သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် မြန်မာပြည်မှာ သောင်တင်နေသူ နိုင်ငံခြားသားတွေအရေး ဖြေရှင်းဖို့လို


ထိုင်း-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသူများအား မြဝတီမြို့တွင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးနေသည့် မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၀)
ထိုင်း-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသူများအား မြဝတီမြို့တွင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးနေသည့် မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံတွင်း ကျန်ရှိနေတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး တိကျတဲ့စနစ်တခုနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတဲ့အပြင် ရောဂါကာကွယ်မှုပိုင်းမှာ ရေရှည်ဆောင်ရွက်နိုင်မယ့် အစီအစဉ်တခုကို သေချာပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ ဘယ်လို လိုအပ်ချက်တွေ ရှိနေလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခ သတင်းပေးပို့ထားပါတယ်။

နိုင်ငံတွင်းပိတ်မိနေတဲ့ နိုင်ငံခြားသားတွေရှိနေပြီး ဒီထဲမှာ ဒီရောဂါနှုန်း မြင့်နေတဲ့ နိုင်ငံကသူတွေ ပါဝင်နေပါတယ်။ ဒီလူတွေက သူတို့နိုင်ငံမှာ ရောဂါမပြင်းထန်ချိန် ရောက်လာတာဖြစ်သလို အစိုးရရဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ဝင်ရောက်လာသူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်ကနေ ၁၄ ရက်သီးသန့် သတ်မှတ်ထားတဲ့ Facility Quarantine နေရာတွေမှာ စောင့်ကြည့်သွားဖို့ ထုတ်ပြန်ချိန်မှာလည်း သက်ရောက်မှုမရှိလို့ စောင့်ကြည့်နိုင်ခဲ့တာ မရှိပါဘူး။

ဒီ ကျန်ရှိနိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းပိုင်းဘက်က ဘာညွှန်ကြားချက်မှ ထုတ်ပြန်ပြောဆိုတာ မရှိသလို ရောဂါကာကွယ်ရေးပိုင်းနဲ့ ပတ်သက်ပြီးလည်း တိတိကျကျ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ မထုတ်ပြန်ထားသေးဘူးလို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်အသင်း နာယက ဦးသက်လွင်တိုးက ပြောပါတယ်။

ပြည်တော်မပြန်နိုင်သေးတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ စောင့်ကြည့်နေတဲ့အပိုင်းကို သက်ဆိုင်ရာ ဟိုတယ်တွေဘက်ကပဲ လုပ်နေတယ်လို့ သူကပြောပါတယ်။ တိကျတဲ့ လူဦးရေလည်း ရဖို့ခက်နေပါတယ်။

“အဓိကအဆိုးဆုံးဖြစ်နေတဲ့ စပိန်တွေလည်း ကျန်သေးတယ်ပေါ့။ သူတို့က ရာသီချိန်မှာ ၂ ပတ် ၃ ပတ်လောက် လာတာမှာ ခု ပြန်လို့လည်း မရတော့ဘူးပေါ့။ ကျနော်တို့ကတော့ စောင့်ကြည့်နေတာပေါ့။ သူတို့နဲ့လိုက်တဲ့ ဂိုက်တွေကအစ အရေးကြီးသွားပြီ။ ဟိုတယ်တွေမှာရှိတဲ့ ဝန်ထမ်းတွေက ပြည်တော်ပြန်တွေနဲ့ နိုင်ငံခြားသားတွေကို ဝန်ဆောင်မှုပေးဖို့ ကြောက်လာတယ်။ တချို့ဆို အလုပ်တွေတောင်ထွက်လာလို့ အဲတော့ ခက်လာတယ်။ သူတို့အတွက် ကျနော်တို့ ဘယ်လိုတာဝန်ယူမှာလဲ။ လစာတခုတည်း မရပြန်တော့ဘူး။ သူတို့နဲ့ သူတို့စိတ်ချရမယ့် အကာအကွယ်လေးတွေ ကျန်းမာရေးဌာနနဲ့ ညှိပြီး လုပ်ဖို့ကောင်းတာပေါ့။ သူတို့ကနေ တခြားသူ အိမ်သားတွေပါ ကူးကုန်တာမျိုး မဖြစ်အောင်တော့ သတိထားနေရတာပေါ့။ ခက်တာက ဟိုတယ်တွေမှာ ဧည့်စာရင်းတိုင်တဲ့စနစ် မရှိတော့ စစ်တမ်းကောက်ရတာ ခက်တာပေါ့။”

နိုင်ငံတွင်းဝင်ရောက်လာဖို့ကို လုံးဝပိတ်ပင်ထားတာ မရှိသေးတာမို့ နိုင်ငံအချို့ကတော့ ဝင်ရောက်လာဆဲ ရှိနေပါသေးတယ်။ အစိုးရဘက်က အခုချမှတ်ထားတဲ့ သီးသန့်စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်တွေမှာ လုပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းကလည်း မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ဒီနိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ရော လက်ရှိ ကိုဗစ်ရောဂါ ကာကွယ်ရေးပိုင်းနဲ့ ပတ်သက်လို့ရော ရေရှည်အစီအစဉ်နဲ့ ကျန်းမာရေးပိုင်းမှာလည်း တိကျတဲ့ ညွှန်ကြားချက် အစီအစဉ်တွေ သူက လိုလားနေတာပါ။

“ဒါတွေက သက်ဆိုင်ရာ တိုင်းတွေမှာ ဥပဒေအရ အာဏာပိုတည်တယ်။ ဦးဆောင်နိုင်တဲ့လူနဲ့ ဦးဆောင်မှုပဲလိုတာပေါ့။ Lockdown မဖြစ်သေးဘူး၊ ဖြစ်ရင် ဘာလုပ်မလဲဆိုတာ လုပ်ရမှာ။ သူများနိုင်ငံတွေကို ဥပမာယူရမယ်။ တခြားဌာနတွေကလည်း ညွှန်ကြားတာနဲ့ မပြီးဘဲ ပူးပေါင်းသင့်တယ်ထင်တယ်။ ခုကကျတော့ ကျန်းမာရေးဌာန တခုတည်းက လုပ်နေတော့ အဆင်မပြေဘူး။ အကုန်လုံးပေါင်းမှ အဆင်ပြေမယ်ထင်တယ်။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူလည်း ရှိလာသလို ခရီးသွားလာမှု ကန့်သတ်ချက် ဘာမှမရှိတာမို့ ကျန်းမာရေးအသိပညာ သိမှုနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေက လိုအပ်လာပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် နောင်ချိုက ဟိုတယ်လုပ်ငန်းရှင် ဦးအောင်ကျော်မိုးက အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်မှာ အေးဆေးပါပဲ။ ဟိုတယ်ကလည်း ဘာမှ ညွှန်ကြားတာတော့ မရှိဘူး။ လာလာမလာလာ စောစောလေး ဘာလုပ်ရမလဲဆိုတာ ညွှန်ကြားထားရင်တော့ ကောင်းတာပေါ့။ ခုတော့ အစ်ကိုတို့ဘာသာပဲ လုပ်တယ်။ ကျနော်တို့ လုပ်ငန်းရှင်တွေပဲ ဘာလုပ်မယ်ဆို လုပ်နေပါတယ်။ ပြည်နယ်ရော၊ ဗဟိုကရော ဘယ်လိုမှ ညွှန်ကြားထားတာ မရှိပါဘူး။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ထပ်မံတိုးလာတဲ့အတွက် အခုဆိုရင် ကူးစက်သူ စုစုပေါင်း ၁၀ ဦးနီးပါး ရှိသွားပြီဖြစ်လို့ တခြားပြည်နယ်တွေကို ကူးစက်တာမျိုး မဖြစ်အောင်နဲ့ ကြိုတင်ကာကွယ်မှုတွေကို အရေးတကြီးလုပ်ဖို့ လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)












XS
SM
MD
LG