သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှု မြန်မာနိုင်ငံမှာ ပြုလုပ်နိုင်တော့မည်


This photo taken on February 3, 2020 shows a doctor looking at a lung CT image while making his rounds at a ward of a quarantine zone in Wuhan, the epicentre of the new coronavirus outbreak, in China's central Hubei province. - The number of total infecti
This photo taken on February 3, 2020 shows a doctor looking at a lung CT image while making his rounds at a ward of a quarantine zone in Wuhan, the epicentre of the new coronavirus outbreak, in China's central Hubei province. - The number of total infecti

(Zawgyi / Unicode)

အမေရိကန် အကူအညီနဲ့ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှုတွေကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ မြန်မာနိုင်ငံတွင်း စတင် ဆောင်ရွက်နိုင်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပြီး သောင်းနဲ့ချီ ကူးစက်ခံနေရချိန်မှာပဲ တရုတ်ပြည်သူတွေကတော့ စိုးရိမ်စိတ်နဲ့ စားနပ်ရိက္ခာတွေ ဝယ်ယူစုဆောင်းနေကြပါတယ်။ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာလအတွင်း ကမ္ဘာ့စီးပွားရေး ပုံမှန်လည်ပတ်နေဖို့ လိုအပ်သလိုပဲ ကြိုတင်ကာကွယ်မှုကိုလည်း အပြည့်အ၀ ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါတယ်။

အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က ဓာတ်ခွဲကျွမ်းကျင် ပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံမှာ လာရောက်သင်ကြားပေးဖို့ ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှုတွေကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ မြန်မာနိုင်ငံတွင်းမှာပဲ စတင်ဆောင်ရွက်နိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက တနင်္ဂနွေနေ့ ရန်ကုန်မှာလုပ်တဲ့ အစည်းအဝေးတွင်းမှာ ပြောဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနဲ့ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးက အခုလို ပြောဆိုသွားတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ

လောလောဆယ်မှာတော့ မြန်မာနိုင်ငံတွင်းက ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာတွေကို ဗိုင်းရပ်စ် ရှိ မရှိ စမ်းသပ်ဖို့ ပြည်ပဓာတ်ခွဲခန်းတွေကို ပို့ဆောင် စစ်ဆေးနေရတာ ဖြစ်ပါတယ်။ မနေ့ တနင်္ဂနွေနေ့အထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၉ ဦး၊ သံသယလူနာ ၁ ဦးရှိပြီး ဆေးရုံ တက်‌‌ရောက်ကုသနေတဲ့လူနာ ၁၀ ဦးရှိတယ်လို့လည်း ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အစည်းအဝေးတွင်းမှာ ပြောဆိုသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကြောင့် နေ့စဉ်ဆိုသလို သေဆုံးသူ ဒါဇင်နဲ့ချီ ရှိလာပြီး ကူးစက်ခံရသူတွေလည်း တိုးလာချိန်မှာပဲ တရုတ်နိုင်ငံတွင်းမှာတော့ စိုးရိမ်စိတ်နဲ့ စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းမှုတွေ ရှိနေတယ်လို့ တရုတ်အာဏာပိုင်တို့က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဈေးစီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူး Wang Bin က အခုလို ပြောပါတယ်။

“လတ်တလော အခြေအနေမှာတော့ တချို့ ပြည်နယ်တွေနဲ့ မြို့တွေမှာတော့ စိုးရိမ်လွန်ပြီး ဝယ်ယူနေကြတာမျိုး တချို့ကို တွေ့ရပါတယ်။ လက်လီ အရောင်းဈေးတွေမှာဆိုရင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဆန်၊ ပဲ၊ ဆီနဲ့ အသင့်စား ခေါက်ဆွဲတို့လို ကုန်တွေ ပြတ်လပ်နေပါတယ်။”

တရုတ်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြချိန်မှာပဲ နိုင်ငံတကာ လေကြောင်းလိုင်း တော်တော်များများကလည်း တရုတ်နဲ့ လေကြောင်းပျံသန်းမှုတွေကို ဆိုင်းငံ့ထားကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က နိုင်ငံတွေအနေနဲ့ လိုက်နာလုပ်ဆောင်ရမယ့် အချက်အလက်တွေ အကြံပြု ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံကို သွားရောက်ခဲ့သူတွေအနေနဲ့ သီတင်း ၂ ပတ်ကြာ သီးခြားထားရှိ နေထိုင်ဖို့လည်း ပါဝင်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ကြိုတင်ကာကွယ်မှုကို အပြည့်အ၀ ယူဖို့ စနေနေ့က ထပ်မံတိုက်တွန်း ပြောကြားပါတယ်။

“ကမ္ဘာ့စီးပွားရေးကို ပုံမှန်လည်ပတ်နေစေရေးနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အနှောင့်အယှက်တွေကို ရှောင်ရှားနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိုက်နာလုပ်ဆောင်ရမယ့် အချက်တွေကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ခရီးသွားလာမှုတွေနဲ့ ဆက်စပ်ပြီး သတိထားရမယ့် အချက်တွေကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ လေကြောင်းပျံသန်းမှုတွေ မလုပ်ဖို့၊ ဒါမှမဟုတ်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အလွန်အကျွံ အရေးယူ ဆောင်ရွက်တာတွေကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အားမပေးပါဘူး။ ဒီအချက်က အရေးကြီးတယ်လို့ ထင်ပါတယ်။ ခိုင်မာအားကောင်းတဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ စည်းလုံးညီညွတ်မှုကို အခြေခံရမှာပါ။ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ရှောင်ရှားဖို့လည်း အရေးကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့အားလုံးအနေနဲ့ ကြိုတင်ကာကွယ်မှု ယူထားဖို့ကလည်း အရေးကြီးပါတယ်။”

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တနင်္ဂနွေနေ့ နောက်ဆုံးရ ကိန်းဂဏန်းတွေအရ သေဆုံးသူ စုစုပေါင်း ၈၀၀ ကျော်ရှိခဲ့ပြီး တရုတ် တနိုင်ငံတည်းမှာ လူပေါင်း ၃၇,၂၀၀ ကူးစက်ခံထားရပါတယ်။ တရုတ်ပြည်ပြင်ပ နိုင်ငံနဲ့ ဒေသပေါင်း ၃၀ နီးပါးမှာတော့ ကူးစက်ခံထားရသူ ၃၅၀ ကျော်ရှိပြီး ဖိလစ်ပိုင်နဲ့ ဟောင်ကောင်တို့မှာ တဦးစီ သေဆုံးခဲ့ရပါတယ်။

------------------------------

(Unicode)










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG