သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာကွယ်ရေး တဦးချင်းစီ ပူးပေါင်းပါဝင်ဖို့ ပရဟိတ ဆရာဝန်တွေ တိုက်တွန်း


သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Fever Clinic. (ဓာတ်ပုံ - Dr Kyaw Swar Oo Facebook)
သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Fever Clinic. (ဓာတ်ပုံ - Dr Kyaw Swar Oo Facebook)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ၁၀ ရက်ကြာ အိမ်ပြင်မထွက်ရ ညွှန်ကြားချက် ထုတ်ထားတဲ့အချိန် အရေးပေါ် ဖျားနာလာရင် ဘယ်လိုလုပ်လို့ရသလဲ ဆိုတာနဲ့ပတ်သက်ပြီး COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာကျော်စွာဦးကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ တရားဝင်စာရင်း ဧပြီလ ၁၁ ရက်နေ့ ည နောက်ဆုံးထုတ်ပြန်ချက်အရ ဆိုရင်တော့ ၃၁ ယောက် ရှိသွားပါပြီ။ ခရီးသွားရာဇဝင်ရှိသူ၊ ခရီးသွားရာဇဝင်မရှိသူ၊ လူနာတွေနဲ့ ထိတွေ့ခဲ့သူ စသည်အားဖြင့် ကူးစက်နေတာမို့ ဒီ့ထက်ပိုပြီး ကူးစက်ပြန့်ပွားမှု ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ရအောင် တားဆီးရေး အိမ်ထဲမှာပဲနေကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လူထုကို ဖေ့စ်ဘုတ်ကတဆင့် မေတ္တာရပ်ခံထားပါတယ်။ ပြည်နယ် တိုင်း အသီးသီးမှာလည်း ဧပြီလ ၁၀ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ အိမ်ပြင်လုံးဝမထွက်ကြဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာပါ။

အိမ်ပြင်မထွက်ကြဖို့ ဘာကြောင့် ညွှန်ကြားချက် ထုတ်ရတယ်ဆိုတာ လူထုကို သေချာ သိနားလည်စေချင်ပါတယ်လို့ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာကျော်စွာဦးက အခုလိုပြောပါတယ်။

“ပြည်သူလူထုက ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်တာ တွေ့ရပါတယ်။ တနိုင်ငံလုံးမှာ တိုင်းနဲ့ပြည်နယ်အလိုက် ထုတ်ပြန်ထားတဲ့ မေတ္တာရပ်ခံ ညွှန်ကြားချက်တွေကို ပြည်သူလူထု အများစုက လိုက်နာကြတာ တွေ့ရပါတယ်။ ဒီလို အိမ်ထဲက အိမ်ပြင်မထွက်ဖို့ ဆိုတာကြီးကလည်း လူ့သဘာဝအရ နေသားကျဖို့ကလည်း တော်တော်နဲ့ မလွယ်တာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ ကျနော်တို့နိုင်ငံမှာ ဒီရောဂါကို စစ်ဆေးနိုင်တဲ့ ပမာဏကလည်း တဖြည်းဖြည်းနဲ့ များလာပြီ။ အဲဒီတော့ ရောဂါပိုး တွေ့ရနိုင်တဲ့ အနေအထားတွေကလည်း ပိုပြီးရှိလာနေတဲ့ အနေအထားတွေ ရှိလာတယ်။ နောက်ပြီးတော့ တချို့ကေ့စ်တွေဟာဆိုရင် ကျနော်တို့ Local Transmission လို့ခေါ်တဲ့ ပြည်တွင်းကူးစက်မှုများ ဖြစ်နေမလားဆိုတဲ့ စိုးရိမ်ချက်တွေကလည်း ရှိလာတယ်။

“ဒါကြောင့် ကျနော်တို့က သတင်းစကား ပါးချင်တာကတော့ အခုလိုပဲ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူလူထုက တတ်နိုင်သလောက် အိမ်ထဲမှာပဲ နေကြပြီးတော့ COVID-19 ကာကွယ်ရေးမှာ တဦးချင်းစီ ပူးပေါင်းကာကွယ်ကြမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ဘာပဲဖြစ်ဖြစ် အထိနာ သက်သာမယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။”

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဖျားနာလူနာဆေးကုခန်းတွင် ကုသပေးနေသည့် မြင်ကွင်း။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဖျားနာလူနာဆေးကုခန်းတွင် ကုသပေးနေသည့် မြင်ကွင်း။

အခုလို အိမ်ထဲမှာနေဖို့ နှိုးဆော်ထားတဲ့ သတ်မှတ်ကာလအတွင်း ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး နေအိမ်တွေထဲမှာနေဖို့နဲ့ အခုလို နေထိုင်နေရချိန် မိမိကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်နဲ့ ပတ်ဝန်းကျင်မှာ ဖျားနာမှု ဖြစ်ခဲ့တယ်ဆိုရင် ဆေးရုံဆေးခန်းကို အမြန်ဆုံး ဆက်သွယ်ကုသမှု ခံယူဖို့ကိုလည်း ဒေါက်တာကျော်စွာဦးက တိုက်တွန်းပါတယ်။

“အထူးသဖြင့်ပေါ့နော် မိမိကိုယ်တိုင် ဒါမှမဟုတ် မိမိ မိသားစုဝင်တွေမှာ ဖျားတယ် နာတယ်၊ အကယ်လို့ တရက်နှစ်ရက်နဲ့လည်း အဖျားက လုံးဝမကျဘူး၊ ပိုပြီးတော့ ရောဂါလက္ခဏာကလည်း ပိုပြီးတော့ ဆိုးလာတယ်၊ ဥပမာအားဖြင့် ချောင်းဆိုးမယ် အသက်ရှူကျပ်မယ် အသက်ရှူမဝသလို ဖြစ်မယ်ဆိုရင် အခုချိန်မှာ ဆေးရုံတွေ ကျန်းမာရေးဌာနတွေကတော့ COVID-19 ကာလ ဖြစ်တဲ့အတွက် COVID ကိုတော့ ပထမဦးစားပေးအနေနဲ့ သူတို့အနေနဲ့ စဉ်းစားပြီး ကုသမှုတွေ လမ်းညွှန်မှု လွှဲပြောင်းမှုတွေ လုပ်ပေးလိုက်မယ်။ အဲဒီတော့ မိဘပြည်သူတွေအနေနဲ့ မိမိရောဂါ နောက် ခရီးသွားရာဇဝင်ရှိမရှိ မိမိတို့ရဲ့ ရာဇဝင်ကို သေချာ တိတိကျကျလေး ပြောပေးဖို့တော့ လေးလေးစားစား တိုက်တွန်းလိုပါတယ်။”

ဒီလို ဖျားနာသူတွေရှိလာရင် ဆေးကုသဖို့ အခက်အခဲ ရှိလာနိုင်တဲ့အတွက် ပြည်သူတွေ အပြင်မထွက်ဖို့ ညွှန်ကြားချက်ထုတ်လိုက်တဲ့ ဧပြီလ ၁၀ ရက်နေ့ကစလို့ ရန်ကုန်မြို့က အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်း စတဲ့မြို့နယ်တချို့မှာ စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေ ဦးဆောင်ပြီး Fever Clinic ဖျားနာလူနာဆေးကုခန်း ဖွင့်လှစ်ပေးနေပါတယ်။ အထူးသဖြင့် ဖျားနာသူ ကိုယ်ပူရှိသူတွေအတွက် အထူးဆေးခန်း ဖွင့်လှစ်ကုသပေးနေပါတယ်လို့ အဲဒီဆေးခန်းတွေ ဖွင့်လှစ်နိုင်ရေး ပူးပေါင်းပါဝင် လှုပ်ရှားနေသူ ဆရာဝန်ကြီး ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

“ကျနော်တို့ ဒီဆေးခန်းတွေကို လုပ်ဖြစ်ဖို့ အဓိကရည်ရွယ်ချက်ကတော့ ဒီ ဧပြီလ ၁၀ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ ကာလအတွင်းမှာ ဆေးခန်းတွေကလည်း ပိတ်ထားတယ်။ တချို့ဆေးခန်းတွေကလည်း ကိုယ့်ဆေးခန်းကနေ ရောဂါကူးစက်တာ စိုးတာမျိုးလို အကြောင်းအမျိုးမျိုးနဲ့ ဆေးခန်းတွေ ခေတ္တပိတ်ထားကြတဲ့ အချိန်မှာ ရောဂါဖြစ်လာရင် ဆေးရုံဆေးခန်း အမြန်ဆုံးသွားနိုင်ဖို့ တချို့နေရာတွေမှာ အခက်အခဲ တော်တော်လေး ဖြစ်လာကြတယ်။

“အဲဒီအတွက် ရည်ရွယ်ပြီး ကျနော်တို့ ဖျားနာတဲ့လူနာတွေကို သီးသန့် ကုသပေးကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ မိတ်ဆွေဆရာဝန်ကြီးတွေ လူငယ်ဆရာဝန်တွေက ဦးဆောင်ပြီးတော့ တချို့မြို့နယ်တွေမှာ စလုပ်ခဲ့ပါတယ်။ ဥပမာ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်း နောက်ဆို ဗိုလ်တထောင်မှာလည်း ဖွင့်ပါမယ်။ အထူးသဖြင့် ကျနော်တို့ကတော့ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးမှာ တထောင့်တနေရာကနေ ဒီလိုကာလမျိုးမှာ ဝိုင်းဝန်းလုပ်ဆောင်ပေးတဲ့ သဘောပါပဲ။ ဒီဆေးခန်းတွေကတော့ အထူးသဖြင့် ဖျားနာနေတဲ့သူတွေကို ကုသပေးဖို့ ရည်ရွယ်ပါတယ်။”

COVID-19 ကို ဝိုင်းဝန်းပြီး တားဆီးကာကွယ် တိုက်ဖျက်ရေးအတွက် လူထုကို ပညာပေးတာ၊ အရေးပေါ် ဆေးကုသပေးတာ စတဲ့လုပ်ငန်းတွေကို ကျန်းမာရေးပညာရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်း လုပ်ဆောင်နေကြပါတယ်။ ဒီလို ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်တိုက်ဖျက်တာမှာ လူထုရဲ့ အခန်းကဏ္ဍကလည်း သိပ်အရေးကြီးတာမို့ ပူးပေါင်းပါဝင်ကြပါလို့ ကိုယ်တိုင်လုပ်ဆောင်နေသူတွေက မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)













XS
SM
MD
LG