သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန် လွှတ်တော်အမတ်တွေနဲ့ ဒေါ်စုတွေ့ဆုံမယ့် အစီအစဉ်ပျက်


(Zawgyi/Unicode)

Netherlands နိုင်ငံ The Hague မြို့မှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ Netherlands အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနဲ့ ဒီကနေ့ တွေ့ဆုံမယ့် အစီအစဉ်ရှိထားပေမဲ့ အစီအစဉ် ပျက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ မမျှော်လင့်တဲ့ အကြောင်းအရင်းတွေရှိတဲ့အတွက် ဖျက်လိုက်တယ်လို့ Netherlands အောက်လွှတ်တော်ကို ကိုးကားကားပြီး Netherlands သတင်းတွေမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးုတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ တရားရုံးမှာ Gambia နိုင်ငံက မြန်မာနိုင်ငံကို တရားစွဲတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တံခါးပိတ်ဆွေးနွေးမှာ ဖြစ်တယ်လို့ Netherlands က လာတဲ့သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

ဒီနေ့မနက်ပိုင်းကတော့ ဥရောပရောက် မြန်မာအသိုင်းအဝိုင်းနဲ့ သူတည်းခိုတဲ့ ဟိုတယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် တေ့ွဆုံခဲ့ပါတယ်။ ကြာသပတေးနေ့ ညနေပိုင်းကလည်း ဥရောပရောက်မြန်မာတချို့နဲ့ ပထမ တကြိမ်တွေ့ဆုံပြီး မြန်မာနိုင်ငံ ဝမ်းနည်းစရာ အခြေအနေနဲ့ ကြုံနေရချိန်မှာ ဝန်းရံပေးတာကို ကျေးဇူးတင်ကြောင်းနဲ့ တယောက်နဲ့ တယောက် မေတ္တာထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရိုဟင်ဂျာသိန်းနဲ့ချီ Bangladesh နိုင်ငံဘက် ထွက်သွားကြရတဲ့ အခြေအနေတွေကြောင့် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးစာချုပ်ကို မြန်မာနိုင်ငံချိုးဖောက်တယ်ဆိုပြီး မြန်မာနိုင်ငံ တရားစွဲခံရတာပါ။

ဒီစာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ နိုင်ငံတွေအနေနဲ့ တရားစွဲတဲ့ Gambia နိုင်ငံဘက်က ထောက်ခံကြဖို့ Netherlands နဲ့ Canada နိုင်ငံတို့က တနင်္လာနေ့ကပဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။ The Hague တရားရုံးမှာ ၃ ရက်ကြာ ၂ ဘက် လျှောက်လဲမှုတွေကတော့ ကြာသပတေးနေ့က အဆုံးသတ်သွားပါပြီ။

နောက်ဆုံးနေ့ အပြန်အလှန်ကြားနာပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က Gambia ဘက်က စွပ်စွဲချက်တွေအပေါ်မှာ ထူးထူးခြားခြား ထပ်ငြင်းဆိုခဲ့တာမရှိခဲ့ပါဘူး။ လက်ရှိ ICJ တရားရုံးမှာ လက်ခံကြားနာမယ်ဆိုတဲ့ စာရင်းကနေ မြန်မာကို ပယ်ဖျက်ပေးဖို့နဲ့၊ Gambia တောင်းဆိုထားတဲ့ ကြားဖြတ်အရေးယူဆောင်ရွက်ချက်ကို ပယ်ဖျက်ပေးဖို့ကိုပဲ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံသလို ဒီအသုံးအနှုန်းကိုလည်း ကြားနာပွဲမှာ မြန်မာဘက်က သုံးနှုန်းသွားခြင်း မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG