သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကောင့်အချို့ကို facebook ထပ်မံပိတ်ပင်


မြန်မာနိုင်ငံမှာ မူရင်းသတင်းတွေ၊ ဖျော်ဖြေရေးသတင်းတွေကို အများပြည်သူတွေကြား အမြင်မှား၊ အငြင်းပွား စရာဖြစ်အောင် လိုရာစွဲပြန်လည်တင်ပြနေတဲ့ Facebook စာမျက်နှာတွေ၊ Facebook Page တွေနဲ့ Instagram အကောင့်တွေကို Facebook ကုမ္ပဏီရဲ့ ဆိုင်ဘာလုံခြုံရေးဌာနက ပိတ်ပင်လိုက်ပါတယ်။

Facebook အကောင့် ၈၉ ခု၊ Facebook Page ၁၀၇ ခု၊ Facebook Group ၁၅ ခုနဲ့ Instagram အကောင့် ၅ ခုကို အကောင့်အတုတွေလုပ်ပြီး ဖန်တီးလုပ်ကြံမှုနဲ့ ဖယ်ရှားခဲ့တယ်လို့ Facebook ရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သတင်းဌာနတွေကဖော်ပြတဲ့ မှုခင်းသတင်း၊ တိုင်းရင်းသားသတင်း၊ စစ်တပ်သတင်းနဲ့ ဖျော်ဖြေရေး သတင်းတွေကို ပိတ်ခံရတဲ့ အဲဒီအကောင့်တွေ၊ Page မှာ သူတို့လိုရာအတိုင်းစွဲပြီး ဖော်ပြခဲ့ကြတယ်လို့ Facebook ကပြောပါတယ်။

ခုလိုဖော်ပြနေကြသူတွေက သူတို့ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာဖုံးကွယ်ထားကြပေမဲ့ တချို့က စစ်တပ်နဲ့ ဆက်နွယ်နေတယ်ဆိုတာ Facebook ကစုံစမ်းတွေ့ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တချို့ Page တွေမှာ Follower ၁ သိန်းလောက်ရှိသလို၊ Group တခုထက်မနည်းမှာလည်း အဲဒီ Group တွေထဲမှာပါဝင်သူ ၆ သောင်း ၇ ထောင်ရှိတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဟာ Facebook ပေါ်ကအမုန်းစကားတွေကြောင့် ပိုပြီး ဆိုးစေခဲ့တယ်ဆိုတာကို Facebook အကြီးအကဲ Mark Zuckerberg ကိုယ်တိုင်ဝန်ခံပြီး ဒီကိစ္စကို ပိုပြီးထိရောက်အောင် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။ Facebook ကအရင်ပိတ်ခဲ့တဲ့ အကောင့်တွေထဲမှာ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အကောင့်နဲ့၊ အမျိုးသားရေးဝါဒပြင်းထန်သူ ဦးဝီရသူတို့ရဲ့အကောင့်တွေ ပါဝင်ပါတယ်။ Facebook ပေါ်မှာ အမုန်းစကားဖြန့်တာ၊ သတင်းမှားတွေဖြန့်တာကို အမြစ်ပြတ်အောင်ကြိုးစားနေပေမဲ့ စိန်ခေါ်မှုတွေ ရှိတယ်ဆိုတာကိုလည်း သြဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG