သုံးရလွယ်ကူစေသည့် Link များ

ကန်စာသင်ကျောင်းများလုံခြုံရေး မြန်မာနွယ်မိသားစုတွေရဲ့စိုးရိမ်မှု


တက္ကဆက်ပြည်နယ် Uvalde မြို့ မူလတန်းကျောင်းမှာ ဆယ်ကျော်သက်အရွယ် သေနတ်သမားတဦးရဲ့ လက်ချက်နဲ့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ဖြစ်ရပ်ဟာ သေနတ်ကို အလွယ်တကူ ဝယ်ယူခွင့်ရတဲ့ ဥပဒေကြောင့်ဖြစ်တယ်လို့ မြန်မာနွယ်ဖွား မူလတန်းကျောင်းဆရာမတဦးနဲ့ မိခင်တဦးက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က တင်ပြမှာပါ။

ကန်စာသင်ကျောင်းများလုံခြုံရေး မြန်မာနွယ်မိသားစုတွေရဲ့စိုးရိမ်မှု

တက္ကဆက်ပြည်နယ် Uvalde မြို့ မူလတန်းကျောင်းမှာ ဆယ်ကျော်သက်အရွယ် သေနတ်သမားတဦးရဲ့ လက်ချက်နဲ့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ဖြစ်ရပ်ဟာ သေနတ်ကို အလွယ်တကူ ဝယ်ယူခွင့်ရတဲ့ ဥပဒေကြောင့်ဖြစ်တယ်လို့ မြန်မာနွယ်ဖွား မူလတန်းကျောင်းဆရာမတဦးနဲ့ မိခင်တဦးက ဗွီအိုအေကိုပြောပါတယ်။
ဒီကြေကွယ်ဖွယ်ရာဖြစ်ရပ်မျိုးနောက်ထပ်မကြုံရအောင် အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေးဥပဒေ ပြင်ဆင်ပြဌာန်းနိုင်ရေး ကိုယ်တိုင်ပါဝင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သူတို့က ဆိုပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံဆက်လက်တင်ပြမှာပါ။
===================

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် Uvalde မြို့မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က ဆယ်ကျော်သက်အရွယ် သေနတ်သမားတဦးရဲ့ လက်ချက်ကြောင့် Robb မူလတန်းကျောင်းက ကျောင်းသူကျောင်းသား ၁၉ ဦးနဲ့ ဆရာမ နှစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် တုန်လှုပ်ကြေကွဲ မိသလို မိမိကလေးအတွက်လည်း အလွန်စိုးရိမ်မိကြောင်း တက္ကဆက်ပြည်နယ် Dallas မြို့မှာနေထိုင်တဲ့ ကချင်တိုင်းရင်းသူ Seng Raw Tsumhpawng ကဗွီအိုအေကိုပြောပါတယ်။

အခုလို တက္ကဆက်ပြည်နယ်က မူလတန်းကျောင်းကို သေနတ်သမားဝင်ရောက်ပစ်ခတ်တဲ့ နောက်ဆက်တွဲ အခြားပြည်နယ်တွေမှာရော ဘယ်လို ရိုက်ခတ်မှုတွေရှိနေသလဲ။ နယူးရောက်မြို့ Queen အရပ်က မူလတန်းကျောင်းဆရာမလည်းဖြစ် ကလေးမိခင်လည်း ဖြစ်တဲ့ မြန်မာနွယ်ဖွား ဒေါ်အိသဉ္ဇာကျော် က ပြောပါတယ်။

အသံ

Uvalde မြို့ မူလတန်းကျောင်း ပစ်ခတ်မှုမှာ သေနတ်သမားဟာ ကျောင်းအဆောက်အအုံထဲကို လွယ်လွယ်ကူကူနဲ့ ဝင်ခွင့်ရခဲ့တဲ့အတွက် တက္ကဆက်ပြည်နယ်က မူလတန်း ကျောင်းတွေရဲ့လုံခြုံရေးကို မိဘတွေဘက်က အထူးပဲ စိုးရိမ်နေကြတယ်လို့လည်း Seng Raw ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခံရတဲ့ မူလတန်း၊ အထက်တန်းကျောင်းစုစုပေါင်း ၂၇ ကျောင်းလောက်ရှိကြောင်း ဒေါ်အိသဉ္မာကျော်က ဆိုပါတယ်။ ပြည်နယ်တွေအလိုက် ကျောင်းလုံခြုံရေးပေါ်လစီကွာခြားချက်တွေရှိနေပေမယ့် အထူးသဖြင့် မူလတန်းကျောင်းတွေကို သေနတ်သမားတွေက အဓိကပစ်မှတ်ထားခဲ့တဲ့ အကြောင်းအရင်းကို သူက အခုလို ပြောပါတယ်။

ဒါအပြင် ကျောင်းတွေကိုဝင်ပြီး သေနတ်နဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်တဲ့အကြောင်းအရင်းကို အဓိကရှာဖွေရာမှာ သေနတ်ကိုင်ဆောင်မှုဥပဒေအားနည်းချက်တွေကြောင့်ဖြစ်သလို၊ ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်မလဲဆိုတဲ့နည်းလမ်းတွေကို ရှာဖွေနေကြောင်း ဒေါ်အိသဉ္မာကျော်က ပြောပါတယ်။

တက္ကဆက်ပြည်နယ်မှာ အသက် ၁၈ နှစ်ပြည့်တာနဲ့ လူကို သေစေနိုင်တဲ့ သေနတ်ဝယ်ယူခွင့်ရှိနေတဲ့ပြဌာန်းချက်ဟာ အလွန်အန္တရာယ်ကြီးတဲ့အတွက် မိခင်တဦးအနေနဲ့ သေနတ်ကိုင်ဆိုင်ခွင့် ထိန်းချုပ်ဖို့အရေး လှုပ်ရှားသွားမယ့်အကြောင်းSeng Raw ကပြောပါတယ်။

Uvalde မြို့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Robb မူလတန်းကျောင်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတကောတာ် Jill Biden တို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွားရောက်ခဲ့သလို ကျန်ရစ်သူမိဘဆွေမျိုးတွေကိုလည်း တွေ့ဆုံအားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ အင်္ဂါနေ့ကတော့ သေဆုံးခဲ့သူတွေထဲ ၁၀ နှစ်အရွယ် မူလတန်းကျောင်းသူနှစ်ဦးရဲ့ ဈာပနကို ပထမဆုံး ပြုလုပ်ခဲ့ပြီး နောက်ထပ် ဈာပန အခမ်းအနားတွေကို ဇွန်လ လယ်အထိကျင်းပသွားမှာဖြစ်ပါတယ်။ သမ္မတဘိုင်ဒန်ကိုယ်တိုင်လည်း လက်နက်ကိုင်ဆောင်မှု ဥပဒေပြုပြင်ရေး တွန်းအားပေးသွားမယ်အ့ကြောင်း ကတိပြုထားပါတယ်။

XS
SM
MD
LG