သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆည်တည်ဆောက်ခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်-အပိုင်း(၁) မြစ်ညာဒေသ


ဇော်ဂျီမြစ်ပေါ်က မျိုးကြီးရေကာတာ
ဇော်ဂျီမြစ်ပေါ်က မျိုးကြီးရေကာတာ

{{Zawgyi/Unicode}}

မတ်လ ၁၄ ရက်မှာကျရောက်တဲ့ နိုင်ငံတကာ မြစ်ချောင်းများနေ့မှာ သီပေါမြို့နယ်ထဲက ဒေသခံတွေက ရှမ်းပြည်နယ်ထဲက မြစ်ချောင်းတွေကို လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပေးဖို့တောင်းဆိုရင်း နမ်းမမြစ်ကြောင်းမှာ ဆည်တည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ကြပါတယ်။ ကချင်ပြည်နယ်က မြစ်ဆုံဒေသမှာတော့ တရုတ်က ဆည်တွေလာပြီးတည်ဆောက် မှာကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်နေကြတာပါ။

ဆည်တည်ဆောက်မှာကို ဒေသခံတွေ ဘာကြောင့် ကန့်ကွက်ကြတာပါလဲ။ ဆည်တည်ဆောက်ရင် ကြုံလာနိုင်တာနဲ့ ရလာမယ့်အကျိုး၊ အပြစ်တွေကို ဘူမိနည်းပညာအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကို - ကိုဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ မတ်လ ၂၂ ရက်နေ့က “ကမ္ဘာ့သောက်သုံးရေနေ့” ပေါ့နော်၊ မတ်လ ၁၄ ရက်နေ့တုန်းကလည်း “နိုင်ငံတကာမြစ်ချောင်းများနေ့” ဆိုပြီးတော့ အထိမ်းအမှတ်တွေ လုပ်ကြပါတယ်။ သောက်သုံးရေဟာ အင်မတန်မှ တန်ဖိုးရှိနေတဲ့အချိန်ပေါ့နော်။ အကယ်၍ အဲဒီအချိန်မှာ မြစ်ချောင်းတွေပေါ်မှာ ဆည်တွေတည်ဆောက်တာနဲ့ပတ်သက်ပြီးတော့ - မြစ်ချောင်းဆိုတာက သောက်သုံးရေအရင်းအမြစ်တခုပေါ့နော်၊ ...ဆိုတော့ ဒီသောက်သုံးရေအရင်းအမြစ်ဖြစ်တဲ့ မြစ်ချောင်းတွေပေါ်မှာ ဆည်တည်ဆောက်တာနဲ့ပတ်သက်ပြီးတော့ အကျိုးနဲ့အပြစ်ဘယ်ဟာပိုများသလဲ၊ ဒေါက်တာချစ်ကိုကို ပြောပြပေးပါရှင့်။

ဒေါက်တာချစ်ကိုကို။ ။ မြစ်တွေချောင်းတွေပေါ်မှာ ဆည်တားလိုက်ပြီဆိုလို့ရှိရင် သဘာဝပတ်ဝန်းကျင်အပေါ်မှာ ဆည်ကြောင့်ထိခိုက်မှုရဲ့ အကျိုးဆက်တွေ၊ ခံစားရမှုတွေ ရှိပါတယ်။ နောက်... ကျနော်တို့ ဟိုး ရှေ့ရှေးတုန်းကတော့ ဘေးထွက်ဆိုးကျိုးတွေ အသိနည်းကြတာပေါ့။ အသိနည်းတဲ့အခါကျတော့ ရေအတွက်ဆိုလို့ရှိရင် ဆည်တွေတည်ဆောက်ခဲ့တာ နှစ်ထောင်နဲ့ချီရှိပါပြီ။ သောက်သုံးရေအတွက်တင်မကပါဘူး။ စိုက်ပျိုးရေးအတွက်ပါ တည်ဆောက်ပါတယ်။ အခုခေတ်မှာကျတော့ အရေးကြီးတဲ့ လျှပ်စစ်စွမ်းအင်အတွက်ပါ တခါ ပါလာတယ်။ တချို့ကျတော့လည်း industrial use ပေါ့၊ သောက်သုံးရေအတွက်တင်မကဘူး၊ ဥပမာ ဆိုကြပါစို့၊ မိုင်းတူးမယ်၊ စက်ရုံတွေတည်ဆောက်မယ်ဆိုရင် အဲဒီစက်ရုံတွေသုံးဖို့အတွက် အနီးအနားလေးကို ဆည်တွေဆောက်တယ်။ အသေးစားလေးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ အဲဒါတွေက။ ဆည်ကြီးတွေတော့ ဖြစ်မှာမဟုတ်ဘူး။ သို့သော် သောက်သုံးရေအတွက်ကတော့ ဆည်ကြီးတွေက တည်ဆောက်တုန်းပဲ။ တည်ဆောက်တဲ့အတွက်ကြောင့်မို့လို့ အကျိုးအများကြီးရတယ်လို့တော့ ပြောလို့ရတာပေါ့နော်။

အပြစ်တွေက နောက်ပိုင်းကျတော့မှ ပေါ်လာတဲ့အပြစ်တွေပေါ့။ နောက်ပိုင်းမှပေါ်လာတဲ့အပြစ်တွေကို ကျနော်တို့က ပြန်ကြည့်ရမှာကိုး။ အကျိုးအပြစ်ကိုကြည့်ပြီးတော့မှ အပြစ်များလို့ရှိရင်တော့ မဆောက်နဲ့ပေါ့။ အကျိုးများလို့ရှိရင်တော့ ဆောက်မယ်ဆိုတဲ့ နည်းဗျူဟာတခုဖြစ်လာတာပေါ့လေ။

ဒေါ်ခင်မျိုးသက်။ ။ မြစ်ချောင်းတွေပေါ်မှာ ဆည်တွေတည်ဆောက်တာရဲ့ အကျိုးပေါ့နော်၊ ဘာအကျိုးရှိလဲဆိုတာ ပြောပြပေးပါ။

ဒေါက်တာချစ်ကိုကို။ ။ နံပါတ် (၁) က သောက်သုံးရေပေါ့နော်။ ဘာပဲပြောပြော ကျနော်တို့က အခုနကပြောသလို ရေက ဘယ်လောက်အရေးကြီးသလဲပြောရင် ကျနော်တို့ မြန်မာစကားပုံက “ရေအသက်က တမနက်ပဲ။” ပထမအကျိုးကျေးဇူးက ရေရရှိရေး။ သောက်သုံးရေရရှိရေး။ ဒုတိယအကျိုးကျေးဇူးက စိုက်ပျိုးရေရရှိရေး။ နောက်ပြီး ခေတ်မီတိုးတက်လာတဲ့အချိန်မှာတော့ ကျနော်တို့က လျှပ်စစ်စွမ်းရည်အတွက် ဆည်တည်ဆောက်တာရှိမယ်။ နံပါတ် (၄) အချက်အနေနဲ့ကတော့ အပမ်းဖြေဖို့အတွက်။ နောက်တချို့ဆည်တွေကတော့ Industrial - စက်မှုလက်မှုအတွက် သုံးဖို့အတွက်ရေလိုလို့ သူ့အတွက်ဆောက်ရတာ သက်သက်ရှိတယ်။ အထူးသဖြင့် မိုင်းတွေတူးမယ်။ အထူးသဖြင့် စက်မှုလက်မှုလုပ်ငန်းတွေအတွက် အရေးပေါ်လိုတဲ့ရေ။ သန့်စရာလည်းမလိုတဲ့အတွက် အဲဒီအတွက် သပ်သပ်ဆည်တည်ဆောက်တာရှိတယ်။ ...ဆိုတော့ အကျိုးလေးမျိုးအတွက် ဆည်တွေကိုတည်ဆောက်တယ်လို့ အကြမ်းဖျင်း ပြောလို့ရတာပေါ့ဗျ။ ဆည်တွေတည်ဆောက်တဲ့အခါကျ အခုနက လိုလားချက်လေးခုလုံးထဲမှာ သုံးခုကို ဖြည့်ဆည်းပေးနိုင်တယ်၊ နှစ်ခုကိုဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ ဆည်မျိုးကိုလည်း တည်ဆောက်တာရှိတယ်။ အဲဒါကျတော့ Multi purpose dam ပေါ့။ ရည်ရွယ်ချက်တခုတည်းအတွက် ဆောက်တာမဟုတ်ဘူးပေါ့နော်။

