သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ် VK အကောင့်တိုင်ကြားမှုများလို့ ပိတ်ရကြောင်း VK ရှင်းလင်း


ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ VK လူမှုကွန်ယက်အကောင့်ကို ရုရှားနိုင်ငံ ၊ St. Petersburg အခြေစိုက် VKontakte ခေါ် VK လူမှုကွန်ယက်က ပိတ်လိုက်ပါတယ်။VK လူမှုကွန်ယက်ကို သုံးစွဲနေကြတဲ့သူတွေရဲ့ တိုင်းကြားချက်တွေတော် တော်များများရခဲ့ပြီးတဲ့ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ VK အကောင့်ကို ပိတ်လိုက် တာဖြစ်တယ်လို့ VKရဲ့ လူထုဆက်ဆံရေးအဖွဲ့က ဗွီအိုအေမြန်မာပိုင်းကို အီးမေးကတဆင့်ရှင်းပြခဲ့ပါတယ်။

အရှင်ဝီရသူရဲ့ VK အကောင့်ကိုလည်း ပိတ်ထားတယ်လို့ AFP သတင်းမှာဖေါ်ပြထားပါတယ်။ VK လူမှုကွန်ယက်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုဖေါက်ဖျက်ပြီးရေး သားဖေါ်ပြချက်တွေကို VK စောင့်ကြည့်ရေးအဖွဲ့က ရှင်းပစ်နေပြီး မြန်မာနိုင်ငံက VK လူမှုကွန်ယက်ကိုသုံးစွဲသူတွေရဲ့ ဖေါ်ပြချက်တွေကို စောင့်ကြည့်လေ့လာနိုင်ဖို့ မြန်မာစကားပြောတဲ့ ဝန်ထမ်းတွေကိုလည်း VK က အလုပ်ခန့်ထားတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ VK အကောင့်မှာ သူ့ကို Follow လုပ်ထားတဲ့သူပေါင်း သုံးသောင်း ၇ထောင် လောက်ရှိပါတယ်။ လက်ရှိမှာ သူ့ရဲ့အကောင့်စာမျက်နှာမှာ VK ရဲ့ စည်းမျဉ်းတွေကိုချိုးဖေါက်လို့ ဒီအကောင့်ကိုပိတ်ထားတယ်ဆိုတဲ့ စာကိုပဲမြင်ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရင်တုန်းက Facebook ကို သုံးတဲ့သူပါ။

Facebook မှာ သူ့က အကောင့်၂ခုဖွင့်ထားပြီး တခုမှာ Follow လုပ်သူပေါင်း ၁.၃သန်းရှိပြီး နောက်တခုမှာတော့ ၂.၈သန်းရှိခဲ့တာပါ။ ရိုဟင်ဂျာ မူဆလင်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းဖြိုခွင်းခဲ့မှုတွေကို နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးအရေး ယူဖို့ ကုလသမဂ္ဂ အချက်အလက်ရှာရေးအဖွဲ့က ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်က ရိုဟင်ဂျာ ဒုက္ခသည် ၇သိန်းကျော် Bangladesh နိုင်ငံကိုထွက်ပြေးခိုလှုံရကြတဲ့ဖြစ်ရပ်ရဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပဏာမအစီရင်ခံစာတင်သွင်းပြီး တိုက်တွန်းခဲ့တဲ့နေ့မှာဘဲ Facebook ကုမ္ပဏီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ အကောင့်နဲ့မြန်မာစစ်တပ်နဲ့ပတ် သက်ပြီးဖွင့်ထားတဲ့ Facebook account တွေကိုပိတ်ခဲ့တာဖြစ်ပါတယ်။

Facebook အပိတ်ခံရပြီး နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးက VK ကိုသုံးလာခဲ့တာဖြစ်ပြီး ခုလိုထပ်မံ အပိတ်ခံရတာဖြစ်ပါတယ်။ ခုလို VK အပိတ်ခံရမှုနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘက်က တုံ့ပြန်ချက်ထွက်ပေါ်လာခြင်း မရှိသေးပါဘူး၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG