သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းပေါ်က လှုံ့ဆော်မှုတွေဟန့်တားရာမှာ Facebook အားနည်းမှုရှိ


မြန်မာနိုင်ငံမှာ အင်တာနက် အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်မှုတွေကို ဟန့်တားရာမှာ Facebook လူမှုကွန်ရက်ဟာ အားနည်းချက်တွေ ရှိခဲ့ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်ကာကွယ်ဖို့ သီးခြားလွတ်လပ်တဲ့ သုတေသန အဖွဲ့တဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် အခြေစိုက် ပရဟိတ အဖွဲ့တခုဖြစ်တဲ့ Business for Social Responsibility (BSR) ရဲ့ မြန်မာနိုင်ငံမှာ Facebook အသုံးပြုမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာရဲ့ တွေ့ရှိချက်အပေါ်မှာတော့ မြန်မာနိုင်ငံက လူမှုရေး လှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပေမဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်မှုတွေနဲ့ ကြုံရမှာကိုလည်း စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဖြစ်အောင် အွန်လိုင်းကနေ သွေးထိုးလှုံ့ဆော်မှုတွေကို ဟန့်တားရာမှာ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့အကြောင်း အမေရိကန် အခြေစိုက် ပရဟိတ အဖွဲ့တခုဖြစ်တဲ့ BSR ရဲ့ အစီရင်ခံစာကိုတော့ Facebook ကလည်း လက်ခံအသိအမှတ်ပြုလိုက်ပါတယ်။ Facebook ပေါ်ကနေ သဘောထား ကွဲပြားမှုတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် လှုံ့ဆော်မှုတွေကို ဟန့်တားရာမှာ အားနည်းချက်ဟာ ဒီနှစ်မတိုင်ခင် အချိန်အထိ တွေခဲ့ရကြောင်းနဲ့ အစီရင်ခံစာရဲ့ တွေ့ရှိချက်ကို လက်ခံကြောင်းနဲ့ ဒီ့ထက်ပိုလုပ်နိုင်တာ၊ ပိုလုပ်သင့်တာတွေလည်းရှိခဲ့ကြောင်း Facebook ရဲ့ မူဝါဒရေးရာဆိုင်ရာ မန်နေဂျာ တဦးဖြစ်တဲ့ Alex Warofka က မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။ လက်ရှိအချိန်အထိလည်း Facebook ရဲ့ ဆောင်ရွက်ချက်တွေဟာ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်းBSR အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သူ တဦးဖြစ်တဲ့ လူငယ်နဲ့ လူမှုသဟဇာတ ဖော်ဆောင်ရေးစင်တာက ကိုသက်ဆွေဝင်း ကပြောပါတယ်။

"အဓိက ပြဿနာက Facebook က မြန်မာ့နိုင်ငံရေးကို နားလည်မနေဘူး။ အဲဒီတော့ မြန်မာနိုင်ငံအတွင်းမှာ သူတို့နဲ့ Partner လုပ်တဲ့ တချို့အဖွဲ့ရှိမယ်လို့ ကျနော်ကြားတယ်။ ဒီထက်ပိုပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ Partner တွဲလုပ်ပြီးတော့ ပိုပြီးတော့ နားလည်တဲ့ နားထောင်တဲ့သူတွေနဲ့ တွဲလုပ်ဖို့လိုမယ်လို့ ကျနော်ထင်တယ်။ ကျနော် ခဏခဏကြုံရတယ် ကျနော် Report တင်တယ် ဒါပေမယ့် ဘာပြန်လာသလဲဆိုတော့ ဒီအကောင့်တွေက Community Standard နဲ့ တခုမှ မငြှိစွန်းတဲ့အတွက်ကြောင့် မဖြုတ်ဘူးဆိုတဲ့စာတွေပြန်လာတယ်။ ဆိုတော့အမြဲတမ်း ကျနော်အကောင့်အတုတွေတွေ့ရင်အလိုလုပ်တယ် ဒါပေမယ့် မအောင်မြင်တာများတယ် အခုအထိ Facebook ကတော့ ထိလွယ်ရှလွယ်ဖြစ်မယ့်အနေအထားမှာရှိတယ်။ လူတွေကတော့ ဒါကိုသုံးနေမှာပဲ ၂၀၂၀ အထိလည်းဝါဒဖြန့်ချီမှုတွေရှိနေဦးမှာပဲ။"

မြန်မာနိုင်ငံမှာ ခန့်မှန်းချေ Facebook သုံးစွဲသူ သန်း ၂၀ လောက် ရှိနေပြီး၊ စိန်ခေါ်မှုတွေ အများအပြားရှိနေတာကိုလည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့် ရွေးကောက်ပွဲလို အရေးကြီးတဲ့ အချိန်မျိုးမှာ သတင်းမှားတွေ ဖြန့်ချီတာမျိုးလို အဖြစ်မျိုးတွေ မကြုံရအောင် ကြိုတင်ကာကွယ် ပြင်ဆင်ထားဖို့လည်း အစီရင်ခံစာ ပြုစုသူတွေက Facebook ကိုတိုက်တွန်းထားပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ Facebook အနေနဲ့ ဒီထက်ပို အားစိုက်ထုတ်ဖို့ လိုအပ်ကြောင်းလည်း FB တာဝန်ခံတွေကို အကြံပြုခဲ့သူ နောက်တဦးဖြစ်တဲ့ ကိုမြတ်သူကပြောပါတယ်။

"သေချာပေါက်ပြင်ဆင်ထားဖို့လိုပါတယ်။ ရွေးကောက်ပွဲတွေမှာ Facebook ကိုအသုံးပြုပြီးတော့ လုပ်သွားတာ မြန်မာပြည်မှာ ကြုံတဲ့သဘောလို့ ကျနော်တို့ကတော့ ယူဆတယ်။ သတင်းစကားအမှားတွေဖြန့်နေတာ ဒါမျိုးတွေက အမြောက်အများဆက်ရှိနေမှာပဲ။ Facebook အနေနဲ့ တားဆီးဖို့လိုသလို လူတွေအနေနဲ့လည်း Facebook မှာတွေ့သမျှအရာတိုင်းကိုပေါ့နော် ယုံမဖို့လိုတယ်။ Facebook ဆိုတာသည် တယောက်နဲ့ တယောက် ကူးလူးဆက်သွယ်ဆောင်ရွက်ဖို့ အဝန်းအဝိုင်း တခုဖြစ်တယ်။ သတင်းတွေကို ထုတ်လုပ်ပေးနေတဲ့ သတင်းစက်ရုံတခုမဟုတ်ဘူး သတင်းစာဌာနမဟုတ်ဘူးဆိုတာသိဖို့လိုတယ်။ Facebook မှာတွေ့သမျှကို သတင်းဌာနတွေမှာမြင်ရတယ်ဆိုတာမျိုး ဆိုတာကို လျော့ဖို့လိုတယ်။ Facebook ကိုယုံလေလေ၊ ဒါကို တလွဲအသုံးပြုပြီးတော့ ကျနော်တို့ကို သတင်းစကားအမှားတွေနဲ့ အဖွဲ့အစည်းတခုခုကို လွမ်းမိုးချုပ်ကိုင်အသုံးချသွားမယ့် အန္တရာယ်ရှိလာနိုင်ပါတယ်။"

Facebook ကတော့ မကြာသေးခင်ကစလို့ မြန်မာနိုင်ငံက သုံးစွဲသူတွေကြား ပိုမိုစိစစ်စောင့်ကြည့်မှုတွေနဲ့ အမုန်းတရား ဖြန့်ချီမှုတွေကို ထိန်းချုပ်ဖို့ မြန်မာဘာသာစကား ကျွမ်းကျင်သူ ၁၀၀ နီးပါးနဲ့ ကြိုးပမ်းနေ့ကြောင်း ပြောဆိုထားတာပါ။ အခုနောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်မှာလည်း ဒီထက်ပို ကြိုးပမ်းသွားမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့လည်း ဒီလိုတိုးမြှင့်လုပ်ဆောင်လာရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို မထိခိုက်အောင် သတိထားဖို့ လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး တဦးလည်းဖြစ် ဂျာနယ်လစ်ကွန်ရက်ရဲ့ တာဝန်ခံလည်းဖြစ်တဲ့ ဦးမြင့်ကျော်က သတိပေးပါတယ်။

"တကယ်တမ်းကျတော့ ပလက်ဖောင်းပိုင်ရှင် Facebook က ဒါမျိုးတွေကို တကယ်တိတိကျကျ စကားလုံးပိတ်တာပဲ မဟုတ်ပဲနဲ့ တကယ်ရည်ရွယ်ချက်နဲ့ သူ့အတိုင်းအတာနဲ့ အဲဒါမျိုးကိုနားလည်သိရှိပြီးတော့ ဖြုတ်ချတာ။ အလိုလုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင်လည်း အခုလို ဟိုတစ ဒီတစနဲ့ လုပ်တာက မလိုအပ်ပဲနဲ့ ခွဲခြားနှိပ်ကွပ်တာတဲ့အန္တရာယ်တွေလည်းရှိနိုင်တယ် နောက်တခုကတော့ အစိုးရလည်း အဲဒါကို အကြောင်းပြပြီးတော့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့် ၂ မျိုးလုံးကို ကန်သတ်တဲ့အနေအထားဖြစ်လာနိုင်တဲ့ အလားလာတွေရှိတယ်ပေါ့နော်။ အန္တရာယ်တွေက အဲဒါမျိုးဖြစ်နိုင်တယ်။"

မြန်မာနိုင်ငံမှာ အမုန်းတရား ဖြန့်ချီမှုတွေမှာ Facebook လူမှုကွန်ရက်က အဓိက တာဝန်ရှိခဲ့ကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြပြီး နောက်မှာပဲ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်ဖက်ဆိုင်ရာ အရာရှိတွေ၊ သဘောထားပြင်းထန်သူ ဘာသာရေးခေါင်းဆောင်တချို့ရဲ့ အကောင့်တွေကိုလည်း ဖယ်ရှားပစ်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG