သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကိစ္စ စိုးရိမ်မလွန်ဖို့ ASEAN ကို တရုတ် ပြောကြား


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်မှုတွေကြောင့် ခရီးသွားလာမှုတွေကို တားမြစ်တာ အပါအဝင် ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နိုင်ငံတွေ အနေနဲ့ ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးပြီး၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ တရုတ်ထိပ်တန်းသံတမန်က တိုက်တွန်းလိုက်ပါတယ်။

ဗိုင်းရပ်စ် အန္တရာယ်အတွက် လိုအပ်တာထက် အစိုးရိမ် မလွန်ကဲကြဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက လာအိုနိုင်ငံမှာ ကျင်းပတဲ့ Asean နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ Reuters နဲ့ AP သတင်းဆောင်းပါးတွေကို အခြေခံပြီး ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကို စိုးရိမ်မှုကြောင့် တရုတ်နိုင်ငံနဲ့ ခရီးသွားလာမှုတွေကို တားမြစ်တာတွေ၊ လေယာဉ်ခရီးစဉ်တွေ ဖျက်ရတာတွေလို ကန့်သတ်ချက်တွေ ရှိနေချိန်မှာပဲ Asean အသင်းဝင်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရဖို့ တရုတ်နိုင်ငံက ကြိုးပမ်းနေတာပါ။ အစည်းအဝေး ကျင်းပတဲ့ ကြာသပတေးနေ့မှာပဲ ကူးစက်ခံရသူ ၃၅ ယောက်ထက်မနည်း ရှိနေတဲ့ ထိုင်းနိုင်ငံက မလိုအပ်ဘဲ တရုတ်နိုင်ငံကို ခရီးမသွားကြဖို့နဲ့ ရောက်နေသူတွေကိုလည်း ပြန်လာကြဖို့ တိုက်တွန်းထားပြီး၊ တရုတ်နိုင်ငံသွားမယ့် လေယာဉ်ခရီးစဉ်တွေကို ထပ်မံကန့်သတ်မယ့် သဘောထားမျိုးလည်း ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံတော် ကောင်စီဝင်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ Wang Yi ကတော့ အစိုးရိမ်လွန်ကဲတာဟာ ဗိုင်းရပ်စ်အန္တရာယ်ထက် ပိုကြောက်စရာ ကောင်းတဲ့အကြောင်း လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့တော်က တရုတ်နဲ့ Asean နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာ သတိပေးခဲ့တာပါ။

“အကြောက်တရားက ဗိုင်းရပ်စ်ပိုးထက် ပိုကြောက်စရာကောင်းသလို၊ ယုံကြည်ကိုးစားမှုက ရွှေထက်တန်ဘိုးရှိပါတယ်။ ရောဂါကူးစက်မှုက တရုတ်နိုင်ငံ စီးပွားရေးကို ထိခိုက်ကောင်း ထိခိုက်နိုင်ပေမဲ့ အကန့်အသတ်နဲ့ ယာယီလောက်သာ ဖြစ်မှာပါ။ ရောဂါကူးစက်မှုကြောင့် တရုတ်နိုင်ငံနဲ့ အာဆီယံ နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာလည်း ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့လည်း ထိခိုက်မှုတွေကို ကျော်လွှားနိုင်မှာ ဖြစ်သလို၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာလည်း အရှိန်အဟုန်တွေ အားကောင်းနေသလို ခံနိုင်ရည်လည်း အားကောင်းပါတယ်။ ဒီအတွက်လည်း ရေရှည်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာတော့ ထိခိုက်မှာမဟုတ်ပါဘူး။”

ကြာသပတေးနေ့အထိ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ Asean ၁၀ နိုင်ငံထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ စင်္ကာပူနိုင်ငံမှာ ၈၄ ယောက်၊ ထိုင်းနိုင်ငံမှာ ၃၅ ယောက်၊ မလေးရှားမှာ ၂၂ ယောက်၊ ဗီယက်နမ်မှာ ၁၆ ယောက်၊ ဖိလစ်ပိုင်မှာ ၃ ယောက်၊ ကမ္ဘောဒီးယားမှာ ၁ ယောက် ရှိပါတယ်။ မြန်မာ၊ လာအို၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေကတော့ ကူးစက်သူမရှိသေးကြောင်း ပြောဆိုထားကြတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈၀ ကျော်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကူးစက်မှု အများဆုံးကြုံနေရတဲ့ စင်္ကာပူနိုင်ငံက တရုတ်ခရီးသွားတွေကို တားမြစ်ထားတဲ့အတွက် လျှော့ပေါ့ပေးဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။ ဗိုင်းရပ်စ်အန္တရာယ်နဲ့ ကြုံနေရပေမဲ့ စီးပွားရေးအတွက် အခွင့်အလမ်းကောင်းတွေ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

“ရောဂါကူးစက်မှုကြောင့် ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံရပေမဲ့ စီးပွားရေးနဲ့ လုပ်ငန်းအသစ်တွေကိုလည်း ဆောင်ကျဉ်းလာပါတယ်။ ဒီနှစ်ဟာဆိုရင် Asean နဲ့ တရုတ်နိုင်ငံကြား ဒီဂျစ်တယ် စီးပွားရေး ပူပေါင်းဆောင်ရွက်ရေးနှစ်တနှစ်လည်း ဖြစ်ပါတယ်။ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနဲ့ မိုဘိုင်းငွေပေးချေစနစ်နဲ့ ကုန်သွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းအောင် လုပ်နိုင်ပါတယ်။ အထူးသဖြင့် ထိခိုက်မှုတွေ ကြုံရတဲ့ အငယ်စားနဲ့ အလယ်အလတ် လုပ်ငန်းတွေအတွက် ဒီဂျစ်တယ်စီးပွားရေးမှာ အားသစ်လောင်း၊ အဆင့်မြှင့်ပြီး ကူညီပေးလို့လည်း ရပါတယ်။”

ဟူဘေပြည်နယ် ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အခုအခါ လူပေါင်း ၂ ထောင်ကျော် သေဆုံးပြီး သောင်းနဲ့ချီ ကူးစက်နေပေမဲ့ အများစုကတော့ တရုတ်နိုင်ငံထဲမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့တဲ့ အစည်းအဝေးပွဲအတွင်း အခုအခါ COVID-19 လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရားဝင် အမည်ပေးထားတဲ့ ရောဂါကြောင့် ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့ အပေါ်မှာ အိမ်ရှင်လာအိုနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးက ဝမ်းနည်းစကား ပြောဆိုခဲ့တာပါ။

“COVID-19 ရောဂါကြောင့် အသက်တွေ ဆုံးရှုံးကြရတဲ့အပေါ် စိတ်နှလုံးထိခိုက်မိကြောင်း တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေကို ပြောကြားလိုပါတယ်။ တရုတ်အစိုးရရဲ့ ဦးဆောင်နိုင်စွမ်းနဲ့ တရုတ်ပြည်သူတွေရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်တွေကြောင့် စိန်ခေါ်မှုတွေကို အပြည့်အဝနဲ့ ထိထိရောက်ရောက် ကျော်လွှားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။”

Asean ခေါင်းဆောင်တွေကတော့ ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အသင်းဝင်နိုင်ငံတွေ ကြားမှာသာမက တရုတ်နိုင်ငံ၊ WHO တို့ကိုပါ အသိပေးသွားတဲ့ လုပ်ငန်းတွေကို တိုးမြှင့်ဖို့ သဘောတူထားကြတာပါ။ တချိန်တည်းမှာပဲ Asean နိုင်ငံတွေကို ဝင်ရောက်ရာ လမ်းကြောင်းတွေ နယ်စပ်တွေမှာ ကျန်းမာရေးအတွက် ထိထိရောက်ရောက် စစ်ဆေးနိုင်မယ့် စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အစီအမံတွေ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတာကိုလည်း အထူးအစည်းအဝေး တက်ရောက်လာတဲ့ အသင်းဝင် နိုင်ငံတွေက အလေးထား ထောက်ပြသွားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)










XS
SM
MD
LG