ဒေါ်ခင်မျိုးသက်။ ။ ဒီလိုဆည်တွေတည်ဆောက်တာဟာ နောက်ပိုင်းမှာ အပြစ်တွေအများကြီးတွေ့လာတယ်လို့ စောစောက ပြောသွားတာလေ။ ဆည်တည်ဆောက်လို့ကြုံရတဲ့ထိခိုက်ရမှုတွေ ပြောပြပေးပါ။

ဒေါက်တာချစ်ကိုကို။ ။ ဘယ်တော့မဆို ဘေးထွက်ဆိုးကျိုးဆိုတဲ့ကိစ္စက လုပ်ပြီးတော့ နှစ်အတော်ကြာမှပဲ ဒါတွေသိလာရတာပေါ့နော်။ လုပ်တဲ့အခါမှာ လေးကဏ္ဍခွဲပြီးတော့ ဖော်ပြထားတာရှိတယ်။ ဆည်ရဲ့အထက်ဘက်မှာဖြစ်တဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။ အောက်ဘက်မှာဖြစ်နိုင်တဲ့ဆိုးကျိုးတွေက ဘာတွေလဲ။ ဒီဆည်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လူမှုဘဝ ထိခိုက်မှုတွေက ဘာတွေလဲ။ အခုဟာက ဆည်တည်ဆောက်စဉ်ကာလမှာ ဖြစ်ပေါ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။ နောက်တခု ထည့်ချင်တာတခုက ဘာလဲဆိုတော့ ဆည်တည်ဆောက်လိုက်လို့ ဖြစ်ပေါ်လာတဲ့ ငလျင်၊ အဲဒါကိုတော့ reservior induced seismicity - (RIS) လို့လည်းခေါ်တယ်။ reservior triggered seismicity (RTS) လို့လည်း ခေါ်တယ်။

ဒေါ်ခင်မျိုးသက်။ ။ ဆည်ရဲ့အထက်ပိုင်းမှာ ကြုံရတဲ့ပြဿနာတွေပေါ့နော်။ အဲဒီပြဿနာတွေက ဘာတွေလဲ ပြောပြပေးပါ။

ဒေါက်တာချစ်ကိုကို။ ။ ပြဿနာတွေက သူက ဆုံးရှုံးမှုတွေပေါ့။ ဆုံးရှုံးမှုတွေထဲမှာ ဘာတွေပါလဲဆိုတော့ ရှေးဟောင်းအမွေအနှစ်တွေနစ်မြုပ်သွားနိုင်တဲ့ကိစ္စ။ နောက်တခုက တွင်းထွက်သယံဇာတခိုအောင်းတဲ့နေရာတွေ၊ သတ္တုသိုက်တွေရှိတဲ့နေရာတွေပေါ်မှာ ဖုံးလွှမ်းသွားတဲ့အခါကျလို့ရှိရင် ကျနော်တို့က ရှာဖို့ခက်ခဲလာတာရယ်၊ ထုတ်လုပ်ဖို့ခက်ခဲလာတာရယ်၊ အဲဒီအပေါ်မှာ ဆည်ရေတွေလွှမ်းနေတဲ့အတွက်ကြောင့်။ ဆည်တည်ဆောက်လိုက်ပြီဆိုရင် ဆည်ရဲ့ catchment area (မိုးရေခံ ရပ်ဝန်း) တွေက ဘာမှ နောက်ထပ်ထိခိုက်လို့မရဘူး။ အထူးသဖြင့် သောက်သုံးရေအတွက်ဆည်တွေဆိုလို့ရှိရင်။ ဒီသောက်သုံးရေအတွက်ဆည်တွေမှာ ကျနော်တို့က ဘာအဆိပ်အတောက်မှ အဖြစ်မခံနိုင်ဘူး။ ဥပမာ အာဆင်းနစ်လိုဟာမျိုး။ မာကျူရီလိုဟာမျိုး-အဲလိုမျိုး။ အဲလိုဟာမျိုးတွေနဲ့ အဆိပ်အတောက်ဖြစ်သွားပြီဆိုလို့ရှိရင် ကျနော်တို့က တော်တော်ကြီးကို ဆုံးရှုံးမှုများနိုင်တယ်။ အဲဒီတော့ အခုနကပြောတဲ့ သတ္တုသိုက်တွေထုတ်မယ်ဆိုရင် ဒါမျိုးတွေကထွက်လာမယ်။ အဲဒီတော့ သတ္တုသိုက်ရှိလာပြီဆိုရင် တူးနိုင်တော့မှာမဟုတ်ဘူး။

...နောက်တချက်ကတော့ ဘူမိဗေဒဆိုင်ရာ အချက်အလက်တွေ ဆုံးရှုံးသွားမယ်။ ဘူမိဗေဒဆိုင်ရာအချက်အလက်တွေကိုက ကျနော်တို့က မြေကြီးပေါ်မှာပေါ်နေတဲ့ကျောက်တုံးတွေ၊ ချောင်းထဲမှာပေါ်နေတဲ့ကျောက်တုံးတွေ။ စသဖြင့် လေ့လာပြီးတော့မှ ကျနော်တို့ကသုံးသပ်တာကိုး။ ဆိုတော့ အဲဒီလို အချက်အလက်တွေကို ကျနော်တို့က အလွယ်တကူမရနိုင်တော့ဘူး။ မြေပေါ်ကွင်းဆင်းပြီးတော့ အလွယ်တကူမရနိုင်တော့ဘူး။

....နောက်တချက်ကတော့ ဘာလဲဆိုတော့ scenic quality လို့ခေါ်တာပေါ့လေ။ သဘာဝအလှအပတွေ။ နဂိုကရှိတဲ့အလှအပတွေ ယုတ်လျော့သွားရင်လည်း ယုတ်လျော့သွားမယ်။ လုံးဝပပျောက်သွားနိုင်တယ်။ ဆိုကြပါစို့ဗျာ။ ဥပမာ မြစ်ဆုံဆည်ကြီး ဆောက်လိုက်တယ်။ ဆောက်လိုက်လို့ရှိရင် မြစ်ဆုံဆိုတဲ့ အနှစ်သာရပျောက်ဆုံးသွားပြီ။ မရှိတော့ဘူး။ မြစ်ဆုံဆိုတဲ့အရသာ လုံးဝရှိတော့မှာမဟုတ်ဘူး။ အဲဒီ မြစ်ဆုံဆိုတဲ့ သဘာဝအလှအပတရားတွေ နောက်လူတွေလည်း ဘယ်တော့မှတွေ့ရတော့မှာ မဟုတ်ဘူး။ ရှေ့လူတွေပြောတဲ့ ပုံပြင်တွေပဲ ဖြစ်သွားမှာပေါ့နော်။

........နောက်တခုက ဆည်အထက်ပိုင်းမှာ ဘာတွေရှိနိုင်သေးလဲဆိုရင် လူနေအိမ်ခြေတွေရှိနိုင်သေးတယ်။ တကယ်လို့ဆည်ရဲ့ပရဝုဏ်ထဲမှာ ကျရောက်နေပြီဆိုရင် ကျနော်တို့က ရွှေ့ပြောင်းပစ်ရမယ်၊ ဖျက်ဆီးပစ်ရမယ်။

ဒေါ်ခင်မျိုးသက်။ ။ ဒီဆည်တည်ဆောက်လို့ မြစ်အထက်ပိုင်းက တခြားဖြစ်လာတဲ့ရိုက်ခတ်မှုတွေ၊ တခြား ဘာရိုက်ခတ်မှုတွေရှိပါသေးလဲ။

ဒေါက်တာချစ်ကိုကို။ ။ ရှိပါသေးတယ်။ စိုက်ပျိုးမြေတွေ။ သူက ရေမြုပ်မှာကို။ နောက်တခါကျတော့ သစ်တောမြေတွေရှိတယ်။ သစ်တောမြေတွေကလည်း ရေဖုံးလွှမ်းသွားမယ်ဆိုရင် အဲဒီသစ်တောမြေတွေမှာနေထိုင်တဲ့ တိရစ္ဆာန်တွေ နေရာထိုင်ခင်းတွေ ပျက်စီးဆုံးရှုံးသွားမှာပေါ့။ အဲဒီလို ဆောက်လိုက်ပြီဆိုရင် မြေအောက်ရေက အလွယ်တကူ မစီးဆင်းနိုင်တော့ဘူး။ နောက် ဝန်သွားပိစေတယ်။ ရေတွင်းတွေ၊ ရေကန်တွေကို ပျက်စီးစေနိုင်တယ်။ ရေဝေရပ်ဝန်းတခုလုံးမှာရှိနေတဲ့ ဂေဟစနစ်တွေ လုံးဝပျက်စီးသွားနိုင်တယ်။ တဝက်တပြက် ပျက်စီးသွားနိုင်တယ်။ အဲဒီပျက်စီးမှုက ဆည်ပရဝုဏ်တင်မကဘူး။ အဲဒီဆည်ရဲ့အထက်ပိုင်းကျတဲ့မြစ်ချောင်းဖျားတွေထိအောင် အဲဒီအကျိုးဆက်က ဖြစ်နိုင်တယ်။

....နောက်တခု အရေးအကြီးဆုံးအချက် ကျန်သေးတယ်။ “ငါးတွေ။” ငါးတွေ ဥချတဲ့နေရာ။ breeding grounds တွေ ပျက်စီးသွားနိုင်တယ်။ အထူးသဖြင့် ဒီဥစ္စာ ကနေဒါ တို့၊အမေရိကားတို့မှာ ဆယ်လ်မွန်ငါးတွေက ဟိုးမြစ်ဖျားထဲအထိတက်ပြီးတော့ ဥတွေချကြတာ။ အဲဒီဥချတဲ့နေရာတွေပျက်သွားတဲ့အတွက်ကြောင့် ငါးဖမ်းလို့ငါးတွေမရတော့ဘူး။ .ပြောရလို့ရှိရင် မြ
န်မာပြည်မှာနော် ကျနော်တို့ အခု ငသလောက်ဆိုလို့ရှိရင် ကျနော်တို့ငယ်ငယ်တုန်းက တတောင်ကျော်လောက်ရှိတဲ့ငသလောက်တွေက အခုဆိုလို့ရှိရင် တထွာကျော်ကျော်လောက်ပဲရှိတော့တယ်။ ဖမ်းမိတဲ့ငသလောက်တွေက။ အဲဒါတွေက ကျနော်တို့ လေ့လာထားတာတွေမရှိဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာ ဗမာပြည်မှာ သုတေသနလုပ်ထားတာတွေ မရှိဘူး။ အဲလောက်ကြီးလည်း ကျနော်တို့ဗမာပြည်မှာ ငသလောက်တွေမရှိတော့ဘူး။ မရှိရတဲ့အကြောင်းရင်းက အခုနကပြောသလို ဥတွေ ဥချတဲ့ နေရာ (spawning ground) ကြောင့်လား၊ ဒါမှမဟုတ်လို့ရှိရင် အလွန့်အကျွံငါးဖမ်းလို့လား။ ဒါမှမဟုတ်လို့ရှိရင် အောက်က သစ်တောတွေပျက်စီးလို့လား။ ဒါတွေက ထည့်စဉ်းစားသင့်တဲ့ဟာတွေပေါ့နော်။

ဒေါက်တာချစ်ကိုကိုရဲ့ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။ နောက်တပတ်မှာ ပြန်ပြီး ဆုံကြအုံးမယ်နော်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}




















XS
SM
MD
LG