရုရှားအနေနဲ့ တရုတ်အပေါ်မျာ ပိုပြီးတော့လည်း အမှီအခိုကြီးလာပါတယ်။ အနောက်နိုင်ငံအများစုက ရုရှားရေနံနဲ့သဘာဝဓါတ်ငွေ့တင်ပို့မှုတွေ တားမြစ်ကန့်သတ်လာချိန်မျာ ရုရှားဟာ တရုတ်ကိုပိုပြီး ရေနံနဲ့အခြားကုန်စည်တင်ပို့မှုတွေ တိုးလုပ်လာတာကြောင့် တရုတ်-ရုရှား အပြန်အလှန်ကုန်သွယ်ရေး ၃၀ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG