သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေးဟောင်းပုဂံ UNESCO စာရင်းဝင်မှု သီတဂူဆရာတော် မိန့်ကြားချက် ဝေဖန်မှုတွေ ထွက်ပေါ်


သီတဂူဆရာတော် (ဓါတ်ပုံ - Facebook-Sitagu/Thegon Sayadaw)
သီတဂူဆရာတော် (ဓါတ်ပုံ - Facebook-Sitagu/Thegon Sayadaw)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကုလသမဂ္ဂလက်အောက်ခံ UNESCO အဖွဲ့ကြီးက ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းအသိအမှတ်ပြုလိုက်တဲ့ကိစ္စကို သီတဂူဆရာတော် အရှင်ဉာဏိဿရ ရဲ့ မကြာသေးခင် ရက်ပိုင်းက တုံ့ပြန်ဟောပြောချက်တွေမှာ အချက်အလက်တွေ လွဲမှားနေတဲ့အတွက် ဝေဖန် ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်ခဲ့ပါတယ်။

ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုတာကို လက်မခံတဲ့အကြောင်း သီတဂူဆရာတော်က ဇူလိုင်လ ၂၇ ရက်နေ့က ပြင်ဦးလွင်က တရားဟောပွဲမှာ မိန့်ကြားခဲ့ရာမှာ ဘယ်လို အချက်အလက်တွေ လွဲမှားနေသလဲဆိုတဲ့ တုန့်ပြန်ချက်တွေကို အင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ဖြစ်တဲ့ UNESCO ကနေ ဇူလိုင်လ က ပုဂံရှေးဟောင်းနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းကြေညာခဲ့တာကို မြန်မာပြည်သူအများစုက ဂုဏ်ယူနေချိန်မှာ သီတဂူဆရာတော်က သူ့အနေနဲ့ ဒီလို ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်လိုက်တာကို လက်မခံကြောင်း ဇူလိုင်လ ၂၇ ရက်နေ့၊ ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျောင်းတိုက် တရားပွဲမှာ မိန့်ကြားခဲ့တာပါ။

ဒီလို လက်မခံရတဲ့ အကြောင်းရင်းထဲမှာ UNESCO ကို OIC ( Organisation of Islamic Cooperation) အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က အဓိက ထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ကိုးကားပြောဆိုရာမှာ အမေရိကန်ပြည်ထောင်စုက ၁၉၈၄ခုနှစ်ကတည်းက UNESCO အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်ခဲ့တာကြောင့် ရန်ပုံငွေအများအပြားလိုအပ်နေရာမှာ OIC ကထောက်ပံ့ခဲ့ပြီး UNESCO ဌာနချုပ်ရုံးကိုလည်း အီရန်နိုင်ငံနားက အဇာဘိုင်ဂျန်နိုင်ငံကို ပြောင်းရွှေ့ခဲ့တယ်လို့ မိန့်ကြားခဲ့ပါတယ်။

“ဒါဖြင့် အမေရိကန်နိုင်ငံက ရန်ပုံငွေမထည့်ရင် ခန်းခြောက်သလောက်ဖြစ်သွားတယ်။ အဲဒီတော့ ဘယ်က ဝိုင်းထည့်သလဲဆိုတော့ ရှင်းနေတယ်… လေ့လာတဲ့ လူတိုင်းသိတယ်။ OIC က အများကြီးထည့်တယ်။ Organization of Islamic Countries အဲဒီကနေ အများကြီးထည့်တယ်။ အာရပ်လောကကြီးက အများကြီး။ ရေနံသူဌေးတွေ ဝိုင်းထည့်တာပေါ့။ မွတ်ဆလင်တွေကြီးပဲ။ အဲဒါကြောင့် အဲဒီအသင်းရဲ့ ဌာနက ဘယ်ရောက်သွားသလဲဆိုတော့ အဇာဘိုင်ဂျန်ကို ရောက်သွားတယ်။ United Nations နယူးရောက်မဟုတ်တော့ဘူး။ အဇာဘိုင်ဂျန်ကို ရောက်သွားတယ်။”

UNESCO ရုံးဌာနချုပ်ရုံး ဟာ သီတဂူဆရာတော် ပြောသလို အဇာဘိုင်ဂျန်ကို ရွှေ့ပြောင်းခြင်းမရှိပဲ ၁၉၄၅ခုနှစ်ကတည်းကနေ အခုချိန်ထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာပဲ ရှိနေတာပါ။ ဒါအပြင် တကယ်တမ်း အမေရိကန်ပြည်ထောင်စုအနေနဲ့ UNESCO ကနေ ၁၉၈၄ ခုနှစ် သမ္မတ ရောနယ်လ်ရေဂင်လက်ထက်မှာ နုတ်ထွက်ခဲ့တယ်ဆိုပေမဲ့ ၂၀၀၂ ခုနှစ် သမ္မတ George W. Bush လက်ထက်မှာ အဖွဲ့ဝင်နိုင်ငံပြန်ပြီးဖြစ်လာခဲ့ပြီးနောက် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ သမ္မတ Donald Trump အစိုးရကနေ UNESCO ရဲ့ ဆုံးဖြတ်ချက်တချို့ကို လက်မခံနိုင်တဲ့အတွက် အစ္စရေးနိုင်ငံနဲ့ အတူ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင် အဲဒီလို နုတ်ထွက်ချိန်မှာ အမေရိကန်အနေနဲ့ UNESCO ကိုပေးရမယ့် ရံပုံငွေ အကြွေးဟာ ဒေါ်လာ သန်း ၅၀၀ ကျော် ရှိနေတာပါ။ UNESCO က တရားဝင်ထုတ်ပြန်ထားတဲ့ အဖွဲ့အတွက် ရန်ပုံငွေထည့်ဝင်တဲ့ နိုင်ငံတွေစာရင်းမှာ OIC ကို ဖေါ်ပြထားတာ မတွေ့ရပဲ ထိပ်ဆုံးနိုင်ငံတွေအဖြစ် ဂျာမနီ၊ ဂျပန်၊ ပြင်သစ်၊ ဗြိတိန်၊ ဘရာဇီး၊ တရုတ်၊ အီတလီ၊ ကနေဒါ၊ ရုရှား စတာတွေပဲ ထည့်သွင်းထားပါတယ်။

အခုလို သီတဂူဆရာတော် မိန့်ကြားချက်တွေထဲ အချက်အလက်တွေ လွဲမှားနေတဲ့အပေါ် ကနေဒါ အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များ အဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ကောဝိဒ ရဲ့တုံ့ပြန်မိန့်ကြားချက်ကတော့-

“အမေရိကန်နဲ့ အစ္စရေးက UNESCO က ထွက်သွားတယ်ဆိုတာ သူတို့အကြောင်းနဲ့ သူတို့ရှိပါလိမ့်မယ်။ အစ္စရေးမှာတော့ ထားပါတော့ သူကလည်း စစ်ဖြစ်နေတဲ့ နိုင်ငံ ဆိုတော့ သူတို့အကြောင်းနဲ့ သူတို့ရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် ပြောသွားတာတွေကတော့ ဘုန်းဘုန်းတို့လည်း ဒီဆရာတော်ကြီးကို ကြည်ညိုပါတယ် ဒီကိုတောင် လာသွားသေးတာပဲ။ ဒါပေမယ့်လည်း အဇာဘိုင်ဂျန် မှာလုပ်လို့ မွတ်ဆလင်ဖြစ်သွားမယ် ၊ မွတ်ဆလင်က ထောက်ပံ့တယ်ဆိုတာက မဟုတ်ပါဘူး။ အဇာဘိုင်ဂျန် က သူ့အလှည့်ကျလို့ လုပ်တာပါ။ လာမယ့်နှစ်တွေဆိုရင်လည်း သူ့အလှည့်ကြမယ့်နိုင်ငံ တရုတ်နိုင်ငံထင်တယ် အဲလို လုပ်ကြမှာပါ။ အဲဒီတော့ ဘာမှ မဆိုင်ပါဘူး။ အဲဒါတွေကတော့ ဘုန်းဘုန်းတို့အနေနဲ့ကတော့ အဲဒီပြောသွားတဲ့ အချက်အလက်တွေကတော့ ဆရာတော်ကြီး ဘာဖြစ်လို့ ပြောသွားတာလည်း မသိဘူးလို့ ။ ပညာရှိ သတိဖြစ်ခဲ ဖြစ်သွားသလားမသိဘူး အဲလိုပဲ သုံးသပ်မိပါတယ်။”

လူအများကိုးကွယ်ဆည်းကပ်ကိုးကွယ်မှုကို ခံရတဲ့ သံဃာတော်တပါးအနေနဲ့ ကမ္ဘာ့ရေးရာ၊ နိုင်ငံရေးရာ ကိစ္စတွေမှာ အချက်အလက်တွေ လွဲမှားပြောဆိုတာဟာ အတော်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဗြိတိန် အခြေစိုက် မြန်မာ့သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က သုံးသပ်ပါတယ်။

“မြန်မာပြည်မှာ ကုလသမဂ္ဂက ကူထားတာတွေက အများကြီးရှိတာကြီး UNESCO ပုဂံတင်မကဘူး။ ကျန်တဲ့ UNICEF ၊ WHO အများကြီးရှိတယ် လုပ်တာက မရေမတွက်နိုင်တာ။ ဒါလေးတခုတည်းကို ကြည့်ပြီးတော့ ကုလသမဂ္ဂက အဖွဲ့အစည်းကို ရှုံ့ချတယ်ဆိုရင် အင်မတန်သေးသိမ်တဲ့ ကိစ္စပဲ။ နောက်တခုက မြန်မာပြည်မှာ ဘုန်းကြီးတွေက နေရာတကာမှာ ပါနေတယ်။ ကုလသမဂ္ဂ အကြောင်းလည်း ပါမယ် အကုန်ပါမယ်ဆိုတော့ မြန်မာပြည်ရဲ့ ပြဿနာက ဘုန်းကြီးကို ပြန်ပြောခွင့်မရှိဘူး။ အနောက်နိုင်ငံမှာ ဘုန်းကြီးက ဒီလိုပြောတယ်ဆိုရင် သတင်းစာတွေမှာ ဝိုင်းပြီးတော့ ပြောမယ် မဟုတ်ရင် မဟုတ်သလို။ မြန်မာပြည်မှာက အဲလို ဘုန်းကြီး မဟုတ်တာပြောတယ်ဆိုတာကို ပြန်ပြောမယ့် လူတွေရှိဖို့ လိုတယ် အဲဒါမဟုတ်ပဲနဲ့ ဘုန်းကြီးပြောသမျှ တဖက်သက်ကြီးပဲ ခံနေလို့ရှိရင်တော့ အမြင်မှန်တော့ရမှာမဟုတ်ဘူး။”

UNESCO လိုအဖွဲ့ကြီးရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပုဂံကို ထည့်သွင်းဖေါ်ပြထား တဲ့အတွက် အကျိုးရလာဒ်တွေရှိနေတဲ့ အကြောင်းကို အရှင်ကောဝိဒက အခုလို မိန့်ကြားပါတယ်။

“UNESCO အသိအမှတ်ပြုခံရဖို့ ကြိုးစားနေတာ တော်တော်ကြာပြီလေ။ အရင်ကလည်း ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကလည်း တခါကြိုးစားခဲ့ဖူးတယ်။ နောက် သူတို့ မကြေနပ်တာနဲ့ အသိအမှတ်ပြုမခံခဲ့ရဘူး။ အခုတခါ ပြန်ကြိုးစားတော့ ရလာတယ်။ ရလာတော့ ဘုန်းဘုန်းတို့ အကုန်လုံးရော ဝမ်းသာနေကြတယ်။ ဒီလို ကမ္ဘာ့ Heritage အသိအမှတ်ပြုခံရတယ်ဆိုရင် အဲဒီအဖွဲ့အစည်းကြီးရဲ့ ကူညီထောက်ပံမှုကိုခံရမယ်လေ။”

မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေထဲ UNESCO က ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့တဲ့အထဲမှာ ပုဂံရှေးဟောင်းနယ်မြေအပြင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ကျော်က ပေါ်ပေါက်ခဲ့တဲ့ ရှေးဟောင်းပျုမြို့သုံး မြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် မြို့ကြီးတွေအဖြစ် ၂၀၁၄ခုနှစ်က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပခဲ့တဲ့ UNESCO ရဲ့ (၃၈)ကြိမ်မြောက် ညီလာခံအတွင်း ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG