သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရင့် တရုတ်သတင်းထောက် သူလျှိုမှုနဲ့ စွဲချက်တင်ခံရ


ဟားဗတ်တက္ကသိုလ်မှာ ပညာရှင်အဖြစ်လည်း လေ့လာရေးလုပ်ဖူးတဲ့ တရုတ် ကွမ်မင်းနေ့စဉ်သတင်းစာရဲ့ ဒု-အယ်ဒီတာချုပ် ဒေါင်ယု (Dong Yuyu)  
ဟားဗတ်တက္ကသိုလ်မှာ ပညာရှင်အဖြစ်လည်း လေ့လာရေးလုပ်ဖူးတဲ့ တရုတ် ကွမ်မင်းနေ့စဉ်သတင်းစာရဲ့ ဒု-အယ်ဒီတာချုပ် ဒေါင်ယု (Dong Yuyu)  

တရုတ်အာဏာရ ကွန်မြူနစ်ပါတီနဲ့ဆက်စပ်တဲ့သတင်းစာတိုက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်တရုတ်သတင်းထောက်တဦးကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးပြီး သူလျှိုမှုနဲ့စွဲချက်တင်ထားခံရကြောင်း မိသားစုဝင်တွေက တနင်္လာနေ့က ပြောလိုက်ပါတယ်။

ဟားဗတ်တက္ကသိုလ်မှာ ပညာရှင်အဖြစ်လည်း လေ့လာရေးလုပ်ဖူးတဲ့ တရုတ် ကွမ်မင်းနေ့စဉ်သတင်းစာရဲ့ ဒု-အယ်ဒီတာချုပ် ဒေါင်ယု (Dong Yuyu) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဘေဂျင်းမြို့တော်ကဟိုတယ်တခုမှာ ဂျပန်သံတမန်တဦးနဲ့ တွေ့ဆုံနေ့လယ်စာစားနေတုန်း အဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။

အဲ့တုန်းက ဂျပန်သံတမန်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့လို့ ဖမ်းဆီးပြီး နာရီအတန်ကြာမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ဒေါင်ယုကတော့ ဆက်လက် အဖမ်းခံခဲ့ရတာပါ။

သူဟာ သတင်းစာဆရာတဦးအနေနဲ့ ကမ္ဘာ့အခြေအနေ ခေတ်ရေစီးကြောင်းတွေနဲ့ မျက်ခြေမပြတ်ဖို့ နိုင်ငံခြားသတင်းထောက်တွေ၊ သံတမန်တွေနဲ့ ပုံမှန်တွေ့ဆုံလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရုတ်အာဏာပိုင်တွေက ဒီလို နိုင်ငံခြားသံတမန်တွေနဲ့ အဆက်အသွယ်လုပ်တာကို သူလျှိုလုပ်တယ်ဆိုပြီး သက်သေတွေတင်ခဲ့တယ်လို့ မိသားစုရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကွန်မြူနစ်ပါတီဝင်မဟုတ်တဲ့ ဒေါင်ယုဟာ ကွမ်မင်းနေ့စဉ်သတင်းစာမှာ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ထင်ရှားပြီး လွတ်လပ်တဲ့တရားစီရင်ရေးစနစ်ကို လိုလားတဲ့ဆောင်းပါးတွေ ရေးသားခဲ့တယ်လို့ဆိုပါတယ်။

ဒေါင်ယုရဲ့အရေးအသားတွေကို အရင်ကတည်းက တရုတ်အာဏာပိုင်တွေက ပြဿနာအဖြစ် ရှုမြင်ခဲ့တယ်လို့ မိသားစုကပြောပါတယ်။ သူ့ရဲ့ဆောင်းပါးတချို့က "ဆိုရှယ်လစ်ဆန့်ကျင်ရေး" ဖြစ်နေတယ်ဆိုပြီး ၂၀၁၇ တုန်းက ကွန်မြူနစ် ပါတီအာဏာပိုင်တွေက စုံစမ်းစစ်ဆေးခဲ့ပြီး ဒေါင်ယုကို ရာထူးကဖြုတ်ချမယ် လို့ခြိမ်းခြောက်ခဲ့ကြောင်း မိသားစုက ပြောပါတယ်။

ဒေါင်ယုကို တရားရုံးတင်စစ်ဆေးမယ်လို့ အာဏာပိုင်တွေဘက်က သူ့ရဲ့ မိသားစုကို အရင်လက အကြောင်းကြားခဲ့ပေမယ့် ရက်အတိအကျကို မသိရသေးဘူးဆိုပါတယ်။ တရုတ်နိုင်ငံမှာ သူလျှိုမှုက ထောင်ဒဏ် ၁၀ နှစ်နဲ့အထက် ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

အင်္ဂါနေ့က တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) ရဲ့ ပြောဆိုချက်မှာတော့ ဒေါင်ယုရဲ့အမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သူမသိကြောင်း ပြောထားပါတယ်။ နိုင်ငံခြားရေးဌာနကို ဒီအမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ဆက်သွယ်ထားပေမယ့် တစုံတရာ ပြန်လည်တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

ဒေါင်ယုဟာ ၂၀၀၆-၂၀၀၇ ခုနှစ်တုန်းက ဟားဗတ်တက္ကသိုလ်မှာ Nieman Fellowship ချီးမြှင့်ခံရပြီး ၂၀၁၀ မှာ ဂျပန်နိုင်ငံ Keio တက္ကသိုလ်မှာလည်း ဧည့် ပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သလို ၂၀၁၄ ခုနှစ်တုန်းကလည်း ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG