သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်းလုံးမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သပိတ်လှုပ်ရှားသူတွေသစ်ပင်စိုက်ပျိုး


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မိုးရာသီကာလ သစ်ပင် ၂,၅၀၀ ဝန်းကျင် စိုက်သွားမယ်လို့ လူထုသပိတ်လှုပ်ရှားသူတွေက ပြောပါတယ်။ အပူချိန်မြင့်မားတဲ့ ရာသီဥတုဒဏ်ကာကွယ်နိုင်ဖို့နဲ့ ရေရှည်သဘာဝ ပတ်ဝန်းကျင်အတွက် သစ်ပင်လုံးဝမရှိတဲ့ ကျေးရွာဆက်လမ်းပိုင်းတွေမှာ စိုက်သွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက သစ်ပင်လုံးဝမရှိတဲ့ ကျေးရွာဆက်လမ်းပိုင်းတွေမှာ မန်ဂျာရှားပျိုးပင် ၂,၅၀၀ ဝန်းကျင်ကို အခုနှစ် မိုးရာသီကာလမှာ စိုက်ပျိုးသွားမယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) လူထုစည်းရုံးရေး တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။ ဒေသတွင်း လူငယ်တွေနဲ့ ပူးပေါင်းပြီး မေလ ၂၃ ရက်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကစပြီး သစ်ပင်စိုက်လှုပ်ရှားမှု စတင်နေတာပါ။

"ဒီတော်လှန်ရေးက ရေရှည်တော်လှန်ရေး ဖြစ်တယ်။ အဲတော့ ဒီကြားကာလမှာပဲ လိုအပ်တဲ့ဟာတွေကို ကျနော်တို့ဆက်ပြီးတော့ လုပ်နေဖို့လိုတယ်ဆိုတဲ့ စိတ်ကူးနဲ့ မိုးရာသီ သစ်ပင်စိုက်တဲ့ လှုပ်ရှားမှုလေး လုပ်ဖြစ်တယ်။ ဒါကလည်းပဲ ကျနော်တို့ ပြည်သူတွေအတွက်၊ တိုင်းပြည်အတွက်၊ ကမ္ဘာကြီးအတွက် လိုအပ်တယ်ဆိုတဲ့ဟာမျိုး နားလည်ထားတယ်ပေါ့ဗျာ။ ကမ္ဘာကြီးက လူတွေကြောင့် နာမကျန်းဖြစ်နေတဲ့ အခြေအနေပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့လည်းပဲ လက်လှမ်းမီတဲ့ နေရာကနေပြီးတော့ ပြန်ပြီးတော့ကုသဖို့ လိုအပ်တယ်ဆိုတဲ့ တာဝန်အသိစိတ်ဓာတ် ကျနော်တို့မှာရှိတယ်။ အဲတော့ သစ်ပင်လုံးဝမရှိနေတဲ့ နေရာတွေပေါ့ဗျာ။ အဓိကဦးစားပေးက ကျေးရွာဆက်လမ်းတွေ။ တရွာနဲ့တရွာ ဆက်ထားတဲ့လမ်းတွေက လယ်ကွင်းတွေကို ဖောက်ပြီးတော့ ဆက်ထားတဲ့လမ်းတွေဆိုရင် သစ်ပင်မရှိဘူး။ အဲဒီနေရာမှာ ကျနော်တို့က သစ်ပင်စိုက်တာဖြစ်တယ်။"

ပြီးခဲ့တဲ့နှစ် မိုးရာသီတုန်းကလည်း မန်ဂျာရှားအပင် ၁,၀၀၀ ဝန်းကျင် စိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အာဏာမသိမ်းခင် ကာလကတည်းက တနင်္သာရီဒေသမှာ သဘာဝပတ်ဝန်းကျင်အတွက် သစ်ပင်စိုက်လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး မန်ဂျာရှားက ကျန်တဲ့ပျိုးပင်တွေထက် ခံနိုင်ရည်ရှိတာကြောင့် ရွေးချယ်စိုက်ပျိုးဖြစ်တယ်လို့ ပြောပါတယ်။

"တချို့တွေကတော့ ကျနော်တို့ကို ထင်ကောင်းထင်မှာပေါ့။ အာဏာရှင်ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့ကာလမှာ ဒီလို လူမှုရေးအလုပ်တွေ သိပ်ရှေ့တန်းမရောက်တဲ့ အနေအထားမျိုး ပြောချင်လည်း ပြောကြမှာပေါ့။ ဒါပေမဲ့ ဒီတော်လှန်ရေးက လူထုတော်လှန်ရေး ဖြစ်တယ်။ အဲတော့ လူထုနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေတဲ့ ရေးရာကိစ္စရပ်တွေက တော်လှန်ရေးနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်တယ်ဆိုတာပဲ ကျနော်တို့က လက်ခံထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်နွေဆိုရင် တော်တော်ပူတယ်ဗျ။ နယ်ဘက်မှာက အဲကွန်းတွေဘာတွေလည်း မရှိဘူးဗျ။ လေပန်ကာကိုပဲ အဓိကထား အသုံးပြုနေရတာ။ အဲဒါတွေကလည်း မီးမလာရင် ဘာမှလုပ်မရတဲ့ အနေအထား။ ဒါ လတ်တလောအခြေအနေကို ပြောပြတာ။ အဲလို အနေအထားမျိုးမှာ သစ်ပင်စိုက်ဖို့က လူတွေအတွက် အပူဒဏ်ရှောင်ရှားနိုင်ဖို့ တော်တော်လေး အရေးကြီးနေတဲ့ အနေအထားမျိုးတွေ့တယ်။"

တနှစ်ထက်တနှစ် အပူချိန်လွန်ကဲလာတဲ့ဒဏ်ကို ခံစားနေရချိန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ကလည်း တော်လှန်ရေးကာလမှာ အရေးပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် ကာလတုန်းက သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့အဖွဲ့တွေဟာ ဒေသတွင်းနေရာစုံမှာ ရှိခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လုံခြုံရေးနဲ့ တခြားအခက်အခဲတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေ နည်းလာပါတယ်။ အပူဒဏ်ကို ကာကွယ်နိုင်ဖို့ သစ်ပင်စိုက်ရေး လှုပ်ရှားနေသူတဦးကလည်း အခုလို တိုက်တွန်းထားပါတယ်။

"အပူလျော့အောင်လို့ အပင်သာများများ စိုက်ကြဆိုပြီး လုပ်နေတာပါပဲ။ အနည်းဆုံးတော့ လူတယောက် သစ်ပင်တပင်ပဲ စိုက်ဦး။ မြန်မာပြည်မှာ သန်း ၅၀ လောက်ရှိရင် အပင် သန်း ၅၀ လောက်စိုက်နိုင်ပြီပေါ့၊ တရက်တည်းနဲ့တင်ကို ဥပမာပေါ့။ လူတယောက်ကို မွေးနေ့ရောက်တိုင်း သစ်ပင်တပင်လောက် စိုက်ဦး၊ အသက် ၂၀ လောက်ဆို အပင် ၂၀ စိုက်ပြီးတော့မယ်ပေါ့။ အများကြီး မစိုက်နိုင်ရင်တောင် တနှစ်ကို တပင်လောက် စိုက်ကြည့်ဦး၊ တော်တော်လေး များမှာပေါ့။ အဲတော့ အပင်စိုက်ဖို့ တိုက်တွန်းပြီးတော့ ကိုယ်တိုင်လည်း စိုက်နေတာပါပဲ။ ပြီးတော့ စိုက်တဲ့အခါမှာလည်း Local Priority ပေါ့။ ကိုယ့်ဒေသတွင်း မျိုးရင်းတွေကို စိုက်တာတော့ ပိုကောင်းတယ်။ အဲဒါကြောင့် ကျနော်စိုက်တဲ့အခါလည်း အဲဒီအပိုင်းကို အဓိကထားပြီး စိုက်နိုင်ဖို့ ကြိုးစားပါတယ်။"

မြန်မာနိုင်ငံတဝန်း အခုနှစ်နွေရာသီမှာ စံချိန်တင်အပူဒဏ် ခံခဲ့ကြရပြီး တချို့ဒေသတွေမှာ အပူဒဏ်ကြောင့် ကလေးငယ်တွေ၊ အသက်ရွယ်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေ သေဆုံးတဲ့အထိ ကြုံတွေ့ခဲ့ရတယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ အဘက်ဘက်မှာ ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံမှာ လူထုဟာ လူလုပ်ဘေးဒဏ်ကို ခံနေကြရသလို သဘာဝဘေးဒဏ်လည်း ရင်ဆိုင်နေရပါတယ်။ ဒီလိုအချိန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆက်ရှိနေဖို့ကလည်း အရေးပါတယ်လို့ တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG